စက်တင်ဘာ ၁၆ ရက် ထိပ်တန်းသတင်းများ - မိုးကုတ်မှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲပြင်းထန်

မိုးကုတ်မှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, CJ

ရေးသားခဲ့သည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့တဝိုက်မှာ စစ်ကောင်စီ နဲ့ တအာင်းအဖွဲ့ TNLA ကြား စက်တင်ဘာ ၁၅ ရက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကရော TNLA ဘက်ကပါ ထုတ်ပြောပါတယ်။

ဒီကနေ့ အထိလည်း လက်နက်ကြီးပစ်ခတ်သံတွေကြားနေရဆဲဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်ကတည်းက စတဲ့ တိုက်ပွဲတွေလို့ မြို့ခံတွေဆီက သိရပါတယ်။

"မနေ့ညနေက ကုန်းဆံဘက်မှာ ပိတ်မိနေလို့ ဒေါ်နန်းကြည်တောင်ရဲ့ အနောက်မှာ လေယာဉ်တွေဝဲပြီး ပစ်သွားတာ၊ ညောင်ကုန်းဘက်မှာ ၁၀ ရက်နေ့ကတည်းကနေ အခုချိန်ထိ တိုက်ပွဲ ဖြစ်နေတာပါ" လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်အရတော့ တအာင်းတပ်ရဲ့ စစ်ဒေသ (၂) ဖြစ်တဲ့ မိုးကုတ်မြို့နယ်က ကုန်းစံရွာနဲ့ အထက်ညောင်ကုန်းအနီးမှာ စက်တင်ဘာ ၁၅ ရက် တနေ့ထဲ တိုက်ပွဲ နှစ်နေရာမှာ ပြင်းထန်ခဲ့ပြီး တနေကုန် တိုက်ပွဲဖြစ်ခဲ့တာလို့ ဖော်ပြပါတယ်။

ဇူလိုင်လကစလို့ စက်တင်ဘာလလယ်အထိ စစ်ကောင်စီနဲ့ TNLA ကြား နေ့စဉ်တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲအကြိမ်ရေ ၄၀ အထိ ဖြစ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

စစ်ကောင်စီကတော့ ရှမ်း နဲ့ မန္တလေးအစပ်က တိုက်ပွဲတွေအပါအဝင် TNLA နဲ့ တိုက်ပွဲတွေအကြောင်းကို တစုံတရာ သတင်းထုတ်ပြန်တာမရှိပါဘူး။

စက်သုံးဆီစျေး တစ်လီတာ ကျပ် ၂၄၄၀ အထိရောက်

စက်တင်ဘာ ၁၆ ရက် မှာတော့ တစ်လီတာ ကျပ် ၂၄၄၀ အထိ စျေးနှုန်းမြင့်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ၉၂ အောက်တိန်း တစ်လီတာကို ကျပ် ၂၃၀၀ အောက်သာ ရှိခဲ့တဲ့ စက်သုံးဆီစျေးဟာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မှာတော့ တစ်လီတာ ကျပ် ၂၄၄၀ အထိ စျေးနှုန်းမြင့်တက် သွားပါတယ်။

၉၅ အောက်တိန်းကတော့ တစ်လီတာ ကျပ် ၂၅၆၅ အထိရှိခဲ့ပြီး မနေ့ကထက် တစ်လီတာကို ၅၅ ကျပ် စျေးတက်သွားတာ ဖြစ်ပါတယ်။

ဒါက ရန်ကုန်မြို့အတွက် ရည်ညွှန်းလက်ကားစျေးနှုန်းသာဖြစ်ပြီး နယ်တွေမှာတော့ အမြင့်ဆုံးစျေးက ကျိုင်းတုံမြို့မှာ ၉၂ အောက်တိန်း တစ်လီတာကို ၃၃၁၅ ကျပ် အထိ ရှိနေပြီး ၉၅ အောက်တိန်းကတော့ တစ်လီတာ ၃၄၁၅ ကျပ်အထိ ရှိနေပါတယ်။

တစ်ရက်အတွင်းမှာကို တစ်လီတာ ၅၅ ကျပ် အထိ စျေးတက်သွားပြီး တစ်ပတ်အတွင်းမှာ ၁၄၅ ကျပ် အထိ စျေးတက်သွားတာဖြစ်ပါတယ်။

တစ်ဘက်မှာလည်း စစ်ကောင်စီက စက်သုံးဆီလုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတုန်းမှာပဲ ရည်ညွှန်းစျေးနှုန်းက တက်လာတာဖြစ်ပါတယ်။

ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီကင်းတွေ တိုက်ခိုက်ခံရ

ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီကင်းတွေ တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, AFP

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့‌ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းချရာနေရာတွေကို နှစ်ရက်ဆက်တိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက် နဲ့ ၁၆ ရက်တွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်အချို့ပါ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

"စိန်ပန်းပင်တံတားနားမှာရှိတဲ့ ဂိတ်ကြေးကောက်တဲ့ ကင်းကို ၁၅ ရက်နေ့က ဝင်တိုက်တာက သူတို့ဘက်က ၄ ယောက် သေနတ် ၄ ‌လက် သိမ်းဆည်းရမိတယ်။ ဒီနေ့မနက်က ဒီပဲယင်းစျေးနားမှာ ထပ်ဖြစ်တာလည်း သူတို့ဘက်က သေတာရှိတယ်။ မနက်အစောပိုင်းတွေပဲဖြစ်တာ" လို့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီပဲယင်းမြို့ပေါ်ကတိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်လို့ ဒီကနေ့ နေ့လယ်ပိုင်းအထိ တစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။

အခုလပိုင်းတွေထဲ ဒီပဲယင်းရဲ့ ကျေးရွာတွေတဝိုက်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးသွားလာတာနေတာမရှိဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်မှုတွေရှိနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ရေတလျောက်စခန်းသိမ်းတိုက်ပွဲ လက်နက်ခဲယမ်းများစွာ ကေအဲန်ယူသိမ်းပိုက်

ရေတလျောက်စခန်းသိမ်းတိုက်ပွဲ လက်နက်ခဲယမ်းများစွာ ကေအဲန်ယူသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, Dooplaya District

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီ ရဲ့ ရေတလျောက် စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း‌အမြောက်အများသိမ်းဆည်းရမိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ရဲ့ ဒူးပလာယာ ခရိုင်က စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။

နာရီဝက်ဝန်းကျင်သာ ကြာမြင့်ခဲ့တဲ့ တိုက်ပွဲကနေ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ် လို့ KNU က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းက KNU - ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ထဲက ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ် ရဲ့ ရေတလျောက်စခန်းကို KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ၉ ဦးသေဆုံးပြီး တပ်ဖွဲ့ဝင်အချို့ကတော့လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က ၃ ဦး ဒဏ်ရာရပြီး ၁ ဦး သေဆုံးတယ်လို့ ဖော်ပြပါတယ်။

သိမ်းဆည်းရမိတဲ့အထဲ လက်နက်တွေနဲ့ အတူ ကျည်၊ လက်ပစ်ဗုံး၊ တိုက်မိုင်း အပါအဝင် လက်နက်ခဲယမ်းမျိုးစုံနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ပါတယ်လို့ ဓာတ်ပုံတွေနဲ့ ဖော်ပြပါတယ်။

ထိုင်းလေတပ်နဲ့ ဆက်ဆံရေးကောင်းနေကြောင်း စစ်ကောင်စီပြသ

ထိုင်းလေတပ်ဦးစီးချုပ်ကို  စစ်ခေါင်းဆောင် ကိုယ်တိုင်လက်ခံတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, cincds

ဝေဖန်ကန့်ကွက်မှုတွေရှိနေတဲ့ အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ကိုလာတက်တဲ့ ထိုင်းလေတပ်ဦးစီးချုပ်ကို စစ်ကောင်စီက ဂုဏ်ပြုတပ်ဖွဲ့နဲ့ပါကြိုဆိုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်လက်ခံတွေ့ဆုံပါတယ်။

နေပြည်တော်က ဒီအစည်းအဝေးကို လာတက်တဲ့ အာဆီယံ ငါးနိုင်ငံထဲမှာ ထိုင်းလေတပ်ဦးစီးချုပ်ကိုပဲ စစ်ကောင်စီက အရေးတယူပြုပြပြီး ကျန်တဲ့ လေးနိုင်ငံကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နဲ့သာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဘရူနိုင်းလေတပ်ဦးစီးချုပ်၊ ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ်၊ လာအိုလေတပ်ဦးစီးချုပ် နဲ့ ဗီယက်နမ်လေတပ်ဦးစီးချုပ် တို့ အိမ်ပြန်သွားချိန်မှာပဲ စက်တင်ဘာ ၁၅ ရက်က ထိုင်းလေတပ်ဦးစီးချုပ်ကို စစ်ကောင်စီက ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုဧည့်ခံတာဖြစ်ပါတယ်။

ထိုင်းလေတပ်ဦးစီးချုပ်ဟာ အရေးယူပိတ်ဆို့ခံထားရတဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံလေတပ် နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် သင်တန်းသားစေလွှတ်ဖို့ နဲ့ နည်းပညာအချက်အလက်ဖလှယ်ရေးကိုပါ ဆွေးနွေးခဲ့ကြပါတယ်။

သဘာဝဘေးအန္တရာယ်များကြုံတွေ့ရချိန် ကူညီကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

လုံခြုံရေးအကဲခတ်တွေကတော့ မနှစ်က ဇွန်လကုန်တုန်းက စစ်ကောင်စီရဲ့လေယာဥ် ထိုင်းလေပိုင်နက်ထဲအထိ ဝင်ရောက်ပျံသန်းပြီး KNU ကို တိုက်ခိုက်တုန်းက ထိုင်းဘက်က အထိတ်တလန့်ဖြစ်ခဲ့ရပေမဲ့ နှစ်နိုင်ငံလေတပ်အကြားဘာပြဿနာမှ မတက်ခဲ့တာကို ထောက်ပြကြပါတယ်။

စစ်ကောင်စီ နဲ့ ထိုင်း ကြားမှာ အစိုးရချင်းရော တပ်မတော်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေပြီး ပိုခိုင်မြဲလာနေတယ် လို့ လုံခြုံရေးအကဲခတ်တွေကပြောပြီး ဒါဟာ မြန်မာ့အရေးကြောင့် အာဆီယံဒေသတွင်းနိုင်ငံတွေကြားမှာ စိတ်ဝမ်းကွဲမှုကို ဦးတည်စေတယ် သုံးသပ်ပါတယ်။

စစ်ကောင်စီဟာ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး နဲ့ သီးသန့်တွေ့ဆုံပေးခဲ့တုန်းကလည်း အလားတူဝေဖန်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ကို အာဆီယံ ၅ နိုင်ငံတက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်က နေပြည်တော်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံလေတပ် ဦးစီးချုပ်တွေကတော့ နေပြည်တော်ကိုရောက်မလာဘဲ Video Message ပေးပို့ပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကတော့ အစည်းအဝေးတက်ရောက်ခဲ့ခြင်းမရှိပါဘူး။

လူပေါင်းများစွာသေကြေပျက်စီးခဲ့တဲ့ ပြည်တွင်းကတိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကိုအားထားခဲ့တာကြောင့် မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ဒီအစည်းအဝေးကို မတက်ရောက်ဖို့နဲ့ အသိအမှတ်မပြုဖို့ ကန့်ကွက်တားမြစ်မှုတွေ ရှိခဲ့တာပါ။

မြန်မာနိုင်ငံကိုရောက်နေတဲ့ လေတပ်ဦးစီးချုပ်တွေကတော့ နေပြည်တော်က သူရဲကောင်းဗိမာန် နဲ့ ပြင်ဦးလွင်မြို့အထိပါ အလည်အပတ် သွားရောက်ခဲ့ကြပါတယ်။