ရိုးရာအကပြိုင်ပွဲတွေ မတွေ့ရတဲ့ ရန်ကုန်မြို့လယ်က တရုတ် နှစ်သစ်ကူးပွဲ

ရေးသားခဲ့သည်။

အရင်က တရုတ်ရိုးရာ နဂါးအကပြိုင်ပွဲတွေ ခြင်္သေ့အကပြိုင်ပွဲတွေနဲ့ ခြိမ့်ခြိမ့်သဲ စည်စည်းကားကားကျင်းပလေ့ရှိတဲ့ ရန်ကုန်မြို့လယ် တရုတ်တန်း တရုတ်နှစ်သစ်ကူးပွဲမှာ ဒီနှစ်မှာတော့ ဒီလို အကပြိုင်ပွဲတွေ မတွေ့ရပါဘူး။

ရန်ကုန်မြို့လသာလမ်းမှာ တရုတ်နှစ်သစ်ကူးဆိုရင် အရင်က လမ်းမပေါ်မှာ အနီရောင် တရုတ်မီးပုံးတွေချိတ်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ မီးပုံတွေ မတွေ့ရတဲ့အကြောင်း ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

“ဘုံကျောင်းက လိုက်ကတဲ့ ခြင်္သေ့အက ကားနှစ်စီးလောက်တော့ တွေ့လိုက်တယ်၊ စစ်အာဏာသိမ်းပြီးကတည်းက နှစ်ကူးမစည်တာကြာပြီ”လို့ လသာမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။

 ရန်ကုန်မြို့က တရုတ်တန်းမှာတော့ ငွေကြေးဖောင်းပွမှုတွေကြောင့် အခုနှစ်မှာ စျေးနှုန်း နှစ်ဆတက်လာတဲ့ နှစ်သစ်ကူးအသုံးအဆောင်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေဟာ အရောင်း အဝယ်အေးခဲ့တဲ့အကြောင်း ဆိုင်ရှင်အချို့က ဘီဘီစီကို ပြောပါတယ်။

စားသောက်ဆိုင်တွေ နဲ့ စည်ကားလေ့ရှိတဲ့ ရန်ကုန်မြို့ ၁၉ လမ်းမှာတော့ လာရောက် စားသောက်ကြသူတွေ ရှိတယ်လို့ လည်း ဆိုပါတယ်။

 

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့က တရုတ်တန်းမှာ အရင်က စည်စည်ကားကား ကျင်းပလေ့ရှိပါတယ်။

လမ်းမတော်လမ်း၊ စဉ့်အိုးတန်းလမ်း၊ လသာလမ်း စတဲ့ တရုတ်တန်းထဲက လမ်းတိုင်း လမ်းတိုင်းမှာ တရုတ်ရိုးရာမီးပုံးအနီတွေ ချိတ်ဆွဲ အလှဆင်ထားလေ့ရှိပါတယ်။

လမ်းမတွေပေါ်မှာ တရုတ် ရိုးရာ နဂါး အက ခြင်္သေ့အက ကပြတာတွေ တရုတ်ရာဇဝင်၊ ထုံးတမ်းစဉ်လာတွေကို ဖော်ကျူးပြီး သီဆိုတာတွေ၊ အပြင် တရုတ်ဘုံကျောင်းတွေမှာလည်း ဘုရားရှိခိုးသူ လာရောက် ဆုတောင်းကြသူတွေနဲ့ စည်စည်ကားကား ဖြစ်နေလေ့ရှိပါတယ်။

 တရုတ်နှစ်သစ်ကူးပွဲတော် ဆင်နွှဲဖို့ လမ်းမတွေပေါ်မှာလည်း အသက်အရွယ်မရွေး လူရွယ် လူကြီးတွေနဲ့ တိုးမပေါက်အောင် စည်ကားလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်က ရန်ကုန်မြို့ တရုတ်တန်းမှာလုပ်တဲ့ နှစ်သစ်ကူး ဖွင့်ပွဲကို ရန်ကုန် တိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် ပွဲတော်ကို လာရောက်ဖွင့်လှစ်ခဲ့ပြီး တရုတ်သံအမတ် အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး လည်း တက်ရောက်ခဲ့ဘူးပါတယ်။

 ၂၀၁၇ ခုနှစ်ဝန်းကျင်က တရုတ်နှစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းအစိုးရရဲ့ အမိန့်နဲ့ စည်စည်ကားကား ပထမဆုံး ကျင်းပခဲ့ပြီး အဲဒီတုန်းက ပွဲတော်ကို တရုတ်နိုင်ငံ ယူနန် နဲ့ ဖူးကျန့် ပြည်နယ်က အဆိုအက အဖွဲ့တွေ လာရောက်ပြီး တရုတ်ရိုးရာ အကအလှတွေကို ဖျော်ဖြေခဲ့ကြပါတယ်။ 

 တရုတ်ရိုးရာအရ အခုနှစ်ဟာ ကျားနှစ်ကနေ ယုန်နှစ်ကို ကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူး အချိန်အခါသမယ လည်း ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့လယ်က တရုတ်တန်းမှာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ထူးထူးခြားခြား ကျင်းပတာမျိုးတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

 မနေ့က ဇန်နဝါရီလ ၂၁ ရက်နေ့ကတော့ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံခန်းမမှာ တရုတ်သံရုံးက ပြုလုပ်တဲ့ တရုတ်နှစ်သစ်ကူးနေ့အကြို အခမ်း အနားကို စစ်ကောင်စီဥက္ကဋ္ဌ တက်ရောက်ခဲ့ပါတယ်။

မြန်မာဟာ တရုတ်အတွက် အိမ်နီးချင်းကောင်းအဖြစ်ဆက်ရှိနေမယ်ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့က ရန်ကုန်မြို့မှာ တရုတ်သံရုံးက ဦးဆောင်ပြုလုပ်တဲ့ နှစ်သစ်ကူးနေ့ အကြိုပွဲကို တက်ရောက်ရင်း ပြောခဲ့ပါတယ်။

အာဏာသိမ်း ၂ နှစ် ပြည့်ခါနီးမှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးကာလမှာ  မြန်မာပြည်တွင်းက တရုတ်လူမျိုးအချို့ကတော့ စစ်ကောင်စီ ဥက္ကဋ္ဌ နှစ်သစ်ကူးပွဲအကြိုကို လာတက်တာကို ဆိုရှယ်မီဒီယာမှာ တက်လာမှ သိရတယ်လို့ သူတို့က ပြောပါတယ်။

 မြန်မာဟာ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားတွေအတွက် မျက်နှာ နှစ်ဖက် ဆက်ဆံရေးမျိုး မရှိတဲ့ ယုံကြည် စိတ်ချရတဲ့ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း အရေးကြီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

တရုတ်နှစ်ကူးပွဲကို အခုနှစ်က အာဏာသိမ်းစစ်ခေါင်းဆောင်တက်ခဲတယ်ဆိုပေမဲ့ ရန်ကုန်မြို့လယ်မှာတော့ အရင်နှစ်တွေလောက်မစည်ကြောင်း ဘုံကျောင်းတွေလောက်ဘဲ သွားတာတွေ့ရတယ်လို့ လည်း ရန်ကုန်မြို့လမ်း ၂၀ မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မှာ တရုတ်နှစ်သစ်ကူးနဲ့အတူ မြင်တွေ့ရလေ့ရှိတဲ့ ခြင်္သေ့အက နဂါးအက ပြိုင်ပွဲတွေ၊ နောက် တရုတ်ဘုံကျောင်းတွေက အကအဖွဲ့တွေဟာ ရန်ကုန်မြို့တွင်းလမ်းတွေမှာ ဒီနှစ်များများစားစား မတွေ့ရသလို မန္တလေးမြို့လယ်က တရုတ်တန်းမှာလည်း  တရုတ်နှစ်သစ်ကူးနေ့ဟာ  လူသွားလူလာရှိပေမဲ့ စည်စည်ကားကားမဟုတ်တဲ့အကြောင်း မြို့ခံတွေက ဘီဘီစီကို ပြောပြပါတယ်။

မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတဲ့ မန္တလေးမှာ တရုတ်နွယ်ဖွားတွေဟာ ခါတိုင်းနှစ်တွေလို စည်စည်ကား ကား မပြုလုပ်ဘဲ ဘုံကျောင်းသွားတာ၊ နေအိမ်မှာ မိသားစုတွေ့ဆုံတာလောက်နဲ့ နှစ်သစ်ကြိုကြတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

 နိုင်ငံရေးအခြေအနေကြောင့် ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှု မတိုင်ခင်က အခြေအနေလို စည်စည်ကားကား မရှိလှဘဲ မြန်မာပြည်တွင်းက တရုတ်နွယ်ဖွားတွေ နှစ်သစ်ကူးကို ဖြတ်ကျော်နေချိန်မှာပဲ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို နှစ်ကူး သဝဏ်လွှာပေးပို့တာကို တွေ့ရပါတယ်။

မြန်မာပြည်သူတွေနဲ့ NUG တို့ ဆင်နွှဲနေတဲ့ တော်လှန်ရေး အသီးအပွင့်ဟာ တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ပိုအကျိုးရှိစေလိမ့်မယ်ဆိုတဲ့ သတင်းစကားပါးထားတာ လည်း တွေ့ရပါတယ်။