စစ်ရိပ်စစ်ငွေ့ကြောင့် ခါဆန်မြို့ကနေလူသောင်းနဲ့ချီထွက်ခွာ

ရုရှားရုပ်မြင်သံကြားမှာ မြို့ကိုစွန့်ခွာမဲ့သူတွေကို ဖော်ပြနေ

ဓာတ်ပုံ ရင်းမြစ်, Rossio24

ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံတောင်ပိုင်း ခါဆန်မြို့အခြေအနေဟာ ခက်ခဲတဲ့အခြေအနေကြုံတွေ့နေရတဲ့အတွက် မြို့သူမြို့သားတွေ ထွက်ခွာ ရွှေ့ပြောင်းကြဖို့ ယူကရိန်းနိုင်ငံတွင်းရှိ ရုရှားတပ်ဖွဲ့တွေရဲ့ တပ်မှူးဗိုလ်ချုပ်ကြီးဆာဂေးဆူရိုဗီကင်က ပြောဆိုလိုက်ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ဟီမားရော့ကက်ဒုံးကျည်တွေ အသုံးပြုပြီး အိုးအိမ်နဲ့ အခြေခံအဆောက်အအုံတွေကို ပစ်ခတ်နေတဲ့အတွက် မြို့သားတွေ မြို့စွန့်ခွာရွှေ့ပြောင်းကြဖို့ သူကဆော်သြတိုက်တွန်းပါတယ်။ သူဟာ ရုရှားအစိုးရရုပ်မြင်သံကြားကနေ ထုတ်ဖော်ပြောကြားလိုက်တာပါ။

 “ရုရှားတပ်ဖွဲ့တွေဟာ အများပြည်သူလုံခြုံဘေးကင်းစွာ ပြောင်းရွှေ့နိုင်ရေးကို ဦးစားပေးပါတယ်” လို့လည်း သူကဆိုပါတယ်။

 ဒါဟာအခက်အခဲကြီးကြီးမားမားရင်ဆိုင်ကြုံတွေ့နေရကြောင်းကို ရှားရှားပါးပါး ဝန်ခံလိုက်တာဖြစ်ပြီး တခြားဒေသအာဏာပိုင်တွေကလည်း သူ့အမြင်ကို ထပ်လောင်းအတည်ပြုကြပါတယ်။

 မကြာခင်မှာ အဲဒီနေရာကို ယူကရိန်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်နွှဲလာတော့မှာ ဖြစ်လို့ အမြန်ဆုံးရွှေ့ပြောင်းကြပါလို့ ရုရှားခန့်ထားတဲ့ ခါဆန်အရာရှိတဦးဖြစ်သူ ကီရဲလ်စထရမ်မိုဆော့ဗ် ကဆိုပါတယ်။ နီးပါးမြစ်အနောက်ဘက်ကမ်းမှာ နေထိုင်သူတွေ အတွက် ပိုပြီး အန္တရာယ်ရှိတယ်လို့လည်း သူကပြောဆိုပါတယ်။

ရုရှားခန့်ထားတဲ့ ယာယီအုပ်ချုပ်ရေးမှူး ဗလာဒီမီယာဆာလ်ဒိုကလည်း ထပ်လောင်းအတည်ပြုပါတယ်။ နီးပါးမြစ်အနောက်ဘက်ကမ်းပေါ်ရှိ မြို့ ၄ မြို့က ပြည်သူတွေကို သူ့အခေါ် “စနစ်တကျ” ရွှေ့ပြောင်းပေးမယ်လို့ ဆိုပါတယ်။

 ခါဆန်မြို့ဟာ ဖေဖော်ဝါရီကျူးကျော်မှုနောက်ပိုင်း ရုရှားလက်အောက် ကျရောက်ခဲ့တဲ့အထဲမှာ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ယူကရိန်းဟာ အဲဒီအနီးအနားနေရာတွေကို ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ သိမ်းပိုက်ခဲ့ပြီး နီးပါးမြစ်တောင်ဘက်ခြမ်းက ရုရှားတပ်ဖွဲ့တွေကို ခြိမ်းခြောက် နိုင်ခဲ့ပါတယ်။

 ဗိုလ်ချုပ်ကြီးဆာဂေးဆူရိုဗီကင်ကတော့ အခြေအနေ တခုလုံးဟာ တင်းမာနေတယ်လို့ ဆိုပါတယ်။

 ခါဆန်ဟာ ရုရှားတို့သိမ်းပိုက်ထားနိုင်တဲ့ တခုတည်းသောပြည်နယ်မြို့တော် လည်းဖြစ်ပါတယ်။ ရုရှားဦးစီးတဲ့ လူထုဆန္ဒခံယူပွဲပြုလုပ်ပြီး ခါဆန်နဲ့ တခြား နယ်မြေ ၃ ခုကို ရုရှားရဲ့တစိတ်တဒေသအဖြစ်မကြာခင်က ကြေညာထားတာလည်း ဖြစ်ပါတယ်။

သီတင်းပတ်အနည်းငယ်အတွင်းမှာ စတုရန်းကီလိုမီတာ ၄၀၀ ကျော်ဒေသတွေကို ပြန်သိမ်းပိုက်နိုင်တယ်လို့ ယူကရိန်းကဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခြေခံအဆောက်အုံပစ်မှတ်များ

 ယူကရိန်းတပ်ဖွဲ့ဟာ ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ထားတဲ့ ကာခေါ့ဗ်ကာဆည်ကိုချိုးချပြီး နယ်မြေတခုလုံးကို ရေလွှမ်းမိုးအောင် လုပ်ပြီးနောက် ကြီးမားတဲ့ စစ်ဆင်ရေးကြီးပြုလုပ်လိမ့်မယ်လို့ ဗိုလ်ချုပ်ကြီးဆာဂေးဆူရိုဗီကင်က စွပ်စွဲပြောဆိုပြီး မြို့နေပြည်သူလူထုတွေကို ရေဖုံးလွှမ်းမှု အန္တရာယ်က လွတ်ကင်းအောင် ရွှေ့ပြောင်းခိုင်းနေတာ ဖြစ်ပါတယ်။

 “ကာခေါ့ဗ်စကားယားဓာတ်အားပေးဆည်မြောင်းကို ချိုးဖောက်ဖို့ စီစဉ်နေတဲ့ အတွက် ချက်ချင်းအန္တရာယ်ကျရောက်နိုင်ပါတယ်။ နီပါးမြစ်အထက်ပိုင်းကနေ ရေဖောက်လွှတ်ဖို့ သူတို့ကစီစဉ်နေတာဖြစ်တဲ့ အတွက် နယ်မြေတခုလုံးရေဖုံးလွှမ်းသွားနိုင်ပါတယ်” လို့ သူကဆိုပါတယ်။

 အရှေ့ဘက်မှာ ကူပြန့်နဲ့လိုင်မင်အထိ တောင်ဘက်မှာ မီကိုလိုင် ကရီဗီရီယားအထိ ကျယ်ကျယ်ပြန့်ပြန့်ထိုးစစ်ဆင်လိမ့်မယ်လို့လည်း သူကကြေညာထားပါတယ်။

 မြို့အုပ်ချုပ်ရေးမှူး မစ္စတာဆာလ်ဒိုကတော့ ရွှေ့ပြောင်းမှုဟာ ၆ ရက်ကြာပြီး လူပေါင်း ၅ သောင်း ၊ ၆ သောင်းလောက်အထိ များပြားလိမ့်မယ်လို့ ဆိုပါတယ်။

 အကယ်၍ရုရှားတပ်ဖွဲ့တွေဟာ လူတွေကို အတင်းအကျပ်ဖိအားသုံးရွှေ့ပြောင်းခိုင်းတယ်ဆိုရင်တော့ အဲဒါဟာ ကုလသမဂ္ဂရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ စစ်ရာဇဝတ်မှုမြောက်နိုင်ပါတယ်။

 ပြီးခဲ့တဲ့ မတ်လတုန်းက ရုရှားတပ်ဖွဲ့တွေဟာ မာရီယူပူးလ်က မြို့သားတွေကို ထောင်သောင်းချီပြီး တရားမဝင်ရွှေ့ပြောင်းခိုင်းခဲ့တယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။

 ရုရှားကတော့ အခုမြို့ကိုစွန့်ခွာသူတွေဟာ ရုရှားနိုင်ငံထဲက တခြားနေရာတွေမှာ ရွှေ့ပြောင်းလာချင်ရင် အိုးအိမ်စီစဉ်ပေးမယ်လို့ ဆိုပါတယ်။ ရုရှားဒူးမားလွှတ်တော်မှာ ခါဆန်ဒေသခံပြည်သူတွေ ရွှေ့ပြောင်းရေးနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ဆွေးနွေးခဲ့ပါတယ်။

အဲသလိုဆွေးနွေးရာမှာ ရွှေ့ပြောင်းခိုလှုံချင်သူတွေကို ရုရှားနိုင်ငံတွင်း ကြိုက်နှစ်သက်ရာနေရာမှာ အိမ်အသစ်စီစဉ်ပေးမှာ ဖြစ်ပြီး အစိုးရက ဘဏ္ဍာငွေ အထောက်အပံ့လည်း ပေးမယ်လို့ လက်ထောက်ဝန်ကြီးချုပ် မရတ်ခူဆနူလင်က ဆိုပါတယ်။

ရုရှားဗရီမီယာ ရုပ်မြင်သံကြားကြေညာချက်အရ ရွှေ့ပြောင်းလာတဲ့ မိသားစုတိုင်းဟာ အမေရိကန်ဒေါ်လာ ၁၆၀၀ နဲ့ညီမျှတဲ့ ရူဘယ် ၁ သိန်းထောက်ပံ့ကြေးရမယ်လို့ ဆိုပါတယ်။ စစ်ပွဲမတိုင်ခင်က ခါဆန်မြို့လူဦးရေဟာ ၃ သိန်းရှိပါတယ်။ ဒါပေမဲ့ တဝက်လောက်ဟာ မြို့ကထွက်ပြေးသွားခဲ့ကြပြီးပြီလို့ ယူကရိန်းအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

ခါဆန်မြို့ဟာ လူနေထူထပ်စည်ကားတဲ့ဆိပ်ကမ်းမြို့ကြီးတမြို့ဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP

နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ အခုအခါ လူပေါင်းသောင်းနဲ့ချီပြီး မြို့ကိုစွန့်ခွာရွှေ့ပြောင်းသွားကြပြီဖြစ်ပါတယ်။

 တချိန်တည်းမှာပဲ ခါဆန်အပါအဝင် ရုရှားနဲ့နောက်ဆုံးပူးပေါင်းလိုက်တဲ့ ဒေသ ၄ ခုမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြောင်း သမ္မတပူတင်က လက်မှတ်ရေးထိုးလိုက်ပါတယ်။ အဲသလို ထုတ်ပြန်လိုက်ခြင်းအားဖြင့် ဒေသခေါင်းဆောင်တွေဟာ လူမှုတည်ငြိမ်မှုနဲ့ ကာကွယ်ရေးအတွက် ပိုမိုပြီး အာဏာကျင့်သုံးနိုင်လိမ့်မယ်လို့ ရုရှားလုံခြုံရေးကောင်စီကို သမ္မတပူတင်က ပြောကြားခဲ့ပါတယ်။

 ရုရှားရုပ်မြင်သံကြားတွေမှာတော့ နီးပါးမြစ်အနောက်ဘက်ကမ်းမှာ မြို့ကိုစွန့်ခွာဖို့ လှေ၊ သင်္ဘောတွေကို တန်းစီစောင့်ဆိုင်းနေကြတဲ့ လူအုပ်ကို ပြသနေပါတယ်။ အရေအတွက်ဘယ်လောက်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။