နိုဝင်ဘာ ၁၄ ရက် ထိပ်တန်းသတင်းများ
မော်လမြိုင်မှာ အပြန်အလှစ်ပစ်ခတ်မှုဖြစ်၊ ဖမ်းဆီးခံရသူတွေလည်းရှိ

ဓာတ်ပုံ ရင်းမြစ်, CJ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ဇေယျာသီရိရပ်ကွက်မှာ ဒီကနေ့ နိုဝင်ဘာ၁၄ရက်ညနေပိုင်းကအပြန် အလှစ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီး နောက်ဖမ်းဆီးခံရသူအချို့ရှိတယ်လို့ ဒေသခံတွေကဘီဘီစီကိုပြောပါတယ်။
မော်လမြိုင်မြို့စွန်ဘက်မှာရှိတဲ့ ဇေယျာသီရိရပ်ကွက်ထဲကနေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းချိန်မှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တာလို့ ဆိုပါတယ်။
'' အဲဒီရပ်ကွက်က မြို့စွန်ဘက်ကျတယ်။အတ္တရံမြစ်ဘေးမှာပြောရမှာပေါ့။ အဲဒီမှာ အိမ်တစ်အိမ်ကို စစ်တပ်ကဝင်ရှာဖို့လုပ်တော့ အထဲကလူငယ်တွေကပြန်ပစ်တာကနေ အပြန်အလှန်ဖြစ်တာလို့သိရတယ်။ လက်နက်တွေသံတွေအဆက်မပြတ်ကြားရတယ် '' လို့ အဲဒီရပ်ကွက်အနီးနေထိုင်သူတစ်ဦးကပြောပြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နဲ့ အုပ်ချုပ်ရေးမှူးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ ဒေသခံအချို့ကပြောထားပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
စစ်ကောင်စီသတင်းတွေကိုဖော်ပြနေတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီ ဖြစ်စဥ်မှာ အမျိုးသား ၅ဦးနဲ့ အမျိုးသမီး၁ဦး စုစုပေါင်း ၆ဦးကို လက်နက်အချို့နဲ့ ဖမ်းဆီးရမိတယ်လို့ဖော်ပြနေကြပါတယ်။
ထောင်ဝင်စာနေရာပေါက်ကွဲမှု က ကျူးလွန်သူတွေကိုဖမ်းမိတယ်လို့စစ်ကောင်စီထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ- ထုတ်ပြန်ချက်
ရန်ကုန်၊အင်းစိန်ထောင်တွင်း ထောင်ဝင်စာလက်ခံတဲ့နေရာမှာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၉ ရက်ဖြစ်ခဲ့တဲ့ပေါက်ကွဲမှုက ကျူးလွန်သူတွေကိုဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီက ဒီကနေ နိုဝင်ဘာ၁၄ ရက်ညပိုင်းကထုတ်ပြန်လာပါတယ်။
ကျူးလွန်သူ ၂ဦးဟာ ဇနီးမောင်နှံဖြစ်ပြီး အမျိုးသားဖြစ်သူလူငယ်ဟာ မြန်မာ့မီးရထား(ရန်ကုန်)၊ ဒီဇယ်စက်ခေါင်းပြင်အလုပ်ရုံ၊ လျှပ်စစ်ဌာနက CDMဝန်ထမ်းဖြစ်ပြီး အခုနှစ်ဇန်နဝါရီလမှာ Z Fighter အဖွဲ့နဲ့ချိတ်ဆက်မိရာကနေ ဖောက်ခွဲမှုတွေကိုကျူးလွန်တာလို့စစ်ကောင်စီထုတ်ပြန်ချက်ကဆိုပါတယ်။ Z Fighter အဖွဲ့ဝင်ဖြစ်ပြီးနောက် “Special Task Agency of Burma (STA) အထူးတာဝန်လုပ်ငန်းအဖွဲ့မှာ အဖွဲ့ဝင်အဖြစ်ထပ်မံဝင်ရောက်ခဲ့တာလို့ လည်းဆိုပါတယ်။
အင်းစိန်ထောင်တွင်းထောင်ဝင်စာနေရာ ပေါက်ကွဲမှုဗီဒီယိုကို လူမှုကွန်ရက် Social Media ပေါ်မှာဖော်ပြခဲ့တဲ့မှတ်တမ်းကနေ ကျူးလွန်တဲ့ကွင်းဆက်ကိုဖော်ထုတ်ခဲ့တာလို့လည်း ထုတ်ပြန်ချက်ကဖော်ပြပါတယ်။ အခုဖမ်းဆီးထားသူ၂ဦးထဲက လူငယ်အမျိုးသမီးကို ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊မင်းရဲကျော်စွာလမ်းရှိ ဒဂုံတက္ကသိုလ်မှတ်တိုင်မှာ အောက်တိုဘာ ၂၅ ရက်ညနေပိုင်းက ဖမ်းဆီးမိတာလို့ဆိုပါတယ်။အဲဒီနောက် အမျိုးသားဖြစ်သူကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာ ပေါက်ကွဲစေတဲ့ပစ္စည်းအချို့နဲ့ဖမ်းမိခဲ့တာလို့ထုတ်ပြန်ထားပါတယ်။
အခုကျူးလွန်သူဆိုပြီးဖမ်းဆီးထားသူ ၂ဦးကို အင်းစိန်မြို့မရဲစခန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)/၅၄ တို့နဲ့ကနဦးအမှုဖွင့်အရေးယူထားတယ်လို့ဆိုပါတယ်။ဖမ်းဆီးဖို့ကျန်နေသူ ၂ဦးရှိပြီး ဆက်လက်ဖမ်းဆီးရမိရေးဆောင်ရွက်မယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်ကဖော်ပြပါတယ်။
စစ်ကောင်စီက ဝန်ကြီးနှစ်ဦးကို အနားပေး ၊စစ်အင်ဂျင်နီယာညွှန်မှူး ဆောက်လုပ်ရေးဝန်ကြီးဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ပြည်ထောင်စုဝန်ကြီးနှစ်ဦးကိုတာဝန်က အနားပေးတယ်လို့ စစ်ကောင်စီကဒီကနေ့နိုဝင်ဘာ၁၄ရက်ညပိုင်းမှာကြေညာပါတယ်။ အနားပေးခံရတဲ့ဝန်ကြီးတွေကတော့ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေလေး နဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးတင်ထွဋ်ဦးတို့ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မျိုးသန့်ကိုလည်းစစ်ဖက်တာဝန်ကနေ အနားပေးလိုက်ပြီလို့ တပ်တွင်းသတင်းရင်းမြစ်တွေကသိရပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ဝန်ကြီးအသစ် ဖြစ်လာပါတယ်။ စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာကို လက်ရှိသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဝန်ကြီးဦးလှမိုးကပူးတွဲတာဝန်ယူမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်၁၉ ရက်ကလည်းစစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဦးခင်ရီ၊ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၂ က ဝန်ကြီး ဦးချစ်နိုင်နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်တို့ကို တာဝန်ကအနားပေးခဲ့ပြီး စစ်ကောင်စီဟာ သူ့ရဲ့ အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, ဝက်လက်သတင်းကွန်ရက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းတောကြီးကျေးရွာမှာ မီးရှို့ခံထားတဲ့ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်သွားပြီးတဲ့နောက်မှာ ဒီကနေ့နိုဝင်ဘာ၁၄ရက်မှာ မြင်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထန်းတောကြီးကျေးရွာ ဘူတာမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေ မနေ့ နိုဝင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာ အခုလို မီးရှို့ခံထားရတဲ့အလောင်း ၄ လောင်းထက်မနည်းကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။
‘‘မနေ့က တိုက်ပွဲအပြီးမှာ ထန်း(တော)ကြီးရွာ အနောက်ပိုင်း၊ တောင်ပိုင်းနဲ့ ရွာအလယ်ပိုင်းကို မီးရှို့ခဲ့တာပါ။ အိမ်ခြေရာချီရှိတဲ့ရွာကြီးဆိုတော့ အနည်းဆုံး အိမ် ၃၀၀ လောက် မီးထဲပါသွားတယ်။ ထပ်တိုးနိုင်ချေရှိတယ်။ မီးရှို့ခံထားရတဲ့ အလောင်းတွေလည်း တွေ့ပေမဲ့ ပြည်သူတွေလား၊ သူတို့ တပ်ဖွဲ့ဝင်တွေလားဆိုတာ သဲသဲကွဲကွဲသိဖို့ လုပ်နေတုန်းဖြစ်ပါတယ်’’ လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပြောပါတယ်။
ဒီနေ့မှာတော့ ထန်းတောကြီးရွာထဲနေ ကျောင်းဖြူ ကျေးရွာကို ထွက်သွားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဆက်ဖြစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြန်ဆုတ်ခဲ့ပြီး လက်ရှိမှာ ဒေသခံ တွေ ဘေးကင်းရာရွှေ့ပြောင်းနိုင်ရေးကိုပဲ အဓိက လုပ်နေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကပြောထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်သာခြားထားတဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် မန္တလေးတိုင်း၊ ဝက်လက်နယ်ထဲက ရှိမ်းမကားတောင်တန်းတွေ၊ နောက် မန္တလေးဘက်က စဥ်ကူးနယ်ထဲတို့မှာ အင်အားရာချီပါတဲ့စစ်ကြောင်း ၃ ကြောင်းနဲ့ဖြန့်ကြက်ထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားပါတယ်။
လှိုင်ပေါက်ကွဲမှုမှာ ဒဏ်ရာရအမျိုးသားကို စစ်ကောင်စီတပ် လာခေါ်သွား

ဓာတ်ပုံ ရင်းမြစ်, Hlaing Info
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဗဟိုလမ်းမပေါ်က ကမာရွတ်ဘူတာအနီးမှာ မနေ့ နိုဝင်ဘာလ ၁၃ ရက် ညပိုင်းတုန်းကဖြစ်ပွားတဲ့ပေါက်ကွဲမှုမှာ ဒဏ်ရာရခဲ့သူ အသက် ၅၀ ဝန်းကျင်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ညတွင်းချင်းလာခေါ်သွားတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ချိန် ဗဟိုလမ်းပေါ် စက်ဘီးနဲ့ ဖြတ်လာတဲ့အဲဒီအမျိုးသားဟာ သူရထားတဲ့ ဒဏ်ရာတွေကို သူနေထိုင်ရာ လှိုင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက် အတွင်းက ဆေးခန်းတစ်ခုမှာ ဝင်ပြနေချိန် မကြာခင်မှာပဲ စစ်ကောင်စီတပ်ဘက်က စစ်ကား ၂ စီးနဲ့လာရောက် ခေါ်ဆောင်သွားခဲ့ တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကားကို ပစ်မှတ်ထားတဲ့အဲဒီပေါက်ကွဲမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ပေါက်ကွဲမှုဖြစ်ချိန် အနီးနားဖြတ်သန်းသွားတဲ့အိမ်စီးကား တစ်စီးရဲ့ ယာဥ်မောင်းတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြပါတယ်။
ဆေးခန်းပြတဲ့အမျိုးသားဟာ ဖောက်ခွဲရေးပြုလုပ်တဲ့သူဖြစ်ပြီး မနေ့က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ အာဏာသိမ်းဆန့်ကျင်ရေး လူထုလှုံ့ဆော်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူအမျိုးသားဖြစ်တယ်လို့ အဲဒီချန်နယ်တွေက ဖော်ပြပါတယ်။
ဒါပေမဲ့ အဲဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ရန်ကုန်တော်လှန်ရေးလူငယ့်အင်အားစု(YRF)ကတော့ ဖမ်းဆီးခံရသူဟာ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုမှာ ပါဝင်သူ မဟုတ်ဘဲ သာမန်အရပ်သားတစ်ဦးဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
လှိုင်မြို့နယ်မှာ ပေါက်ကွဲမှုဖြစ်တဲ့အနီးနားက အပြင် ဘူတာရုံလမ်းမပေါ်မှာပါ စစ်ကောင်စီတပ်ဘက်က လူငယ်တွေကို အဓိက ပစ်မှတ်ထားတဲ့ စစ်ဆေးမှုတွေကို မနေ့ညပိုင်းတုန်းက တင်းတင်းကျပ်ကျပ်ပြုလုပ်ခဲ့တယ်လို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။
မူဆယ်မြို့က KTV တစ်ခုအနီးပေါက်ကွဲမှု ပြည်သူ့စစ် ၂ ဦးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ မင်္ဂလာမူဆယ်အိမ်ရာအနီးမှာ ရှိတဲ့ ကေတီဗီတစ်ခုအနားမှာ ပေါက်ကွဲမှုအတွင်း အဲဒီအနီးတဝိုက် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်လက်အောက်က ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ဖောက်ခွဲမှုတွေဟာ မင်္ဂလာမူဆယ်အိမ်ရာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းဖွင့်ထားတဲ့ Top One KTV ကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဖောက်ခွဲမှုပြုလုပ်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့-PSDA အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့စစ်တွေအနေနဲ့ စစ်တပ်နဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်တာ မလုပ်ဖို့ တိုက်ခိုက်ပြီး သတိပေးခဲ့တာလို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။
ဒဏ်ရာရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ လုံခံပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်ပြီး အခုတော့ မူဆယ်ဆေးရုံကြီးကို ဒဏ်ရာတွေနဲ့ ကုသမှုခံယူနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ချိန်ကို ရိုက်ကူးထားတယ်ဆိုတဲ့ရုပ်သံဖိုင်မှာတော့ မင်္ဂလာမူဆယ်အနီး လမ်းမကြီး လမ်းလယ်ကျွန်းအနီးမှာ လုံခြုံရေးယူနေတဲ့ တူညီဝတ်စုံဝတ် လက်နက်ကိုင်အမျိုးသား ၂ ဦးအနီး တစ်ပေခန့် အကွာမှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တာကိုတွေ့ရပါတယ်။
မူဆယ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့သြဂုတ်လအတွင်းမှာဆိုရင် ပြည်သူ့စစ်တွေကို ပစ်ခတ်ထားတဲ့ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ရက်ပိုင်းသာခြားပြီး ဖြစ်ပွားခဲ့ပါတယ်။
မြိတ်မှာ ငါးမှုန့်ကြိတ်ကန်ထဲ ပြုတ်ကျတဲ့အမျိုးသား ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ချစ်ကြည်ရေးပရဟိတအသင်း-မြိတ်
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်ထဲမှာရှိတဲ့ ငါးအမှုန့်ကြိတ်စက်ရုံထဲက ငါးကြိတ်ကန်ထဲကို အလုပ်သမားအချို့ ပြုတ်ကျမှုဖြစ်ပြီး အဲဒီထဲက ၃ ဦးသေဆုံးတယ်လို့ မြို့ခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ငါးမှုန့်ပြုလုပ်ဖို့ ငါးတွေ ကြိတ်ထားတဲ့ကန်ထဲကို မနေ့ နိုဝင်ဘာလ ၁၃ ရက် ညပိုင်းမှာ လုပ်သားအမျိုးသားတစ်ဦး ပြုတ်ကျခဲ့တာကြောင့် ကျန်တဲ့အမျိုးသားတွေက ကန်ထဲဆင်းကယ်ရာကနေ အောက်စီဂျင်ပြတ်သေဆုံးခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
‘‘ငါးအမှုန့်လုပ်ဖို့ ငါးကြိတ်ဖတ်စတွေ၊ အရည်တွေ ရောနေတဲ့ ကန်ထဲကို အဲဒီအမျိုးသားတွေ ကျသွားတာ။ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေရောက်တော့ ကန်ထဲကနေ ကယ်ခဲ့ရသူ ၅ ဦးမှာ ၃ ဦးဆုံးတယ်။ ဆေးရုံကြီးပို့ခဲ့ရတဲ့ အမျိုးသား ၂ ဦး ဆုံးတယ်။ ကန်ထဲမြုပ်နေတဲ့ အမျိုးသားအလောင်း ၁ လောင်းထပ်တွေ့တယ်’’ လို့ ကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
ငါးအမှုန့် ကြိတ်အနံ့ဟာ အနံ့ပြင်းလွန်းတာကြောင့် မူးမေ့လုနီးပါးဖြစ်ခဲ့တဲ့ကယ်ဆယ်ရေးအဖွဲ့မှာပါဝင်သူတစ်ဦးကိုလည်း ဆေးရုံပို့ခဲ့ရတယ်လို့ သိရပါတယ်။
KIO အဖွဲ့က လူ ၁၃ ဦးကို မြစ်ကြီးနား စရဖ စစ်ဆေးနေ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဖမ်းဆီးခံခဲ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်(KIA)ရဲ့ အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ KIO က အရာရှိ ၁၃ ဦးကို မြစ်ကြီးနား စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ကနေ စစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲဒီအမျိုးသားတွေကို စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့ပေါ်က ကေတီဗီတစ်ခုမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၂ ရက် ညပိုင်းတုန်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့နဲ့အတူ ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၃ ဦး ပြန်လွတ် လာပြီလို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့အုပ်ချုပ်ရေးပိုင်းအရာရှိတွေဟာ KIO ခေါင်းဆောင်မှုသင်တန်းတစ်ခုကို တက်ရောက်ကြသူတွေဖြစ်ပြီး မြို့ပေါ်မှာ ဆုံကြချိန် အခုလို ဖမ်းဆီးခံရတာလို့ KIO နဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကို အတည်ပြု ပါတယ်။
‘‘အုပ်ချုပ်ရေးပိုင်းမှာပါနေတဲ့သူတွေကတော့ သွားလာနေကြတာပါပဲ။ စစ်သားတွေကတော့ တောထဲမှာနေကြတာပေါ့။ အုပ်ချုပ်ရေးပိုင်းက လူတွေကလည်း မြို့ကိုလည်းလာတာရှိတယ်၊ တောမှာလည်းနေတယ်။ အခုက သတင်းပေါက်ကြားပြီးတော့ နာမည် အတိအကျနဲ့ ဖမ်းချင်လို့ ဖမ်းလိုက်တာလို့ ပြောလို့ရတယ်’’ ဆိုပြီး ကေအိုင်အို နဲ့နီးစပ်သူနောက်တစ်ဦးကလည်း ဘီဘီစီကို ပြောပါတယ်။
တစ်ဖက်မှာလည်း အနန့်ပါဒေသကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နောက် KIA ဘက်က လက်တုံ့ပြန်လာနိုင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် စစ်ကောင်စီဘက်က အခုလို ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ မြစ်ကြီးနားဒေသခံတွေက ယူဆပြောဆိုနေကြပါတယ်။
စစ်တပ်စခန်း ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ KNU ပြော

ဓာတ်ပုံ ရင်းမြစ်, KNU
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ(KNU) တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်း ၃ ခုကို တရက်တည်းမှာ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ကေအဲယူဘက်က ဒီနေ့ သတင်းထုတ်ပြန်လာပါတယ်။
ကရင်လွတ်မြောက်ရေးတပ် (KNLA)တပ်ရင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ သံဆိပ်စခန်း၊ ဘောကထနဲ့ တုံးတံတားစခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်မှာ တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
အဲဒီစခန်းတွေကို တိုက်ခိုက်ဖျက်ဆီးချိန်မှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၁၀ ဦးကျော်သေဆုံးပြီး ဒဏ်ရာရတွေရှိသလို MA သေနတ် ၈ လက်အပါအဝင် လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်း မိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
စခန်းတွေ တိုက်ခိုက်ခံရချိန် စစ်ကောင်စီဘက်က နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုတွေနဲ့ အိုးအိမ် အဆောက်အဦထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ ကေအဲန်ယူဘက်က ပြောပါတယ်။
တဖက်မှာလည်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုကြောင့် ရွာပေါင်း ၁၈ ရွာက လူပေါင်း ၂ သောင်းကျော်ဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အခက်အခဲများစွာ ကြုံနေရတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ နိုဝင်ဘာလ ၁၂ ရက်မှာ ညောင်လေးပင်ခရိုင်အတွင်း စခန်းတွေ ဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့ တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။
အာဏာသိမ်းမှုဖြစ်ပြီးကတည်းကနေ လက်ရှိအချိန်အထိဆိုရင် ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်း ၇ ခုကို တိုက်ခိုက် ဖျက်ဆီးခဲ့ပြီးပြီလို့ ကေအဲန်ယူဘက်က ပြောထားပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေလွှတ်ပေးဖို့နဲ့ အာဆီယံမူ ၅ချက်ကိုအကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို အမေရိကန်သမ္မတပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
စစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးရမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ကပြောပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့မှာ မြန်မာစစ်တပ်အပေါ် ဖိအားပေးတိုးမြှင့်လုပ်ဆောင်ဖို့ နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ အရေးကြီးတယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ကပြောကြားကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
မနေ့ နိုဝင်ဘာ၁၃ရက်မှာ အိမ်ဖြူတော်ကထုတ်ပြန်တဲ့ ပြီးခဲ့တဲ့ရက်က ဖနွမ်းပင် အာဆီယံအစည်းအဝေးကိုသမ္မတဘိုင်ဒန်တက်ရောက်ခဲ့တာနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်မှာ မြန်မာ့အရေးအဲဒီလိုပြောထားတာပါ။ဒါ့အပြင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်နဲ့ သမ္မတဘိုင်ဒန်တို့ တွေ့ဆုံချိန်မှာလည်း အလားတူပြောခဲ့ကြောင်း နိုင်ငံတကာသတင်းတွေကဖော်ပြပါတယ်။
မြန်မာနိုင်ငံအတွင်း ဆိုးရွားလာနေတဲ့အကျပ်အတည်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်းပြောထားသလို အာဏာသိမ်းခံထားရတဲ့ မြန်မာ့အရေးအဖြေရှာဖို့ အာဆီယံနဲ့နီးကပ်စွာပူးပေါင်းဆောင်ရွက်မယ်လို့လည်းပြောခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းကို ချက်ခြင်း ပြန်သွားဖို့ဆိုပြီး ဖနွမ်းပင် အာဆီယံအစည်းအဝေးတက်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရက်စ်ကလည်းပြောခဲ့သလို အာဆီယံနိုင်ငံတွေထဲ မလေးရှား၊စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ကလည်း မြန်မာ့အရေးဖြေရှင်းဖို့စစ်တပ်ရဲ့ အကောင်အထည်ဖော်မှုဟာအားနည်းတယ်လို့ထောက်ပြနေကြတာပါ။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ပြီးခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးက ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်အရ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်ကို ဆက်ပြီး ကိုင်စွဲထားမှာ ဖြစ်ပေမဲ့ အကောင်အထည်ဖော်မယ့် အချိန်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အာဆီယံကထုတ်ပြန်ထားတာပါ။ စစ်ကောင်စီကတော့ မြန်မာ့အရေးအာဆီယံကြေညာချက်ကို ကန့်ကွက်ထားပါတယ်။








