အနိုင်ရ ထိုင်းအတိုက်အခံပါတီတွေ မဟာမိတ်ဖွဲ့မယ်လို့ပြော-မေလ ၁၅ရက်ညနေခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံက ပါလီမန်ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရခဲ့တဲ့ အတိုက်အခံပါတီတွေက အစိုးရသစ်ဖွဲ့ဖို့ သူတို့မဟာမိတ်ဖွဲ့မယ်လို့ ပြောပါတယ်။
နိုင်ငံတလွား မဲပေးသူ ၁၀သန်းကျော်ရဲ့ မဲတွေ အရ Move Party Forward နဲ့ Pheu Thai ပါတီ နှစ်ခုပေါင်း အမတ်နေရာ တစ်ရာကျော် ရထားတာမို့ အတိုက်အခံတွေပေါင်းပြီး နိုင်ငံရေး မဟာမိတ် ဖွဲ့နိုင်တော့မှာပါ ဒါကြောင့် နိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ ထင်ရှားလာပြီလို့ အတိုက်အခံ ပါတီ မုဗ်ဖော်ဝါ့ဒ် ခေါင်းဆောင် ပီတာက ပြောသွားတာပါ။
ဒါပေမဲ့ နောက်တက်မယ့် ဝန်ကြီးချုပ် ဖြစ်လာဖို့ရှိတဲ့ Pita Limjaroenrat ကို အောက်လွှတ်တော်မှာ လွှမ်းမိုးထားတဲ့ ထိုင်းစစ်တပ်က ဆန့်ကျင်ဖွယ် ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်နဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ကို မစ္စတာ လင်မ်ဂျာရန်ရာက အဆိုပြုထားပြီး ဖြစ်ပါတယ်။
အခုရွေးကောက်ပွဲ ရလဒ်ကို ဖျက်လိုဖျက်ဆီး လုပ်တဲ့သူမှန်သမျှ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့ သူက သတိပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ၂ဝ၁၄ တုန်းက အရပ်သား အစိုးရကို ဖယ်ရှားကာ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်ရွေးကောက်ပွဲမကျင်းပခင် ကမ္ဘောဒီးယားမှာ အတိုက်အခံတွေကို နှိပ်ကွပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘောဒီယားမှာတော့ လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အများယုံကြည်လေးစားမှုရထားတဲ့ အတိုက်အခံပါတီကို ရွေးကောက်ပွဲ ကော်မရှင်က ဝင်ပြိုင်ခွင့် တားမြစ်လိုက်ပါတယ်။
Candlelight Party ပါတီဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ကမ္ဘောဒီးယားကို အုပ်ချုပ်လာတာ နှစ်၄ဝ နီးပါး ရှိလာပြီ ဖြစ်တဲ့ လက်ရှိ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ လာမယ့် ဇူလိုင် ရွေးကောက်ပွဲမှာ ထပ်မံ အနိုင်ရဖွယ် ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အဓိက အတိုက်အခံခေါင်းဆောင် ခမ်းဆွန်ခါ့ကို နိုင်ငံရေးမလုပ်ရဘူးလို့ တားမြစ်ခဲ့ပြီး နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင် ၂၇နှစ် ချမှတ်ခဲ့တာပါ။
အနောက်နိုင်ငံ အစိုးရတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ကမ္ဘောဒီးယားမှာ အခုလို အတိုက်အခံတွေကို ဖိနှိပ်နေတာဟာ ဒီမိုကရေစီထွန်းကားမှုကို နောက်တွန့်သွားစေတယ်လို့ ပြောနေကြပါတယ်။
ယူကေက ယူကရိန်းကို တာ၀ေးပစ်ဒရုန်းတွေ ပို့ပေးမယ်လို့ ကတိပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းကို ရာနဲ့ချီတဲ့ တာဝေးပစ် ဒရုန်းတွေ ပေးပို့မယ်လို့ ယူကေက အတည်ပြု ပြောကြားခဲ့ပြီးနောက်မှာ ယူကရိန်း သမ္မတက ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်ခ်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။
ယူကေမှာ ရောက်နေတဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးကို မစ္စတာ ဆူးနက်ခ်က သူ့ရဲ့ ကျေးလက်က နေအိမ်ကို ဖိတ်ကြား ဧည့်ခံခဲ့ပါတယ်။
သူ ၀န်ကြီးချုပ်ရာထူးရခဲ့တဲ့ အောက်တိုဘာ နောက်ပိုင်း မစ္စတာဇလန်းစကီးဟာ သူ့အိမ်ကို ဖိတ်ကြားခံရတဲ့ ပထမဆုံး နိုင်ငံခြား ခေါင်းဆောင် ဖြစ်ပါတယ်။
ဗြိတိန်က ယူကရိန်းကို တာဝေးပစ် ခရုစ်ဒုံးကျည်တွေပေးပို့မယ်လို့ ကြေညာပြီး ရက်ပိုင်းအကြာမှာ တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ ထောက်ပံ့ပေးမယ်လို့ ကတိပေးလိုက်တာ ဖြစ်ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်လို့ ရုရှား အစိုးရက ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ်။
ယူကေရဲ့ လုပ်ဆောင်ချက်တွေက ရုရှားတို့ တိုက်ခိုက်တာ ခံနေရတဲ့ ယူကရိန်းကို နောက်ထပ် ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ဖို့ ဦးတည်သွားစေတယ်လို့ ရုရှားအစိုးရ ပြောခွင့်ရ ဒီမစ်ထရီပက်စကော့က ဆိုပါတယ်။
ရိုဟင်ဂျာအရေး တာ၀န်ဆက်မယူတော့ဘူးလို့ ရှိတ်ခ်ဟာစီနာပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘင်္ဂလားဒေ့ရှ် အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိစ္စ ဆက်ပြီး ကိုင်တွယ်ဖြေရှင်းသွားမှာ မဟုတ်တော့ဘူးလို့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက ပြောကြားလိုက်ပါတယ်။
၂ဝ၁၇ ကတည်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအစီအစဉ်ကြောင့် ရိုဟင်ဂျာ တသန်းနီးပါး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံခဲ့ကြတာပါ။
ဒီဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ကူညီဖို့ တာဝန်ရှိတယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက ပြောပါတယ်။
သူနိုင်ငံတွင်းမှာတင် ရှိသင့်တဲ့ လူဦးရေထက် များပြားနေပြီး လူသားချင်း စာနာမှု အကူအညီပေးဖို့ ကိစ္စတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကုလ အပါအဝင် လူမှုကူညီရေး အရပ်ဘက် အဖွဲ့တွေနဲ့ ရိုဟင်ဂျာတွေ ကိုယ်တိုင်ကိုက အခုလို အချိန်မှာ မြန်မာပြည်ပြန်ဖို့ လုံခြုံစိတ်ချရမှု မရှိသေးဘူးလို့ ပြောပါတယ်။








