ဗာ့ဂျ်ပါယီ- ဟိန္ဒူ အမျိုးသား နိုင်ငံရေးကို အသက်သွင်းခဲ့သူ

Atal Behari Vajpayee became the prime minister of India thrice - once briefly in 1996 and 1998, and then in 1999

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် ၁၉၉၆၊ ၁၉၉၈ မှာ ခေတ္တနဲ့ ၁၉၉၉ မှာ သက်တမ်းပြည့် ၊ ၃ ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူ အတဲလ် ဘေဟာရီ ဗာ့ဂျ်ပါယီ
ရေးသားခဲ့သည်။

၁၉၇၅ ခုနှစ် ဇွန်လ ၂၆ ရက်မှာ အိန္ဒိယ တောင်ပိုင်းက ဘန်ဂလောမြို့က အဆောင်တခုကို ရဲတွေ ရောက်လာခဲ့ပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေး သမား အတဲလ် ဘေဟာရီ ဗာ့ဂျ်ပါယီကို ဖမ်းဆီးဖို့ အတွက်ပါ။

အဲဒီနေ့ မတိုင်ခင် ညနေပိုင်းမှာပဲ ဝန်ကြီးချုပ် အင်ဒရာဂန္ဒီက အရေးပေါ် အခြေအနေ ကြေညာခဲ့သလို တိုင်းပြည်ဟာလည်း မကြုံဖူးသေးတဲ့ အကြပ်အတည်းတွေထဲ ကျရောက်သွားခဲ့ပါတယ်။

ရွေးကောက်ပွဲတွေကို ဆိုင်းငံ့ခဲ့သလို လူမှုအခွင့်အရေးတွေကိုလည်း တားမြစ်ခဲ့ပါတယ်။ မီဒီယာတွေကိုလည်း အသံတိတ်စေခဲ့သလို အတိုက်အခံ နိုင်ငံရေး သမားတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်ခဲ့ကြပါတယ်။

ဒီနေ့ အိန္ဒိယကို အုပ်ချုပ်နေတဲ့ ဟိန္ဒူအမျိုးသားရေး Bharatiya Janata Party (BJP) ရဲ့ ရှေ့ဆောင်လမ်းပြ Rashtriya Swayamsevak Sangh (RSS) အဖွဲ့ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

ဗာ့ဂျ်ပါယီဟာ အဲဒီအချိန်က BJP ရဲ့ ဖြစ်လာမယ့် လက်ယာအဖွဲ့ Jan Sangh ရဲ့ ခေါင်းဆောင် ဖြစ်ပြီး RSS အဖွဲ့ဝင် တယောက်လည်း ဖြစ်ပါတယ်။ အဲဒီကနေ ဆယ်စုနှစ် ၂ ခုကြာခဲ့ပြီး နောက်မှာတော့ သူဟာ အိန္ဒိယ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

၁၉၉၆ နဲ့ ၁၉၉၈ ခုနှစ်တွေမှာ ခေတ္တခဏသာ တာဝန်ယူခဲ့ပေမယ့် ၁၉၉၉ ကနေ ၂၀၀၄ ခုနှစ် အတွင်းမှာတော့ ပြည်ထောင်စု ညွန့်ပေါင်းအစိုးရ ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ် တာဝန်ကို သက်တမ်းပြည့်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၇၅ ခုနှစ် နွေရာသီအတွင်း သူအဖမ်းခံရပြီးနောက် ရဲစခန်းထဲမှာ ထိုင်နေရတုန်းမှာ ဗာ့ဂျ်ပါယီက သူ့ ပါတီဝင် တယောက်ကို ဒီမြို့မှာ ဘယ်ထောင်ကအကောင်းဆုံးလဲ လို့ မေးခဲ့ပါတယ်။ အဲဒီတုန်းက သူ့ပုံစံက သိပ်စိတ်မဝင်စားသလို ကြုံလာရမယ့် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံ ရင်ဆိုင်မယ့် ပုံမျိုးဖြစ်နေခဲ့ပါတယ်။

အဲဒီနောက် သူထောင်ထဲမှာ ၁ လ နေခဲ့ရပါတယ်။ အဲဒီအချိန်အတွင်း သူ့ကိုယ်သူ နရသိန်တွင်းက ကဗျာစာဆို လို့ အဓိပ္ပါယ်ရတဲ့ kaidi kavirai လို့ အမည်ပေးပြီး ကဗျာရေးခဲ့သလို ဖဲကစားလိုက် စားဖိုဆောင်ထဲမှာ ကြီးကြပ်လိုက်နဲ့ လုပ်နေခဲ့ပါတယ်။

ဇူလိုင်လထဲမှာတော့ ဗာ့ဂျ်ပါယီကို ဖြစ်ကတတ်ဆန်းလုပ်ထားတဲ့ ဆေးစစ်ချက် တခုအရ ဆေးကုသမှု ခံယူဖို့အတွက်ဆိုပြီး လေယာဉ်နဲ့ ဒေလီမြို့တော်ဆီ ပို့ခဲ့ကြပါတယ်။ အဲဒီမှာ ရဲအစောင့်အရှောက်တွေနဲ့ ပထမ ဆေးရုံမှာ ခွဲစိတ်မှု ခံယူပြီး နာလန်ထနိုင်တဲ့အထိ နေပြီးနောက် အာမခံနဲ့ အိမ်မှာ ဆက်ပြီး နေခဲ့ရပါတယ်။

ဒီဇင်ဘာလလယ်ပိုင်း လောက်မှာတော့ ဗာ့ဂျ်ပါယီတယောက် စိတ်ပျက်လက်ပျက် ဖြစ်လာပုံ ရပါတယ်။ သူ့ ကဗျာထဲမှာ သူ့ဘဝညနေခင်းရဲ့ နေမင်းက ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ စကားလုံးတွေ အဓိပ္ပါယ်မဲ့လာသလို ဂီတသံတွေဟာလည်း ကျိုးပဲ့သံစဉ်တွေ ဖြစ်နေပြီလို့ ရေးခဲ့ပါတယ်။

Vajpayee (second from right) and LK Advani (extreme left) at a RSS meeting in Delhi in 1977

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၇၇ ခုနှစ်က ဒေလီမြို့မှာ ကျင်းပတဲ့ RSS ညီလာခံမှာ တွေ့ရတဲ့ ဗာ့ဂျ်ပါယီ ( ဒုတိယ ညာစွန်) နဲ့ အဲလ်ခေ အက်ဗန်နီ (ဘယ်အစွန်)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အရေးပေါ်အခြေအနေကို ဆန့်ကျင်ဖို့ RSS ရဲ့ အချိန်ပြည့် အဖွဲ့ဝင်တွေရဲ့ လူထု အာခံမှု မနာခံမှုလုပ်ဖို့ နဲ့ လျှို့ဝှက် စာပေ ဖြန့်ဖြူးဖို့ လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကလည်း တစစနဲ့အားနည်း လာခဲ့ပါတယ်။

အင်ဒရာဂန္ဒီရဲ့ ဝန်ကြီးချုပ် အကြံပေးတွေကလည်း အတိုက်အခံ ခေါင်းဆောင်တွေကို အညံ့ခံ အလျှော့ပေးတဲ့ စာတမ်းမှာ လက်မှတ်ထိုးဖို့ ဖိအားတွေ ပေးခဲ့ကြပါတယ်။ အဲဒီလို လုပ်မှ အစိုးရနဲ့ ညှိလို့ရမယ်လို့ ဆိုပါတယ်။ အဘိရှက် ချောင်ဒရီ ရေးသားတဲ့ စိတ်ဝင်စားစရာ သူ့အကြောင်း အထုပ္ပတိ စာအုပ်ထဲမှာ အဲဒီအချိန်က ဗာ့ဂျ်ပါယီဟာ အရေးပေါ် အခြေအနေကို ဆန့်ကျင်တဲ့ လူထု အုံ့ကြွမှုကြီး ဖြစ်မလာတာနဲ့ ပတ်သက်လို့ အတော် ထိတ်လန့်အံ့သြခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီနောက် တနှစ်အတွင်းမှာပဲ ဗာ့ဂျ်ပါယီဟာ Congress ပါတီကို ဆန့်ကျင်တဲ့ အတိုက်အခံ ပါတီကြီး တခု ဖြစ်တည်ရေးမှာ အဓိက ကျတဲ့ အခန်းကဏ္ဍက ပါဝင်လာတာပဲ ဖြစ်ပါတယ်။ သူခေါင်းဆောင်တဲ့ Jan Sangh ပါတီနဲ့ တခြား ဗဟိုနဲ့ လက်ယာ ပါတီ ပေါင်း ၄ ခု အဓိက ပါဝင်တဲ့ Janata Party ပါတီ ဆိုပြီး ဖွဲ့စည်းနိုင်ခဲ့ကြပြီး ၁၉၇၇ ခုနှစ် မတ်လ ရွေးကောက်ပွဲမှာတော့ ဂန္ဒီရဲ့ Congress ပါတီ ခွက်ခွက်လန် ရှုံးအောင် လုပ်ပြနိုင်ခဲ့ကြပါတယ်။ Congress ပါတီအတွက် လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲတွေမှာ ပထမဆုံးအကြိမ် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပါတယ်။

Janata Party ပါတီက မဲဆန္ဒနယ် ၅၄၂ ခု ရှိတဲ့အနက် ၂၉၈ ခုမှာ အနိုင်ရခဲ့ပါတယ်။ အဲဒီအထဲမှာမှ သူ့ရဲ့ Jan Sangh ပါတီက ညွန့်ပေါင်းအဖွဲ့ထဲမှာ အများဆုံးအဖြစ် မဲဆန္ဒနယ် ၉၀ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ချောင်ဒရီက အဲဒီအချိန်က ဗာ့ဂျ်ပါယီဟာ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ဖို့ လုပ်ခဲ့သင့်တယ်လို့ ရေးထားပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က အသက် ၅၂ နှစ်သာ ရှိသေးတဲ့အတွက် ဒီတာဝန်ထမ်းဆောင်ဖို့ ငယ်လွန်းတယ်လို့ ယူဆခဲ့ကြပါတယ်။

အစိုးရအဖွဲ့သစ် ဖွဲ့တဲ့ အခါမှာတော့ Jan Sangh က ၃ ဦးပါဝင်ခဲ့ပါတယ်။ ဗာ့ဂျ်ပါယီကတော့ နိုင်ငံခြားရေး ဝန်ကြီး တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ သူက တိုင်းပြည်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ ဘာမှ အပြောင်းအလဲ ကြီးကြီးမားမား လုပ်မှာ မဟုတ်ဘူး၊ တရုတ်နဲ့ ဆက်ဆံရေး တိုးတက်ဖို့ လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဗာ့ဂျ်ပါယီရဲ့ အရှိန်အဝါကလည်း Janata Party ပါတီရဲ့ မဲဆွယ် စည်းရုံးပွဲကာလတွေမှာ သိသိသာသာ ဖြစ်ခဲ့ပါတယ်။ သြဇာရှိတဲ့ နိုင်ငံရေးသမားဖြစ်သလို အပြောအဟောလည်း ကောင်းတာကြောင့် အတိုက်အခံတွေကို ညီညွတ်စေအောင် စုစည်းခဲ့သူ ၇၂ နှစ် အရွယ် Jayaprakash Narayan ခေါ် JP နောက် လူထုကို အဆွဲဆောင်နိုင်ဆုံး ဖြစ်တယ်လို့ မစ္စတာ ချောင်ဒရီက ရေးသားထားပါတယ်။

မီဒီယာကလည်း ဗာ့ဂျ်ပါယီဟာ Janata ရဲ့ လူထုစွဲမက်တဲ့ ခေါင်းဆောင် တယောက် ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ မဲဆွယ်ပိုစတာ တခုမှာဆို သူ့ကို နိုင်ငံ့ ဂုဏ်ဆောင် အဖြစ်တောင် ဖော်ကျူးခဲ့ပါတယ်။

Vajpayee was widely acknowledged as a skilled orator

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗာ့ဂျ်ပါယီဟာ အင်မတန် အပြောအဟော ကောင်းသူ ဖြစ်တယ်လို့ ဆိုကြ

ဗာ့ဂျ်ပါယီဟာ ဟိန္ဒူ အမျိုးသားရေး ဝါဒမှာ အဓိက နေရာကပါဝင်ခဲ့တယ်လို့ မစ္စတာ ချောင်ဒရီက ပြောပါတယ်။ BJP အာဏာရတဲ့ အထိ တွန်းတင်ပေးခဲ့တဲ့ ဆယ်စုနှစ်နဲ့ ချီတဲ့ နိုင်ငံမြောက်ပိုင်းက အယုဒ္ဓယမြို့မှာ ဟိန္ဒူဘုရားကျောင်း တည်ဆောက်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဗာ့ဂျ်ပါယီရဲ့ လက်တွဲဖော် နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်တဲ့ LK Advani ကိုသာ ခေါင်းဆောင်ခဲ့သူလို့ အသိအမှတ်ပြုနေကြတာနဲ့ တခြားစီလို ဖြစ်နေပါတယ်။ ဒါဟာ သဘောတရား အတွက် သုံးသပ်ရာမှာ ရှေ့မှာဖြစ်ခဲ့တဲ့ အခြေအနေ တွေကို ထည့်သွင်း မစဉ်းစား၊ လုံ့လမစိုက်ဘဲ ကိုယ့်ကိုယ်ကိုပါ လှည့်စားထားတဲ့ သုံးသပ်ချက်တွေကြောင့် ဖြစ်တယ်လို့ မစ္စတာ ချောင်ဒရီက ပြောပါတယ်။

လူတွေက ဘာကို မေ့နေကြသလဲ ဆိုရင် ၁၉၈၄ ခုနှစ် ရွေးကောက်ပွဲမှာ ၂ နေရာသာ ရခဲ့တဲ့ BJP ဟာ ၂၀၁၄ နဲ့ ၂၀၁၉ ရွေးကောက်ပွဲတွေမှာ အများအပြား အသာရပြီး နိုင်ခဲ့တာက ရှေ့ပြေးပါတီဖြစ်တဲ့ ဗာ့ဂျ်ပါယီရဲ့ Jan Sangh က သူတို့ဟာ လက်ယာ ပါတီ ဖြစ်တယ်ဆိုပြီး ရှေ့မှာ လမ်းဖောက်ပေးသွားခဲ့တာကြောင့်လို့ မစ္စတာ ချောင်ဒရီက ပြောပါတယ်။ Jan Sangh ပါတီ အားအကောင်းဆုံးအချိန် ၁၉၆၇ ခုနှစ်ကဆို ပြည်ထောင်စုအဆင့် အမတ်နေရာ ၅၀ လောက် ရှိခဲ့ပြီး ပြည်နယ်အဆင့်အမတ် ၃၀၀ နီးပါးအထိ ရှိခဲ့ကြောင်း ပြောပါတယ်။

ဗာ့ဂျ်ပါယီဟာ အိန္ဒိယ နိုင်ငံရေးရဲ့ ကာလ ၂ ခုဖြစ်တဲ့ Congress ပါတီ ခေတ်နဲ့ လက်ယာခေတ် တွေအကြားက ပေါင်းကူး တံတားပဲ ဖြစ်တယ်၊ ဗာ့ဂျ်ပါယီသာ မရှိရင် နရင်ဒြာ မိုဒီဆိုတာလည်း ပေါ်လာမှာ မဟုတ်ဘူးလို့ မစ္စတာ ချောင်ဒရီက ဆိုပါတယ်။

၁၉၈၀ ပြည့်နှစ်တွေ အတွင်း Janata ပါတီ ပြိုလဲခဲ့ပြီးနောက်မှာ ဗာ့ဂျ်ပါယီက Jan Sangh ပါတီကိုလည်း နာမည်သစ်နဲ့ နိုင်ငံရေး ပါတီကြီးအဖြစ် အသွင်ပြောင်းဖို့ အဆိုပြုခဲ့ရာ BJP ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

တော်တော်များများကတော့ ဗာ့ဂျ်ပါယီဟာ အစွန်းမရောက်တဲ့ သူ၊ သိမ်းငှက်လို လူတွေ ပါတီရဲ့ မျက်နှာဖုံးအဖြစ် ရှုမြင်ကြပါတယ်။ ဗာ့ဂျ်ပါယီဟာလည်း သဘောထားတင်းမာသူ တယောက်ဖြစ်လို့ မရခဲ့ဘူး၊ အကြောင်းက အမြင်မတူတဲ့ နိုင်ငံရေး လက်တွဲဖော်တွေနဲ့ ညွန့်ပေါင်းဖွဲ့ လုပ်ကိုင်ခဲ့ရတယ်၊ နိုင်ငံရေးမှာ အပေးအယူလုပ်တတ်ဖို့ အရေးကြီးတယ်ဆိုတာကို သိမြင်တဲ့အတွက်အကြောင့် ဖြစ်တယ်လို့ မစ္စတာ ချောင်ဒရီက ပြောပါတယ်။ ဒါပေမဲ့ အမတ်ဘဝ မရောက်ခင် အစောပိုင်း ကာလတွေက ဗာ့ဂျ်ပါယီကတော့ သဘောထားတင်းမာတဲ့ သူဖြစ်တယ်လို့ ဆိုပါတယ်။

Vajpayee at a function in Gujarat in 1994. Behind him, sitting, is Narendra Modi, now the Indian PM

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၉၄ ခုနှစ်က ဂူဂျာရတ်ပြည်နယ်ထဲက အခမ်းအနားတခုမှာ ဗာ့ဂျ်ပါရီကို တွေ့ရစဉ်၊ နောက်တန်းတွင် ထိုင်နေသူမှာ လက်ရှိ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာ မိုဒီ

ဗာ့ဂျ်ပါယီကို Gwalior မှာ ကျောင်းဆရာ ဖခင်နဲ့ အိမ်ထောင်ရှင်မ မိခင်တို့က မွေးဖွားခဲ့ပါတယ်။ အဲဒီအချိန်က အိန္ဒိယမှာ ဟိန္ဒူ အဖွဲ့ကြီးတွေ ဖြစ်ကြတဲ့ Hindu Mahasabha နဲ့ Arya Samajတို့အကြား ဟိန္ဒူ ညီညွတ်ရေး အတွက် ပေါင်းစည်းနေကြချိန် ဖြစ်ပါတယ်။ သူအစောပိုင်းက ရေးခဲ့တဲ့ ကဗျာတွေထဲမှာ မကျေနပ်မှု၊ ခံပြင်းမှုတွေကြောင့် ထက်မြက်သူ တယောက်ဖြစ်လာစေခဲ့သလို ကျဉ်းမြောင်းပြီး ဝေခခွဲမရဖြစ်နေတာ၊ အိန္ဒိယ သမိုင်းနဲ့ ပထဝီ အနေအထား၊ ပြန်လည်နိုးထရေးတွေသာမက ကမ္ဘာကြီးပေါ်က သူ့ဖြစ်တည်မှုနဲ့ ပတ်သက်လို့ ခံစားချက်တွေကို တွေ့ရကြောင်း မစ္စတာ ချောင်ဒရီက ပြောပါတယ်။

သူ ကောလိပ်ကျောင်းမှာ ပညာသင်ကြားနေစဉ်ကာလအတွင်း ၁၉၂၅ မှာ ဖွဲ့စည်းခဲ့တဲ့ RSS အဖွဲ့ထဲ ဝင်ခဲ့ပါတယ်။ သူက အပတ်စဉ် ဟောပြောမှုတွေ လုပ်ခဲ့သလို သတင်းထောက်တယောက်ဖြစ်ဖို့လည်း ရည်မှန်းခဲ့ပါတယ်။ အိန္ဒိယထဲက အစ္စလာမ်ဘာသာ သမိုင်းနဲ့ ပတ်သက်လို့လည်း ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ စာတွေ ရေးခဲ့ပါတယ်။

RSS ရဲ့ အပတ်စဉ်ထုတ် မဂ္ဂဇင်း Panchjanya အပါအဝင် လက်ယာစာပေ ၄ ခုကို တည်းဖြတ်ပေးခဲ့ပါတယ်။ အဲဒီ Panchjanya မှာလည်း နွား ကာကွယ်စောင့်ရှောက်ရေး၊ ဟိန္ဒူ ကိုယ်ရေး ဥပဒေ၊ ကမ္ဘာကြီးနဲ့ အိန္ဒိယ ဆက်ဆံရေးနဲ့ ဟိန္ဒူဝါဒ အကြောင်းတွေ ကိုရေးသားခဲ့ပါတယ်။ ဗာ့ဂျ်ပါယီဟာ လိင်ကိစ္စတွေနဲ့ ပတ်သက်လို့လည်း အိန္ဒြေကြီးသူ တယောက် ဖြစ်တာကို တွေ့ရပါတယ်။ ကျော်ကြားတဲ့ ဘောလီးဝုဒ် ရုပ်ရှင် Barsaat ထဲက ရုပ်ရှင်သီချင်းတွေဟာ အရှက်အကြောက်ကင်းမဲ့လွန်းတယ် ဆိုပြီး ကလေးတွေကို ရုပ်ရှင်မကြည့်စေအောင် တားမြစ်ပေးဖို့ အစိုးရကို ပန်ကြားခဲ့သူ ဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အကြာမှာတော့ ဗာ့ဂျ်ပါယီဟာ လက်တွေ့ အကျိုးမျှော်ဝါဒီ တယောက်အဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်။ သူက Janata Party အတွက် မဲဆွယ်မှုတွေမှာ ကူညီပေးခဲ့သလို ဒေသတွင်း မီဒီယာတွေမှာတော့ သူ့ကို ချင့်ချင့်ချိန်ချိန်ရှိတဲ့၊ ဆက်ဆံရေး ကောင်းသူ၊ ပြဿနာတွေကို ကိုင်တွယ်နိုင်ပြီး မတူညီတဲ့ အမြင်တွေကို ချိန်ညှိပေးနိုင်သူ တယောက်အဖြစ် ချီးကျူးကြပါတယ်။

သေချာတာ တခုကတော့ နိုင်ငံရေး လောကမှာ နှစ်ပေါင်း ၆၀ လောက် ကျင်လည်ခဲ့သူ ပြီးခဲ့တဲ့ ၂၀၁၈ က အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်သွားသူ ဗာ့ဂျ်ပါယီဟာ အိန္ဒိယ နိုင်ငံရေး လောကမှာ နားလည်ရခက်ခဲတဲ့ ပဟေဠိအဆန်ဆုံး နိုင်ငံရေးသမား တဦးဖြစ်ပါတယ်လို့ မစ္စတာ ချောင်ဒရီက ပြောပါတယ်။