ဒေါ်လာ အပြင်စျေး ၂၈၀၀ ဝန်းကျင် ကို ပြန်ကျ

ရေးသားခဲ့သည်။

 ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုန်း အပြင်စျေး ဟာ တဖြည်းဖြည်း ကျဆင်းလာနေခဲ့ပြီး ဒီကနေ့ စက်တင်ဘာလ ၂၉ နေ့လယ်ပိုင်းမှာတော့ အပြင်စျေး ကျပ် ၂၈၀၀ ဝန်းကျင် ကိုရောက်ရှိလာကြောင်း ရန်ကုန်မြို့ခံ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ ကျပ်သတ်မှတ်ထားခဲ့ပြီးတော့ သြဂုတ်လ လကုန်ပိုင်းအတွင်းမှာ အပြင်စျေး တစ်ဒေါ်လာကို ၄၃၀၀ ဝန်းကျင်အထိကို စံချိန်တင်စျေးရောက်ခဲ့တာ ဖြစ်ပါတယ်။

 ပြင်ပ ဒေါ်လာစျေးတွေ တက်လာပြီးနောက် စစ်ကောင်စီဗဟိုဘဏ်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ ဝင်ငွေတွေကို တရားဝင်ရောင်းဝယ်ခွင့်ရှိတဲ့ (Authorized Dealer) AD ဘဏ်တွေက တစ်ဆင့် ပြည်တွင်းကို လွှဲပြောင်းရာမှာ မိမိကိုယ်တိုင် အသုံးပြုရန်ဖြစ်စေ၊ တခြားသူများကို လွှဲပြောင်းခြင်းကို ဖြစ်စေ၊ ဘဏ်ကိုရောင်းချခြင်းကို ဖြစ်စေ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး လွတ်လပ်စွာ လုပ်ဆောင်နိုင်‌တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင်  စက်သုံးဆီစျေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စျေးနှုန်းကြီးမြင့်လာမှု သက်သာ‌စေရန်ဆိုပြီး နိုင်ငံခြားသုံးငွေစျေးကွက်က တစ်ဆင့်  ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မှာဖြစ်တယ်လို့   မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၃၁ ရက်၌ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်တွေ ထွက်လာပြီးနောက်ပိုင်း စက်တင်ဘာလဆန်းကစကပြီး ဒေါ်လာစျေးတွေ ၃၅၀၀ ဝန်းကျင်ကနေ တဖြည်းဖြည်းပြန်ကျလာခဲ့တာဖြစ်ပြီးတော့ စက်တင်ဘာလ ၂၈ ရက်နေ့ကစပြီးတော့ အပြင်စျေး တစ်ဒေါ်လာကို ကျပ် ၃၀၀၀ အောက်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒေါ်လာစျေးတွေ ကျဆင်းလာသလို ဒီကနေ့မှာ ပြည်တွင်းရွှေစျေးတွေလည်း ကျဆင်းလာနေတယ်လို့ ရန်ကုန်မြို့ခံလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်‌ရွှေစျေးက ဒီကနေ့ မှာ အပြောင်းအလဲ မြန်မြန်ဆန်ဆန်ကျဆင်းနေပြီး အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၂၅ သိန်းဝန်းကျင် အထိကို ကျဆင်းလာနေတာလို့ လုပ်ငန်းရှင် တွေက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၉ ရက်နေ့မှာလည်း စစ်ကောင်စီ မြန်မာကျောက်မျက်ရတနာလုပ်ငန်းက ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ရွှေ ၃ ပိဿာစီရောင်းပေးမယ်လို့ ကြေငြာခဲ့ပါတယ်။

အလားတူ ရွှေဒင်္ဂါးပြားတွေ ရောင်းချနေတာကို ဆက်လက်ရောင်းချပေးမှ ာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စက်တင်ဘာလဆန်းက ဒေါ်လာစျေးတွေနဲ့အတူ ပြင်ပရွှေစျေးဟာ တစ်ကျပ်သားကို ၃၁ သိန်းခွဲခန့် အထိ‌စျေးပေါက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း စက်သုံးဆီစျေးတွေကျဆင်းလာနေပြီး စက်သုံးဆီ ၉၂ တစ်လီတာကို ကျပ် ၂၂၀၀ ကျော်ကနေ ကျပ်၂၁၄၀ ခန့်အထိ ရန်ကုန်မှာ ပြန်ပြီးကျဆင်းနေတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

စားသောက်ကုန်တွေ အဓိကတင်သွင်းနေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရာမှာ သုံးတဲ့ ဘတ်စျေးကလည်း တစ်ဘတ်ကို ကျပ် ၁၀၀ ဝန်းကျင်ကနေ ၇၅ ကျပ်ဝန်းကျင်အထိ ကျဆင်းလာနေတယ်လို့ ထိုင်းနယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။

စက်သုံးဆီ ရည်ညွှန်းစျေးတွေလည်း အခုရက်ပိုင်း ပြန်လည်ကျဆင်းနေတဲ့ အတွက် ဒေါ်လာ စက်သုံးဆီကြောင့်ဆိုပြီး စျေးတွေခုန်တက်သွားခဲ့တဲ့ ကုန်စျေးနှုန်းတွေ ပြန်ကျဖို့ကို လူတွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။

"တက်တုန်းကတော့ မနက်တစ်စျေး၊ နေ့လယ်တစ်စျေး ခုန်တက်သွားတာ အခု ဒေါ်လာ နဲ့ဆီစျေးတွေ တဖြည်းဖြည်းကျနေပေမယ့် ကုန်စျေးနှုန်တွေ မကျဘူး"လို့ ပြည်တွင်းမှာ စျေးကျတာမရှိဘူးလို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

စျေးကွက် သတင်းတွေအရ ရန်ကုန်လက်လီစျေးကွက်မှာ ရောင်းဝယ်နေတဲ့ ဆန်စျေးတွေ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက စပြီး တောက်လျှောက်တက်လာခဲ့ရာကနေ အခုအခါ ပြန်လည်ကျဆင်းလာနေပြီလို့ ရန်ကုန်မြို့က ဆန်လက်လီရောင်းဝယ်တဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်း မိုးစပါးအသစ်တွေလည်းထွက်နေပြီး ဆန်သစ်တွေလည်းပေါ်လာပြီဖြစ်လို့ လာမယ့် ရက်ပိုင်းစျေးတွေ ထပ်ကျနိုင်တယ်လို့ သူက ပြောပါတယ်။

ဆန်းကြမ်းဇီယာက တစ်အိတ်ကို ကျပ် ၄၆၀၀၀ ကနေ ကျပ် ၄၄၀၀၀ ထိ ကျလာတယ်၊ ရွှေဘိုပေါ်ဆန်းက ထိပ်စက ပြီးခဲ့တဲ့ ရက်ပိုင်း ကျပ် ၉၅၀၀၀၀ ဝန်းကျင်ကနေ ကျပ် ၉၁၀၀၀၀ ထိကို ကျလာတယ်လို့ ရန်ကုန်က ဆန်လက်လီကုန်သည်တစ်ဦး ကပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလဆန်းကစလို့  ဆန် ၊ဆီ အပါအဝင် အခြေခံစားသောက်ကုန် ကုန်စျေးနှုန်းတွေဟာ ‌ဒေါ်လာစျေးနဲ့ စက်သုံးဆီစျေးတွေတက်လာတာနဲ့ အတူလိုက်ပြီး တဖြည်းဖြည်းတက်လာခဲ့တာဖြစ်ပါတယ်။