ငလျင်ကြောင့် တူရကီနဲ့ဆီးရီးယားနှစ်နိုင်ငံပေါင်း သေဆုံးတဲ့သူ ၅၀၀၀ ကျော် သွားပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရရှိတဲ့သတင်းအချက်အလက်တွေအရ တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တူရကီနဲ့ဆီးရီးယားနိုင်ငံပေါင်း သေဆုံးတဲ့ဦးရေ ၅၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
တူရကီက သေဆုံးတဲ့အရေအတွက်ဟာ အနည်းဆုံး ၃၄၁၉ ရှိသွားပြီဖြစ်တယ်လို့ တူရကီဒုသမ္မတ ဖူရက်အုတ်ခ်တေက အတည်ပြုထားပါတယ်။ တူရကီမှာ ဒဏ်ရာရတဲ့သူ နောက်ထပ် ၂၀၅၃၄ တိုး လာနေပြီး၊ အဆောက်အဦး ၆၀၀၀ နီးပါးပြိုကျခဲ့ပါတယ်။
ဆီးရီးယားမှာလည်း သေဆုံးတဲ့သူအရေအတွက်က ၁၆၀၂ ဦးအထိ တိုးလာနေပါတယ်။
တူရကီနိုင်ငံ သဘာဝဘေးအန္တရာယ်နဲ့ အရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ AFAD ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း ၂၄၄၀၀ ကျော်က ရှာဖွေရေးနဲ့ ကယ်ဆယ် ရေးလုပ်ငန်းတွေမှာ ကူညီလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန် အေးခဲနေတဲ့ ရာသီဥတုအခြေအနေကြောင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေ အဟန့်အတားဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။
ကုလသမဂ္ဂ၊ အီးယူ၊ နေတိုးနဲ့ အမေရိကန်၊ ယူကေ၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ အီရတ်၊ အီရန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂရိ၊ ပါကစ္စတန် အစရှိတဲ့ နိုင်ငံတွေက အစိုးရတွေကလည်း ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို နိုင်ငံတကာ အကူအညီတွေ ပေးပို့နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တူရကီနဲ့ ဆီရီးယား ငလျင်ကြီး - သေဆုံးသူ အရေအတွက် ၂၃၀၀ ကျော်လာ
တူရကီနဲ့ ဆီရီးယား ငလျင်ကြီး ကြောင့် သေဆုံးသူ အရေအတွက် ၂၃၀၀ ကျော်လာပြီလို့ သိရပါတယ်။
တူရကီနိုင်ငံမှာ ဒီကနေ့ ဖေဖောဝါရီလ ၆ ရက် မနက်က ငလျင်လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁,၄၉၈ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ တူရကီ နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။
ဒါအပြင် ဆီးရီးယားနိုင်ငံမှာလည်း ငလျင်ကြောင့်သေဆုံးသူ အရေအတွက် ဟာ ၈၁၀ ရှိလာပြီဖြစ်တဲ့အတွက် တူရကီနဲ့ ဆီးရီးယားမှာ ကနဦးငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၂၃၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။
တူရကီမှာ နောက်ထပ် ပြင်းအား ၇.၅ ရှိ ငလျင်တစ်ခုထပ်လှုပ်
တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ငလျင်ဗဟိုချက်အနီးက ကာဟာမန်းမရပ်ရှ်မြို့အနီးမှာ ပြင်အား ၇.၅ ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့ပါတယ်။
တူရကီ နဲ့ ဆီးရီးယားမှာ လူ ၁၂၀၀ ကျော်သေဆုံးခဲ့တဲ့ အင်အား ၇.၈ ငလျင်ကြီးလှုပ်ခတ်သွားခဲ့အပြီးမှာ ဒုတိယအကြိမ် ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
တူရကီမှာ သေဆုံးသူ အရေအတွက် ၉၁၂ ဦးလို့ တူရကီ အစိုးရက အတည်ပြုထားပြီး ဆီးရီးယားမှာ ၃၂၀ ဦးလို့ သိရတဲ့အတွက် ပထမ ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၁၂၀၀ ကျော်မယ် ခန့်မှန်းထားကြပါတယ်။
ဒီနောက်ဆက်တွဲ ငလျင်လှုပ်တဲ့ နေရာဟာ ပထမအကြိမ် ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ဗဟိုချက် ဂါဇီအန်းတပ်မြို့ရဲ့မြောက်ဘက် မိုင် ၈၀ ခန့်အကွာမှာ ရှိပါတယ်။
ပထမငလျင်လှုပ်ခတ်ပြီးနောက် ကာဟာမန်းမရပ်ရှပ်မြို့ မှာ လူ ၇၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒုတိယအကြိမ် လှုပ်တဲ့ ငလျင်ကြောင့် လူအသေအပျောက်စာရင်းကိုတော့ မသိရသေးပါဘူး။

တူရကီနဲ့ဆီးရီးယားမှာလှုပ်တဲ့ ငလျင်၊ သေဆုံးတဲ့သူ တစ်ထောင်ကျော်သွားပြီ

ဓာတ်ပုံ ရင်းမြစ်, Shutterstock
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တူရကီတောင်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်က သေဆုံးတဲ့အရေအတွက် တစ်ထောင်ကျော်ရှိလာနေပြီး၊ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် ကြိုးစား လုပ်ဆောင်နေရပါတယ်။
တနင်္လာနေ့အစောပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၈ မဂ္ဂနီကျူ့ ပမာဏရှိတဲ့ ငလျင်က လူတွေ အိပ်နေတုန်းအချိန်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး၊ နာရီပိုင်းအတွင်းမှာလည်း နောက်ဆက်တွဲ ငလျင် ဒါဇင်ပေါင်းများစွာ ဆက်တိုက်လှုပ်ခတ်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ သေဆုံးတဲ့သူအရေအတွက်က တူရကီတစ်နိုင်ငံတည်းမှာတင် လူ ၉၁၂ ဦး ရှိနေသလို ဒဏ်ရာရတဲ့သူ ၅၃၀၀ ကျော်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က အတည်ပြု ထားပါတယ်။
ဆီးရီးယားနဲ့ တူရကီ နှစ်နိုင်ငံလုံးက ရာနှင့်ချီတဲ့ အဆောက်အအုံတွေ ပြိုကျခဲ့တာကြောင့် အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတဲ့သူတွေကို ကယ်တင်ဖို့ ကြိုးစားနေရပါတယ်။
တူရကီနိုင်ငံက နိုင်ငံတကာကအကူအညီပေးဖို့ တူရကီကတောင်းဆိုအပြီးမှာ ဗြိတိန်ဝန်ကြီးချုပ် ရစ်ရှီဆူးနက်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းအပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေက အကူအညီပေးမယ်လို့ ကတိပြုခဲ့ကြပါတယ်။
တူရကီနိုင်ငံ ဂါဇီအန်းတပ် မြို့အနီးက လူတွေ ငလျင်ဗဟိုချက်လှုပ်ခတ်မှုဒဏ်ကို ရင်ဆိုင်ခဲ့ရပြီး၊ တူရကီ၊ ဆီးရီးယား၊ လက်ဘနွန်၊ ဆိုက်ပရပ်စ်နှင့် အစ္စရေးနိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီတဲ့ လူတွေ ဒီ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပါတယ်။
ပြီးခဲ့တဲ့နာရီပိုင်းက သေဆုံးသူ ၅၀၀ ကျော်အထိရှိတယ်လို့ ထုတ်ပြန်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ဆီးရီးယားနိုင်ငံနဲ့နယ်စပ် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် နှစ်နိုင်ငံပေါင်း သေဆုံးသူ ၅၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။
တူရကီနိုင်ငံတစ်နိုင်ငံတည်းမှာတင်သေဆုံးသူ ၂၈၄ ဦးရှိပြီး ဒဏ်ရာရသူ ၂၃၀၀ ကျော်ရှိတယ်လို့ တူရကီ ဒုတိယသမ္မတက ပြောခဲ့ပါတယ်။
နောက် တူရကီနဲ့ နယ်စပ် ဆီးရီးယားနိုင်ငံထဲမှာလည်း သေဆုံးသူ အရေအတွက်ဟာ ၂၃၇ ဦးအထိရှီလာတယ်လို့ ဆီးရီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအရေအတွက်ဟာ ဆီးရီးယားအစိုးရ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ အလက်ပို၊ လာတာကီယာ၊ ဟာမာနဲ့ တားတက်စ်ခရိုင်တွေက သေဆုံးသူအရေအတွက်ဖြစ်ပါတယ်။
ဒါ့အပြင် ဒဏ်ရာရသူ ၆၀၀ ကျော်အထိရှိတယ်လို့လည်း ဝန်ကြီးဌာနဘက်က ပြောပါတယ်။
သူပုန်တွေ ထိန်းချုပ်ထားတဲ့ အလက်ပိုဘက်အခြမ်းမှာတော့ သေဆုံးသူ ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။
ဆီးရီးယားနိုင်ငံထဲမှာ လာတာကီယာကမ်းခြေကနေ မြို့တော် ဒမားစကတ်စ်အထိ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတာဖြစ်ပါတယ်။
ဆီးရီးယား- တူရကီ နယ်စပ်တစ်လျှောက် အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာလည်း ငလျင်ဒဏ်ခံခဲ့ရပြီး အဲဒီ အရပ်ဒေသတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုရရှိမှု အကန့်အသတ်ရှိတဲ့အရပ်တွေဖြစ်ပါတယ်။
သေဆုံးသူ ၁၀၀ ကျော်အထိ ရှိတယ်ဆိုတာကို တူရကီနဲ့ ဆီးရီးယားအာဏာပိုင်တွေက အစောပိုင်းမှာထုတ်ပြန်ခဲ့တာဖြစ်ပေမဲ့ ငလျင်လှုပ်ခတ်မှုအပြီး အပျက်အစီး အတိုင်းအဆကြောင့် သေဆုံးသူအရေအတွက်ဟာ ပိုမြင့်တက်လာနိုင်ချေရှိပါတယ်။
ငလျင်ကြောင့် နှစ်နိုင်ငံစလုံးမှာ ရာနဲ့ချီတဲ့အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတုန်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
တူရကီနိုင်ငံထဲမှာတော့ လောလာဆယ် အရေးပေါ် အခြေအနေကြေညာထားပြီး ကယ်ဆယ်ရေးအဖွဲ့တွေအချင်းချင်း အချိတ်အဆက်မိမိရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ဖို့ လူထုအနေနဲ့ မိုဘိုင်းဖုန်းတွေ မသုံးကြဖို့ တိုက်တွန်းနေပါတယ်။
ပြင်းအား ၇.၈ မဂ္ဂနီကျူ့ရှိတဲ့ငလျင်ဟာ တူရကီဒေသစံတော်ချိန် ဒီနေ့မနက်အစောပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီငလျင်ကြီးအပြီးမှာ နောက်ဆက်တွဲငလျင်အသေးလှုပ်ခတ်မှုတွေလည်း နာရီနဲ့ချီကြာဖြစ်ခဲ့ပါတယ်။
တူရကီ၊ ဆီးရီးယား၊ လက်ဘနွန်၊ ဆိုက်ပရက်စ်နဲ့ အစ္စရေးနိုင်ငံတို့မှာလည်း ဒီငလျင်လှုပ်ခတ်မှုကို ခံခဲ့ရပြီး ငလျင်ဗဟိုချက်ဟာ တူရကီနိုင်ငံထဲက ဂိုင်ဇန်တပ်မြို့မှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
''နှစ် ၄၀ ကျော်အတွင်း ဒီလိုပထမဆုံးကြုံဖူးတာပါ''
မနက်ခင်း အစောပိုင်းမှာ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်မှုကို ကြုံခဲ့ရပေမဲ့ အသက်ဘေး လွတ်မြောက်လာသူတွေမှာလည်း ကြောက်ရွံ့မှုတွေ ဆက်ရှိနေဆဲပါ။
'' အိမ်နံရံပေါ်က ပန်းချီကားတေွဆို ပြုတ်ကျကုန်တယ်'' လို့ ဆီးရီးယားမြို့တော် ဒမားစကတ်စ်မှာ နေထိုင်တဲ့ ဆာမာက ပြောပါတယ်။
ငလျင်ဗဟိုချက်ဖြစ်တဲ့ တူရကီနိုင်ငံထဲက ဂိုင်ဇန်တပ်မြို့မှာနေထိုင်တဲ့ အာဒန်းက တော့ ငလျင်လှုပ်ခတ်မှုကို ''လှုပ်သွားတာ ပုခက်ထဲက ကလေးလိုပဲ''လို့ ပြောပါတယ်။
''နှစ်ပေါင်း ၄၀ အတွင်း ဒီလိုတခါမှ မကြုံဘူးဖူး''လို့ သူက ရိုက်တာသတင်းဌာနကို ဖုန်းနဲ့ ဖြေကြားပါတယ်။
''အကုန်လုံးက ကားထဲဝင်ပြီး အဆောက်အဦတွေနဲ့ဝေးရာ ကွင်းပြင်တွေဆီ မောင်းထွက်ဖို့ ကြိုးစားနေကြတယ်''
'' ဂိုင်ဇန်တပ်တစ်မြို့လုံးမှာ အိမ်ထဲ ဘယ်သူမှ မနေကြတော့ဘူးလို့ ထင်ပါတယ်''
ဆီးရီးယား သမ္မတ အာဆတ် အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီ
ဆီးရီးယားနိုင်ငံထဲမှာ ငလျင်ကြောင့် သေဆုံးသူ ၃၂၀ အထိ ရှိလာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ သမ္မတ အာဆတ်လည်း အရေးပေါ် အစည်းအဝေး ပြုလုပ်နေပြီဖြစ်ပါတယ်။
ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ ကနဦးသေဆုံးသူ အရေအတွက်ကို ၃၂၀ အထိ ရှိလာပြီလို့ ထုတ်ပြန်ပါတယ်။
ငလျင်ဒဏ်သင့်ဒေသကို အကူအညီပေးမယ်လို့ ဥရောပ ခေါင်းဆောင်တွေပြော
တူရကီနဲ့ ဆီးရီးယားက ငလျင်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ နယ်သာလန် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေကို နယ်သာလန်ကို လွှတ်မယ်လို့ နယ်သာလန်ဝန်ကြီးချုပ်က ပြောပါတယ်။
လူမှုကွန်ရက် တွစ်တာမှာ တင်ထားတဲ့ သူ့စာမှာတော့ ''ပြင်းထန်လှတဲ့ဒီသဘာဝဘေးကြောင့် ထိခိုက်ခံစားရသူတွေနဲ့ထပ်တူ ခံစားရပါတယ်''လို့ ပြောပါတယ်။
ဂရိနိုင်ငံ ဝန်ကြီးချုပ်ကလည်း ငလျင်ဒဏ်သင့်ဒေသတွေကို အကူအညီပေးနိုင်ဖို့ တတ်နိုင်တဲ့အကူအညီတွေကို မြန်မြန်ပေးနိုင်အောင်လုပ်သွားမယ်လို့ ပြောပါတယ်။
ဆားဘီးယားနိုင်ငံနဲ့ ဆွီဒင်နိုင်ငံခေါင်းဆောင်တွေကလည်း ငလျင်ဒဏ်သင့်ဒေသကို အကူအညီတွေလွှတ်မယ်လို့ ကတိပေးထားပါတယ်။








