သြဂုတ်လ ၂၆ ရက်ထိပ်တန်းသတင်းများ - အစားထိုး ဖွင့်လှစ်ပေးတဲ့ အာရှလမ်းဘေလီတံတား နေ့တွင်းချင်း အသုံးပြုခွင့်ပြန်ပိတ်

အစားထိုး ဖွင့်လှစ်ပေးတဲ့ အာရှလမ်းဘေလီတံတား နေ့တွင်းချင်း အသုံးပြုခွင့်ပြန်ပိတ်

ဓာတ်ပုံ ရင်းမြစ်, CJ

ရေးသားခဲ့သည်။

မြေပြိုကျခဲ့တဲ့ မြဝတီ၊ အာရှလမ်းပိုင်းနေရာကို ပေ ၇၀ ရှည်တဲ့ ဘေလီတံတားတစ်စင်း ပြန်တည်ဆောက်ပေးခဲ့ပေမဲ့ မြေသားနိမ့်ဆင်းတာကြောင့် နေ့တွင်းချင်းပြန်ပိတ်ခဲ့ရတယ်လို့ ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အာရှလမ်းမကြီး၊ တောနော်ရေတံခွန်နားမှာ သုံးလွှာတစ်ထပ် ဘေလီတံတားကို မနေ့က စတင်အသုံးပြုခွင့်ပေးခဲ့ပေမဲ့ ပြန်ပိတ်လိုက်ရတာ ဖြစ်ပါတယ်။

"မနေ့ကမှ ကုန်ကားတွေစပြီးဖြတ်ခွင့်ရတာလေ။ ၁၂ ဘီးကားတွေဖြတ်တော့ တံတားက ပြန်နိမ့်ဆင်းသွားတယ်။ ဒီနေ့ သုံးလို့မရတော့ဘူး" လို့ မြဝတီကုန်သည်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သြဂုတ် ၇ ရက်မနက်ပိုင်း ‌လမ်းပြိုကျပြီးကတည်းက ကုန်ပစ္စည်းတင်ယာဉ်တွေ ဖြတ်သန်းသွားလာလို့မရဘဲ မနေ့ တံတားဖွင့်ချိန်မှသာ ပြန်လည်မောင်းနှင်ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ရက်အတွင်း ပြန်လည်သွားလာခွင့်ရပ်လိုက်ရတာကြောင့် ကုန်ကားတွေ ပိတ်မိနေတယ်လို့ သိရပြီး ကုန်သည်တွေအတွက်လည်း အခက်အခဲကြုံနေရတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့‌ ပြောင်းဆန်၊ ပဲ၊ ကြက်သွန်လို ပို့ကုန်ပစ္စည်းတွေနဲ့ ထိုင်းဘက်က လာတဲ့ ကုန်မာပစ္စည်းတွေကိုသာ ကုန်သေတ္တာတင်မော်တင်ယာဉ်တွေအသုံးပြုနေကြပြီး အခြားစားသောက်ကုန်ပစ္စည်းတွေကိုတော့ ခရီးသည်တင်ကားတွေအသုံးပြုကာ ဒေါနတောင်လမ်းဟောင်းကနေ သွားလာကြတယ်လို့ ဆိုပါတယ်။

"ကျွန်တော်လည်း မနေ့က အဲ့လမ်းဘက်ဖြတ်ဖို့သွားပေမဲ့ကုန်ကားတွေ အဓိက သွားနေကြတော့ ကားများတာနဲ့ လမ်းဟောင်းကပဲသွားလိုက်တာ။ ဒီမနက်လည်း ကားတွေပိတ်နေလို့ လမ်းဟောင်းကပဲ ကျွန်တော်တို့သုံးနေတယ်" လို့ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

အခုလို တံတားနေ့တွင်းချင်းပိတ်လိုက်ရတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

စားသုံးဆီ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ပြည်ပက နှစ်စဉ် တင်သွင်းနေရ

စားသုံးဆီ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ပြည်ပက နှစ်စဉ် တင်သွင်းနေရ

ဓာတ်ပုံ ရင်းမြစ်, MOI

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကြောင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ပြည်ပကနေ နှစ်စဉ် တင်သွင်းနေရတယ် လို့ မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ စီးပွားရေးရာကော်မတီအစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီလို တင်သွင်းနေရလို့ နိုင်ငံခြားငွေသုံးစွဲမှုများပြားခဲ့ပြီး ခေတ်အဆက်ဆက် ပြည်တွင်းစားသုံးဆီလုံလောက်အောင် ဆောင်ရွက်ခဲ့ပေမဲ့ မထိရောက်ခဲ့ဘူး လို့ သူက ပြောပါတယ်။

ပြည်တွင်းဆီထုတ်လုပ်မှုမြှင့်တင်ဖို့ နိုင်ငံ့စီးပွားရန်ပုံငွေထုတ်ပေးမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပကို ပြန်လည်တင်ပို့နိုင်တဲ့ အဆင့်ရောက်အောင် ရည်မှန်းထားတယ် လို့ စစ်ကောင်စီ ဥက္ကဋ္ဌ က ပြောပါတယ်။

ဆီအုန်းသီးနှံကို စနစ်တကျနဲ့ အောင်မြင်အောင် စိုက်ပျိုးဖို့၊ ဆီကြမ်းစက်ရုံတွေ နဲ့ ဆီချောစက်ရုံတွေကို ဆီထုတ်လုပ်ဖို့ အဓိကကျတဲ့နေရာတွေမှာ အမြန်ဆုံးတည်ဆောက်နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း စစ်ခေါင်းဆောင်က မှာကြားပါတယ်။

မြန်မာနိုင်ငံမှာ လူတစ်ဦးက တစ်ရက်ကို ဆီ ၂ ဒသမ ၂၅ ကျပ်သား စားသုံးနေပြီး နှစ်စဉ် စားသုံးဖို့နဲ့ လုပ်ငန်းသုံးအတွက် ဆီလိုအပ်ချက်တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိတယ် လို့ စားသုံးသူရေးရာဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီ လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိကို ပြည်ပမှ တင်သွင်းနေရတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံတွေဖြစ်ကြတဲ့ မြေပဲ၊ နှမ်း၊ နေကြာ တို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာဝတီတိုင်း‌ဒေသကြီး တို့မှာ အဓိကစိုက်ပျိုးကြပြီး ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီး မှာ အဓိကစိုက်ပျိုးကြပါတယ်။

ရိုဟင်ဂျာတွေအတွက် အနှစ်မရှိတဲ့ကတိတွေကိုစိတ်ပျက်နေကြပြီလို့ ကုလအထူးကိုယ်စားလှယ်ပြော

ရိုဟင်ဂျာတွေအတွက် အနှစ်မရှိတဲ့ကတိတွေကိုစိတ်ပျက်နေကြပြီလို့ ကုလအထူးကိုယ်စားလှယ်ပြော

ဓာတ်ပုံ ရင်းမြစ်, AFP

ရိုဟင်ဂျာတွေအတွက် အနှစ်မရှိတဲ့ ကတိတွေကို စိတ်ပျက်နေကြပြီလို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူး (Tom Andrews) က မနေ့က ကျရောက်တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ၆ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားမှာ အွန်လိုင်းကနေ သတင်းစကားပါးခဲ့ပါတယ်။

"ထိရောက်မှုမရှိတဲ့ ကုလသမဂ္ဂရဲ့ များပြားလှတဲ့ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံရေးဟောပြောချက်တွေဟာ ရိုဟင်ဂျာကလေးတွေကို ဗိုက်ဝစေမှာမဟုတ်ဘူး။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ အားလုံးပူးပေါင်းပါဝင်တဲ့ ပြန်လည်သုံးသပ်မှုတွေလုပ်ချိန်တန်ပြီဖြစ်သလို လက်တွေ့လုပ်ချိန်ရောက်ပြီ" လို့ မစ္စတာတွမ်က ပြောပါတယ်။

မနေ့က အွန်လိုင်းကပြုလုပ်တဲ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ သံအမတ်တွေကလည်း ရိုဟင်ဂျာအရေးကို မတူကွဲပြားတဲ့ချဉ်းကပ်ပုံတွေနဲ့ ပိုပြီးလုပ်ဆောင်သင့်ကြောင်း ထောက်ပြခဲ့ကြပါတယ်။

လက်ရှိကုလသမဂ္ဂရဲ့ ရိုဟင်ဂျာလူသားချင်းစာနာမှု ပူးတွဲတုံ့ပြန်မှု အစီအစဉ်မှာ ရန်ပုံငွေမလုံလောက်တာကြောင့် ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်း ကော့ဆက်ဘဇားမှာ ရိက္ခာလျှော့ချခံရပြီး အသက်ရှင်ရေးအတွက် ရုန်းကန်နေရတယ်လို့ မြန်မာအရပ်ဘက်အဖွဲ့တွေဘက်ကလည်း မနေ့က ၆ နှစ်မြောက်အောက်မေ့ဖွယ်နေ့မှာ ရိုဟင်ဂျာတွေရဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ထုတ်ပြန်လာပါတယ်။

ဒါကြောင့် ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေနဲ့ နိုင်ငံသားဖြစ်မှုကို ချက်ချင်းပြန်လည်ပေးအပ်ဖို့ အရပ်အဖွဲ့အစည်း ၃၅၆ ဖွဲ့က တောင်းဆိုစာထုတ်ပြန်ခဲ့ကြတာပါ။

ရိုဟင်ဂျာတွေအတွက် ရေရှည်တည်တံ့မယ့် နေရပ်ပြန်နိုင်ရေးအစစ်အမှန်ဖြစ်လာဖို့အတွက် မြန်မာစစ်တပ်ကို အပြစ်ပေးအရေးယူရမှာဖြစ်ပြီး တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေကို တာဝန်ခံစေရမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာတွေကို စစ်တပ်ကလူမျိုးသုဉ်းသတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံတကာနဲ့ ရိုဟင်ဂျာတွေက ပြောကြပြီး စစ်တပ်ဘက်က‌တော့ ရိုဟင်ဂျာတွေအပေါ်လူမျိုးသုဥ်းသတ်ဖြတ်တာမျိုးမကျူးလွန်ထားဘူးလို့ အစောပိုင်းကာလတွေကတည်းက တုံ့ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာ ၅ သိန်းကို ပြန်လည်ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့လည်း ထုတ်ပြောထားပါတယ်။ အဲဒီပြန် လည်ခေါ်ယူရေးက လက်ရှိမှာတော့ ဆက်လက်လုပ်‌ဆောင်တာမျိုးမရှိတော့ပြန်ဘူးလို့ ဘင်္ဂလားဒေ့ရှ်ဘက် က ရိုဟင်ဂျာတွေက ဘီဘီစီကိုပြောပါတယ်။

စစ်ကိုင်း၊ ထန်းတောဆိပ်ရွာမှာ PDF ၅ ဦး အသတ်ခံရ

ဩဂုတ် ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီကိုပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်စဉ်

ဓာတ်ပုံ ရင်းမြစ်, စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ရွာကင်းဂိတ်ကို သြဂုတ် ၂၂ ရက် မနက်အရုဏ်တက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းတာ‌ကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးရော ဖမ်းခံရသူတွေကိုကူညီဖို့လိုက်သွားတဲ့ နောက်ထပ် ၃ ဦးအပါ စုစုပေါင်း ၅ ဦးသတ်ဖြတ်ခံလိုက်ရတယ်လို့ စစ်ကိုင်း PDF အသိုင်းအဝိုင်းဆီက သိရပါတယ်။

သြဂုတ်လ ၂၄ ရက် စစ်ကောင်စီတပ်တွေ ရွာကနေထွက်ခွာပြီးနောက် ‌ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရွာထဲရှင်းလင်းရေးလုပ်ချိန်မှာ သူတို့ ၅ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတာလို့ ပြောပါတယ်။

"ကင်းကနေအဖမ်းခံရတာမှာတင် တပ်စိပ်မှူးပါသွားခဲ့တာ။ သူတို့အသတ်ခံရပြီကြားတော့ အလောင်းကောက်ဖို့သွားတဲ့အချိန် နောက် ၃‌ ယောက်လည်းထပ်အဖမ်းခံရပြီး ရက်ရက်စက်စက်ကိုအသတ်ခံရတာပါပဲ" လို့ အခြေအနေသိရှိသူ စစ်ကိုင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါဟာ ထန်းတောဆိပ်ရွာအတွက် ပထမဆုံးအကြိမ် စစ်ကြောင်းထိုးခံရတာလို့ သူက ဆက်ပြောပါတယ်။

သြဂုတ် ၂၅ ရက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ထန်းတောဆိပ်ရွာကနေ နယ်နိမိတ်ထိစပ်နေတဲ့ ဆားတောင်မြို့မြောက်ဘက်ခြမ်း အဲဒီကနေ ဝက်လက်မြို့နယ်က ကျေးရွာတွေထဲ လှည့်လည်စစ်ကြောင်းထိုးခဲ့ပြီး ဝက်လက်၊ ရွာသာကြီးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရွာသာကြီးရွာဟာ စစ်ကိုင်း - ရွှေဘိုလမ်းမဘေးက ‌ရွာကြီးဖြစ်ပြီး အခုလိုစစ်ကြောင်းထိုးရာတလျှောက်က ဒေသခံတွေ ‌ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။