ဘန်ကောက်က တန်ဖိုးအကြီးဆုံး ကွန်ဒိုတွေဝယ်ယူနေတဲ့ မြန်မာ

ဓာတ်ပုံ ရင်းမြစ်, CJ
အခု ၂၀၂၃ ခုနှစ် ပထမလေးလတာကာလအတွင်း ထိုင်းနိုင်ငံရဲ့ ကွန်ဒိုစျေးကွက်မှာ မြန်မာဟာ တန်ဖိုးအကြီးဆုံး ကွန်ဒိုတွေဝယ်ယူတဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။ တန်ဖိုးမြင့် ဇိမ်ခံကွန်ဒို တယူနစ်ကို ပျမ်းမျှ ထိုင်းငွေ ဘတ် ၆.၅ သန်းသုံးပြီး ဝယ်ယူနေတာဖြစ်ပါတယ်။
ဒါဟာ ထိုင်းအစိုးရပိုင်ဘဏ်တခုဖြစ်တဲ့ ‘Government Housing Bank’ရဲ့ The Real Estate Information Center (REIC)ကနေ ဇွန်လ ၂၁ ရက်မှာ နောက်ဆုံးထုတ်ထားတဲ့ စာရင်းအချက်အလက်ပါ။
မြန်မာတွေ ကွန်ဒိုအခန်းဝယ်ယူနေတဲ့ ဒီငွေကြေးပမာဏဟာ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး ထီဆုကြေး ဘတ် ၆ သန်းထက်တောင် များပြားတဲ့ ပမာဏတခုလည်း ဖြစ်နေပါတယ်။ ဒါအပြင် ထိုင်းနိုင်ငံရဲ့ ကွန်ဒိုစျေးကွက်မှာ အခန်းအများဆုံးဝယ်ယူနေတဲ့ တရုတ်နိုင်ငံသားတွေ ပျမ်းမျှ အသုံးပြုတဲ့ ငွေကြေးထက်တောင် ၂ သန်းနီးပါးပိုများနေပါသေးတယ်။ တရုတ်နိုင်ငံသား တစ်ယောက်ဟာ ထိုင်းက ကွန်ဒို တယူနစ်ကို ဘတ်ငွေ ၄.၇ သန်းသာ အသုံးပြုပါတယ်။
“မြန်မာတွေက ဘတ် ၃ သန်းပတ်ချာလည် အိပ်ခန်း တခန်းပါတဲ့ ကွန်ဒိုအခန်းကစလို့ ဘတ် သန်း ၂၀ အထိတန်ကြေးရှိတဲ့ လုံးဝဇိမ်ခံကွန်ဒိုအခန်းတွေအထိပါ ဝယ်ယူတာရှိပါတယ်” လို့ ဘန်ကောက်မြို့မှာ ကွန်ဒိုရောင်းဝယ်ရေးလုပ် နေတဲ့ မြန်မာတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မြန်မာငွေတန်ဖိုးနဲ့ ပြန်တွက်ရမယ်ဆိုရင် မြန်မာငွေ သန်း ၂၄၀ (ဘတ် ၃ သန်း) တန်ဖိုးရှိတဲ့ အိပ်ခန်းတခန်းပါ ကွန်ဒိုကစလို့ မြန်မာငွေ သန်း ၁၆၀၀ (ဘတ် သန်း ၂၀) တန်ကြေးရှိတဲ့ ဇိမ်ခံ ကွန်ဒိုခန်းတွေကို မြန်မာအများစု ဝယ်ယူနေကြတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, RIEC
ဘီဘီစီရဲ့ လေ့လာကြည့်ချက်အရလည်း ပြီးခဲ့တဲ့နှစ် ၂၀၂၂ နှစ်လယ်ပိုင်းကစလို့ ထိုင်းနိုင်ငံမှာ သွားရောက် နေထိုင်ကြတဲ့ မြန်မာတွေ အတော်များလာပြီး အထူးသဖြင့် ဘန်ကောက်မှာ တိုက်ခန်းတွေ အရောင်းရော၊ အငှားပါ တစတစပိုများလာခဲ့ပါတယ်။ ဒါကြောင့် မြန်မာဟာ ထိုင်းနိုင်ငံရဲ့ ကွန်ဒိုဝယ်ယူတာအများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းကို မနှစ် ၂၀၂၂ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် စာရင်းစဝင်လာပါတယ်။
၂၀၂၂ ခုနှစ် တနှစ်လုံးမှာ မြန်မာက ကွန်ဒိုအခန်းပေါင်း ၃၄၉ ခန်းဝယ်ယူခဲ့ပြီး တနှစ်ကျော်အကြာ ၂၀၂၃ ဇန်နဝါရီကနေ ဧပြီ လေးလတာအတွင်းမှာတော့ ကွန်ဒိုအခန်း ၇၆ ခန်းဝယ်ယူထားပြီလို့ REIC က ဖော်ပြပါတယ်။
ထိုင်းနိုင်ငံရဲ့ ကွန်ဒိုဝယ်ယူမှု အများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းရဲ့ နံပါတ် ၈ နေရာမှာ မြန်မာရှိနေပါတယ်။
စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်မှာ ထိုင်းမှာ မြန်မာက ကွန်ဒိုဝယ်ယူတာ အခန်း ၂၀ သာရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ၅၄ ခန်းနဲ့ ၂၀၁၈ ခုနှစ်မှာ ၄၈ ခန်း ဝယ်ယူခဲ့တာလို့ REIC စာရင်းတွေအရ သိရပါတယ်။ အခုတော့ အာဏာသိမ်းတာ သုံးနှစ်မပြည့်ခင်မှာပဲ ထိုင်းရဲ့ ကွန်ဒိုစျေးကွက်မှာ မြန်မာတွေ ရင်းနှီးမြှုပ်နှံတာ သိသိသာသာကို များလာခဲ့တာပါ။
“မြန်မာငွေ သိန်း တထောင်သာသာနဲ့ ထိုင်းမှာက အခန်းတွေ စဝယ်လို့ရတာလေ။ ပြည်တွင်းနဲ့ စျေးသိပ်မကွာဘဲ ရတဲ့ ဝန်ဆောင်မှုတွေကကျ တအားကွာခြားတော့ ဒီမှာဘဲ ရင်းနှီးမြှုပ်နှံကြတော့တာပေါ့” လို့ သူက ဆက်ရှင်းပြပါတယ်။
မြန်မာကွန်ဒိုဝယ်လက်တွေရဲ့ သည်းခြေကြိုက် ဘန်ကောက်
မြန်မာအများစုဟာ အိမ်နီးချင်းထိုင်းနိုင်ငံကို ဒုတိယအိမ်အဖြစ် ရွေးချယ်ကြတဲ့ အချက် ၃ ချက်ရှိတယ်လို့ ဘန်ကောက်ပို့စ်က အခုနှစ်အစပိုင်းမှာ ရေးသားခဲ့တဲ့ဆောင်းပါးတပုဒ်မှာ ထည့်သွင်းရေးသားထားပါတယ်။
ချမ်းသာကြွယ်ဝတာကို ထိန်းသိမ်းနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုလုပ်တာ အများဆုံးဖြစ်ပြီး ဒုတိယက ကျန်းမာရေးဝန်ဆောင်မှုနဲ့ တတိယက သူတို့ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် ရည်ရွယ်ကြ ပါတယ်။
“အထူးသဖြင့် ဘန်ကောက်မှာ အများစုဝယ်ကြတာပေါ့ဗျာ။ CBD လို့ပြောကြတဲ့ Central Business District စီးပွားရေးအချက်အချာကြတဲ့ နေရာတွေကို ဝယ်ကြတယ်။”
“ပြောရရင် ပတူနမ်စျေးနား နောက် အဆုပ် (Asoke)၊ ဆူကူဗစ် (Sukhumvit) လမ်းမကြီးတကြောကို မြန်မာတွေအကြိုက်ဆုံးပဲ” လို့ ဘန်ကောက်မြို့မှာ ကွန်ဒိုရောင်းဝယ်ရေးလုပ်နေတဲ့ မြန်မာတစ်ဦးက စျေးကွက်အခြေအနေကို ရှင်းပြပါတယ်။
မြန်မာတွေ ထိုင်းမှာ အခန်းဝယ်ယူကြတာမှာ ဒုတိယအနေနဲ့ ပတ္တယားကမ်းခြေအနီး ချွန်ဘူရီခရိုင်ဘက်မှာ ဝယ်ကြပြီး မြန်မာနိုင်ငံနဲ့ နီးစပ်နေတဲ့ ချင်းမိုင်လို မြို့တွေမှာပါ လုံးချင်းအိမ်တွေ ဝယ်ယူတာရှိတယ်လို့ အိမ်ခြံမြေအသိုင်းအဝိုင်းဆီက သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်ကိုကြည့်ရင်လည်း ကိုဗစ်အလွန်ကာလ စီးပွားရေးပြန်လည်နာလန်ထူနိုင်ဖို့ စိုင်းပြင်းနေတဲ့ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ စည်းမျဉ်းစည်းကမ်းတွေကို လျှော့ချပေးလိုက်ပြီးတဲ့နောက် နိုင်ငံခြားသားအိမ်ခြံမြေဝယ်ယူနှုန်းကလည်း တရှိန်ထိုးမြင့်တက်လာပါတယ်။
မနှစ်ကစာရင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နိုင်ငံခြားသား ကွန်ဒိုယူနစ်ဝယ်ရောင်းအရေအတွက် ၇၉. ၂ ရာခိုင်နှုန်း တိုးတက်လာသလို စျေးကွက် တန်ဖိုးကလည်း ၂၄.၃ ရာခိုင်နှုန်း တိုးလာတယ်လို့ REIC စာရင်းမှာ ဖော်ပြပါတယ်။
ဒီလို တိုးတက်လာပေမဲ့ ကိုဗစ်မတိုင်မီ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသား အိမ်ခြံမြေဝယ်ယူတဲ့နှုန်းထားကို မမီသေးဘူးလို့ ပြောပါတယ်။
ဒါပေမဲ့လည်း ခရီးသွားလုပ်ငန်းကို အဓိကအားထားရတဲ့ ထိုင်းနိုင်ငံဟာ သူတို့ရဲ့ အဓိကဝင်ငွေရ လုပ်ငန်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာဖို့ ထိုင်းအာဏာပိုင်တွေက မျှော်မှန်းနေသလို အိမ်ခြံမြေစျေးကွက်လည်း ဆက်ကောင်းလာမယ်လို့ ခန့်မှန်းထားကြပါတယ်။
“ကျွန်တော်တို့ မြန်မာတွေကလည်း အဝယ်လိုက်နေကြဦးမှာပဲ။”
“အနီးစပ်ဆုံး မေလနဲ့ ဇွန်လကို နှိုင်းယှဉ်မယ်ဆိုရင်တောင် ကွန်ဒိုအဝယ်က တစ်ဆခွဲလောက် များလာတယ်။ ဒါကျွန်တော်ကနေ ဆောင်ရွက်ပေးခဲ့တာကိုပဲ ပြောတာနော်” လို့ ဘန်ကောက်မြို့မှာ ကွန်ဒိုရောင်းဝယ်ရေး လုပ် နေတဲ့ မြန်မာတစ်ဦးက အခုရက်ပိုင်း စျေးကွက်အခြေအနေကို ပြောပြပါတယ်။
အခုလို ကွန်ဒိုဝယ်ယူရာမှာ တပတ်ရစ် (second hand) အခန်းတွေအပါအဝင် အခန်းအသစ်ဝယ်ယူတာ ကအစ ဆောက်လုပ်ဆဲအခန်းတွေကို ကြိုတင်ဝယ်ယူတာတွေဆိုပြီး မြန်မာတွေက ပုံစံအမျိုးမျိုးနဲ့ အခန်းတွေဝယ်ယူနေကြတာလို့ အိမ်ခြံမြေဝန်ဆောင်မှုပေးနေတဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစီးပွားရေးအကြပ်အတည်းဆိုက်တာအပါအဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ကန့်သတ်ခံရတာကအစ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့်ပါ အိမ်နီးချင်းထိုင်းက အိမ်ခြံမြေစျေးကွက်အထူးသဖြင့် ကွန်ဒိုဝယ်ယူတာတွေ ဆက်များနေဦးမှာလို့ မှန်းဆနေကြတာဖြစ်ပါတယ်။
“အချို့ဆို အခန်းလာကြည့်ဖို့ လေယာဉ်လက်မှတ်တောင် မရတဲ့အခြေအနေတောင် ကြုံရတယ်ဗျာ။”
ဒါကတော့ ကွန်ဒိုရောင်းဝယ်ရေး ဝန်ဆောင်မှုပေးနေတဲ့ မြန်မာတဦးရဲ့ မှတ်ချက်ဖြစ်ပြီး ဒါဟာမြန်မာပြည်က ငွေကြေးချမ်းသာသူတွေရဲ့ ရွေးချယ်မှုတခုဖြစ်လာတဲ့ ဘန်ကောက်က ကွန်ဒိုစျေးကွက်အခြေအနေကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။








