ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီ ၁၂ ရက်ထိပ်တန်းသတင်းများ- ဘန်ကောက်စီးနင်းမှုနဲ့ စစ်ခေါင်းဆောင်မိသားစု ပိုင်ဆိုင်မှု အထောက်အထား
ထိုင်းနိုင်ငံထဲမှာ ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါး လုပ်ငန်း စီးနင်းဖမ်းဆီးမှုတစ်ခုမှာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းရမိခဲ့တယ် ဆိုပြီး Justice for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလယ် တုန်းက ဘန်ကောက်မြို့မှာ ထွန်းမင်းလတ် ဆိုသူကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ချီမှုနဲ့ စီးနင်းဖမ်းဆီးရာမှာ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားနဲ့သမီး တို့ရဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေကို ထိုင်းရဲက တပါတည်း တွေ့ရှိခဲ့တာ ဖြစ်တယ် ဆိုပြီး Justice for Myanmar အဖွဲ့က ထုတ်ဖော်လာတာ ဖြစ်ပါတယ်။
ထိုင်းရဲက ဖမ်းဆီးခဲ့တဲ့ ထွန်းမင်းလတ်ဟာ မြန်မာ စစ်တပ် အတွက် လက်နက်ပွဲစား လုပ်ပေးနေသူ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။
အဲဒီသူကို စီးနင်းဖမ်းဆီးတဲ့ အခါ ထိုင်းရဲတပ်ဖွဲ့ တွေ့ရှိခဲ့တာတွေထဲ ထိုင်းနိုင်ငံက တန်ဖိုးကြီး ကွန်ဒိုခန်းတစ်ခန်းကို စစ်ခေါင်းဆောင်ရဲ့ သားဖြစ်သူ ပိုင်ဆိုင်ကြောင်း အထောက်အထားနဲ့၊ သမီးဖြစ်သူရဲ့ ဘဏ်စာအုပ်တို့ ပါဝင်တယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။
မြ၀တီ မဲဆောက် ချစ်ကြည်ရေး တံတား အမှတ် ၁ပြန်ဖွင့်ပြီ
ဖြတ်သန်းသွားလာသူအနည်းအကျဥ်းသာရှိသေး
၃ နှစ် နီးပါး ကူးသန်းသွားလာခွင့်ပိတ်ထားခဲ့တဲ့ ထိုင်းမြန်မာ နယ်စပ် မြ၀တီ မဲဆောက် ချစ်ကြည်ရေး တံတား အမှတ် ၁ ကို ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက် မနက် ၈နာရီခွဲခန့်မှာ မဲဆောက်နဲ့ မြဝတီ အာဏာပိုင်တွေနဲ့အတူ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်း ရှင် အချို့ တက်ရောက်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။
တံတားပြန်ဖွင့်လိုက်ပေမဲ့ ဒီနေ့မှာ မြဝတီဘက်ကနေ မဲဆောက်ကိုကူးသန်းသွားလာသူအနည်းငယ်သာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဒီကနေ့ မနက်မှ စဖွင့်တာဆိုတော့ ခွင့်ပြုချက် တွေ ၊ စည်းကမ်းချက်တွေက ဘာမှ မသိရသေးဘူး။ မြ၀တီ တံတားဘေး ရပ်ကွက်လမ်းတွေလည်းပိတ် ၊ ရပ်ကွက်တွေမှာလည်း စစ်ကား ရဲကားတွေ ပတ် ပြီး တံတား ဖွင့်မယ့် လမ်းမကြီး ကို KBZ ဘဏ် ရှေ့အထိ ပိတ်တားထားတယ်၊ တံတားဘက် ဘယ်သူမှ မသွား ကြဘူ” လို့ တံတား အမှတ် ၁အနီး စျေးဆိုင်ဖွင့်သူက ပြောပါတယ်။
မြဝတီ မဲဆောက် တံတား အမှတ် ၁ မှာ ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာလ ၂၀၂၀ ခုနှစ်ကစလို့ ဖြတ်သန်းခွင့် ပိတ်ထားရာကနေ ၃ နှစ်နီးပါးအကြာ ၂၀၂၃ ဇန်နဝါရီ လ အတွင်း ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
“တံတား က ဖွင့်တာ သွားလို့ရဖို့ မြ၀တီမှာ နေထိုင်တဲ့ သန်းခေါင်းစာရင်း ရှိသူကို ၁ နှစ်စာ သွားလာခွင့် မြ၀တီ လ၀က ရုံးမှာ လုပ်ထားရတယ်၊ တံတားမှာတော့ မှတ်ပုံတင် ပြရင် တစ်ရက်တာ သွားလာခွင့် ယာယီပတ်စ်ပို့ လုပ်ရမယ် ကြားတယ်၊ ကားပေးသွားတာက လိုင်စင်ကားပဲ သွားလို့ရမယ်လို့ ပြောသံ ကြားနေရတော့ ကားသမား တွေ အများစု အဆင်မပြေနိုင်ဘူး။ တံတားသာ ဖွင့်တာ၊ ဂိတ်ကြေးတွေ မသတ်မှတ်ပေးသေးတော့ ကားတွေ မဆွဲရဲကြသေးဘူး။ မဲဆောက်ကို ကုန်စည်တင်ဖို့တွေ ၊ စည်းကမ်းချက် ခွင့်ပြုချက်တွေ ဘာမှ မသိရသေးတော့ ကား တွေ ၊ကုန်သည်တွေ ၊ နေ့ချင်းပြန် စျေး၀ယ်သမား၊ အလုပ်သမား တွေ မသွားရဲကြသေးဘူး ၊အခြေအနေကို တစ်ပတ်လောက်တော့ စောင့်ကြည့်ရမယ် ၊ တရား၀င် ထုတ်ပြန်တာ လည်း မရှိသေးဘူး” လို့ မဲဆောက် မြဝတီ ယာဉ်မောင်း တစ်ဦး ကပြောပါတယ်။
ယခင်က မြဝတီ ဘက်ကနေ မဲဆောက် ဘက်ကို သွားရင် မြန်မာ လဝက တံတားဂိတ်မှာ ယာယီ ပတ်စ်ပို့ ကြေး နှစ်ထောင်ကျပ် ၊ မဲဆောက်ဘက် အခြမ်း တစ်နေ့ သွား လာခွင့် ထိုင်းဘက် အခြမ်း လဝက တံတားဂိတ်မှာ ဘတ်၂၀ ပေးဆောင်ပြီး သွားလာနိုင်ခဲ့ပါတယ်။
ဒါ့အပြင် မြဝတီကနေ မဲဆောက်စျေးကြီးအထိ လိုင်းကားခ ဘတ် ၁၀၀ ၊ စင်းလုံးငှားယာဉ်နဲ့ အလည်အပတ်စျေး၀ယ်၊ ပန်းခြံ စတဲ့အစီအစဥ်နဲ့ဆို ဘတ် ၃၀၀၀ ထောင်လောက်ရှိခဲ့ပါတယ်။
အခု တံတား ပြန် ဖွင့်ချိန်မှာတော့ စျေးနှုန်းအပြောင်းအလဲရှိမရှိ ခရီးသွားအခြေအနေကိုစောင့်ကြည့်နေကြောင်း မြဝတီ မဲဆောက်လမ်းကြောင်း ယာဥ်မောင်းတွေက ပြောပါတယ်။
မစ္စတာရှောင်တာနယ်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို ပယ်ဖျက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို စစ်ကောင်စီက ပယ်ဖျက်လိုက်ကြောင်း နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။
မစ္စတာရှောင်တာနယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ အင်းစိန်အကျဥ်းထောင်ကနေ လွတ်မြောက်ခဲ့ပြီး စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးခဲ့လို့ ရန်ကုန်လေဆိပ်ကတစ်ဆင့် သြစတြေးလျနိုင်ငံကို ချက်ချင်းပြန်လည်ပို့ဆောင်ခံခဲ့ရတာပါ။
မစ္စတာရှောင်တာနယ်ဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရပြီးနောက် ကျန်ရှိနေတဲ့ပြစ်ဒဏ် ကာလမစေ့မီအတွင်း ၄င်းရဲ့လူမှုကွန်ရက်စာမျက်နှာကနေရော သတင်းမီဒီယာတွေနဲ့ပါ ဆက်သွယ်ပြောကြားရာမှာ မြန်မာနိုင်ငံအကြောင်း မဟုတ်မှတ်ရေးသားဖော်ပြပြောဆိုနေခြင်းတွေရှိနေလို့ဆိုပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးစဥ်က စည်းကမ်းချက်တွေကို ဖောက်ဖျက်ရာရောက်တယ်လို့ ဒီဇင်ဘာ ၆ ရက် နေ့စွဲနဲ့ စစ်ကောင်စီထုတ်ပြန်တဲ့စာတစ်စောင်က လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တာပါ။
ဒါ့အပြင်အဲဒီစာထဲမှာ မစ္စတာရှောင်တာနယ်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးရာမှာ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် ကျခံရန်ကျန်ရှိတဲ့ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းပေးခဲ့တာလို့လည်း ဖော်ပြပါရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ ဟုတ်မှန်ကြောင်း နီးစပ်တဲ့သတင်းရင်းမြစ်က ဇန်နဝါရီ ၁၂ ရက်မှာအတည်ပြုပါတယ်။
မစ္စတာရှောင်တာနယ်ကို ခုလိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပယ်ဖျက်ပြီး ဘာဆက်လုပ်မှာလဲဆိုတာနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
မစ္စတာရှောင်တာနယ်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၄င်းရဲ့ လပ်တော့ပ်ထဲမှာတွေ့ရှိရတဲ့ စာရွက်စာတမ်းတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်းနဲ့ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့ကို နိုင်ငံတော်လျှို့ဝှက်အက်နဲ့ တရားစွဲဆိုပြီး ထောင် ၃ နှစ်စီ ချမှတ်ခဲ့ပါတယ်။
မစ္စတာရှောင်တာနယ်ဟာ လွတ်မြောက်ပြီးနောက် ကမ္ဘာ့မီဒီယာတချို့မှာ သူဖမ်းဆီးခံရစဥ်နဲ့ အကျဥ်းချခံရစဥ်အတွေ့အကြုံတွေ၊ သူ့ကိုစစ်ဆေးမှုတွေကို မီဒီယာတွေမှာ အင်တာဗျူးဖြေကြားခဲ့သလို သူ့ကိုယ်တွေ့အတွေ့အကြုံတွေကို သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အခုလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကိုပြန်လည်ပယ်ဖျက်လိုက်တာနဲ့ပတ်သက်လို့ ကာယကံရှင်ဖြစ်တဲ့ မစ္စတာရှောင်တာနယ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီ လေကြောင်းနဲ့တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေအတွက် ဆုတောင်းပွဲပြုလုပ်
စစ်ကောင်စီက ချင်းအမျိုးသားတပ်ဦး ဌာနချုပ်ကို ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာနှစ်ရက်ဆက်တိုက် လေကြောင်းနဲ့တိုက်ခိုက်ခဲ့မှုကြောင့် CNF တပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိသလို အပျက်စီးအဆုံးရှုံးတွေ ရှိခဲ့ပါတယ်။
ဒီလို ပစ်ခတ်မှုတွေနဲ့ သေဆုံးတာ တွေကို ဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် ဟားခါးမြို့မှာ ဈေးဆိုင်တွေမဖွင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ယောဒေသအတွင်းမှာရှိတဲ့ ချင်း၊ ဗမာ၊ ယော စတဲ့ တိုင်းရင်းသားတွေ စုပေါင်းပြီး CNA/CNF က သေဆုံးသွားတဲ့တပ်ဖွဲ့ဝင် ရဲဘော်အတွအတွက် ဆုတောင်းပွဲကို ဇန်နဝါရီ ၁၁ ရက် ညပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။
ဆုတောင်းပွဲမှာ တပ်ဖွဲ့ဝင်တွေအတွက် ဆုတောင်းပေးခြင်းနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြွေးကြော်ခဲ့ကြပြီး အဲဒီဆုတောင်းပွဲကို ဂန့်ဂေါခရိုင် အမှတ် ၁၃၊ တပ်ရင်း The Youth Force(Saw and Kyaukhtu) တပ်က လုံခြုံရေးရယူပေးခဲ့ပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့မှာ မြန်မာ အိန္ဒိယနယ်စပ်မှာ ရှိတဲ့ အလားတူနေရာဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာတော့ CNF မိသားစုအိမ်ရာ စခန်းအနီးမှာ ဗုံးလေးလုံးပေါက်ကွဲ ပြီး ရဲမေ ၂ယောက်နဲ့ ရဲဘော် ၃ယောက် သေဆုံးခဲ့ပါတယ်။
အပျက်စီးဆုံးရှုံးမှုတွေ များသလို အိန္ဒိယနယ်မြေဘက်ကိုလည်း ဗုံးနှစ်လုံးကျ ပေါက်ကွဲခဲ့တယ်လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ Chinland Join Defense Committee CJDC အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဇန်နဝါရီ ၁၁ ရက်ညနေပိုင်းမှာလည်း CNF ဌာနချုပ်ကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ထပ်မံလာရောက်တိုက်ခိုက်တယ်လို့ သိရပြီး မြေပြင်အခြေအနေအသေးစိတ်ကိုမသိရသေးဘူးလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်အတွင်း CNF စခန်းငယ်တွေကိုတိုက်ခိုက်ခဲ့တာရှိပေမဲ့ ချင်းပြည်နယ် ဒေသတချို့ကိုမြေပြင်ထိုးထောက်နိုင်မှုမရှိလို့ လေကြောင်းနဲ့တိုက်တာလို့ CJDC(Chinland joint Defense Committee) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။