ငှက်ဖျားဆေးအလုံး တနှစ်သန်းနှစ်ရာကို အိန္ဒိယက စရိတ်သက်သာစွာ ထုတ်ပေးမယ် - ဧပြီ ၁၃ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါနာဟာခုနောက်ဆုံးထုတ် ငှက်ဖျားကာကွယ်ဆေးသစ်ကို ပထမဆုံး အတည်ပြုလိုက်တဲ့ နိုင်ငံဖြစ်လာပါတယ်။
အဲဒီကာကွယ်ဆေးဟာ လတ်တလော ရှိထားတဲ့ ငှက်ဖျားဆေးတွေထဲမှာ အထိရောက်ဆုံးလို့ ကျန်းမာရေးအရာရှိတွေက ဆိုပါတယ်။
ယူကေ အောက်စဖို့တက္ကသိုလ်က နောက်ဆုံးစမ်းသပ် စစ်ဆေးချက်တွေ ထွက်လာခဲ့ပြီးနောက် ဂါနာက ဆေးဝါးစည်းကြပ်ရေးအဖွဲ့က အတည်ပြုချက် ပေးလိုက်တာပါ။
ကမ္ဘာတလွှားမှာ ငှက်ဖျားကြောင့် နှစ်စဉ် လူပေါင်း ခြောက်သိန်းလောက် အသက်ဆုံးရှုံးလျက် ရှိနေပါတယ်။
အဲဒီအထဲက အများစုဟာ အာဖရိကအလယ်ပိုင်း ၊အရှေ့ပိုင်း ၊ အနောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသက ကလေးငယ်တွေ ဖြစ်ပါတယ်။
ကနဦးစစ်တမ်းကောက်ယူချက်တွေ အရ အောက်စဖို့ ကာကွယ်ဆေးဟာ ငှက်ဖျားရောဂါကို ၇၅ ရာနှုန်းကျော် အကာအကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီကာကွယ်ဆေးကို အိန္ဒိယက Serum Institute က နှစ်စဉ် ဆေးအလုံးရေ သန်းနှစ်ရာကို စရိတ်သက်သာစွာထုတ်လုပ်ပေးဖို့ ရှိနေပါတယ်။
BRICS ဘဏ်တည်ထောင်နိုင်မှုကို ဘရာဇီးသမ္မတ ချီးကျူး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖွံ့ဖြိုးစနိုင်ငံတွေ ပေါင်းပြီး BRICS Development Bank တဖြစ်လဲ New Development Bank ဘဏ်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက တည်ထောင်ခဲ့တဲ့အပေါ် တရုတ်ကို ရောက်နေတဲ့ ဘရာဇီးသမ္မတ ချီးကျူးပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ အခြေစိုက်တဲ့ အဲဒီဘဏ်ဟာ အစဉ်အလာအတိုင်း ငွေကြေးလှည့်ပတ် စီးဆင်းမှုကနေ အဖွဲ့ဝင်နိုင်ငံတွေ လွန်မြောက်နိုင်အောင် လှုပ်ရှားလုပ်ဆောင် နိုင်စေခဲ့တယ်လို့ ဘရာဇီးသမ္မတ လူလာက ပြောပါတယ်။
အရင် ဘရာဇီးသမ္မတDilma Rousseff အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မယ့် New Development Bank ဘဏ် ဖွင့်ပွဲအခမ်းအနားကို လက်ရှိ သမ္မတ လူလာတက်ရောက်ခဲ့တာပါ။
ဘရာဇီး ၊ အိန္ဒိယ နဲ့ တရုတ် အပါအဝင် ဖွံ့ဖြိုးစနိုင်ငံတွေ ပေါင်းပြီး BRICS အဖွဲ့ကို ဖွဲ့စည်း ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဘရာဇီးခေါင်းဆောင်ဟာ နက်ဖြန်သောကြာနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
တရုတ်ကစစ်ပွဲစရင် အသင့်ဖြစ်ဖို့ ထိုင်၀မ်အရပ်သားတွေ စစ်ရေးလေ့ကျင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်ဝမ်ကို တိုက်ခိုက်ခံရတဲ့အခါမှာ တုံ့ပြန်နိုင်ဖို့ အရပ်သားတွေကို လုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပေးလျက်ရှိပါတယ်။
ပထမဆုံးအနေနဲ့ Taichung မြို့မှာ ပြုလုပ်ခဲ့ပြီးနောက် အလားတူလေ့ကျင့်မှုတွေကို လာမယ့်သီတင်းပတ်တွေအတွင်း ထိုင်ဝမ်ကျွန်းဆွယ်တစ်ဝန်း လုပ်ဆောင်တော့မှာပါ။
စစ်နဲ့ သဘာဝဘေးရန်ကနေ သူ့နိုင်ငံသားတွေကို ကာကွယ်ဖို့ ထိုင်ဝမ်အစိုးရက နှစ်စဉ်စစ်ရေး လေ့ကျင့်လေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်ကျွန်းတဝိုက် တရုတ်က စစ်ရေးလှုပ်ရှားမှု ပိုတိုးလာခဲ့ပြီးနောက် ဒီနှစ်တော့ စစ်ပွဲကာလပြင်ဆင်ရေး အထူးအလေးထားပြီး လုပ်ဆောင်ခဲ့ပါတယ်။
တရုတ်ဟာ စစ်တိုက်ဖို့ ပြင်ဆင်နေပြီလို့ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီး Joseph Wu ကလည်း အခုသီတင်းပတ်အတွင်း ပြောကြားထားပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု ဂျပန်ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယား ဒုံးကျည်တစင်း စမ်းသပ်ပစ်လွှတ်မှုကို ဂျပန်အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အခုလို စမ်းသပ်ပစ်လွှတ်မှုကြောင့် ဂျပန် မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ အရေးပေါ် သတိပေးချက်တွေ ထွက်ပေါ်ခဲ့တာပါ။
သတိပေးချက်ကြောင့် သန်းနဲ့ချီတဲ့သူတွေ အရေးပေါ် ပုန်းခိုရာနေရာမှာ ခိုအောင်းခဲ့ရပါတယ်။
ဒါပေမယ့် ဒုံးကျည်က ဂျပန်ပိုင်နက်ထဲ မကျရောက်ခဲ့တာကြောင့် အရေးပေါ် ကြေညာချက်အမိန့်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်ဟာ ဒေါသထွက်စရာ ၊ လက်မခံနိုင်စရာပဲလို့ ဂျပန်အစိုးရ လွှတ်တော် ဥက္ကဋ္ဌ Hirokazu Matsuno က ပြောပါတယ်။
မြောက်ကိုရီးယားကတော့ လက်နက်စမ်းသပ်မှုတွေ တိုးလုပ်လာနေပြီး အခုနှစ်အတွင်း အလားတူဒုံးကျည်ပစ်လွှတ်မှုမျိုး အကြိမ် ၃၀ခန့် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား စစ်တပ်အနေနဲ့ ထိုးစစ်ဗျူဟာအတွက် ပိုမို ပြင်ဆင်ထားကြဖို့ ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြီးခဲ့တဲ့ အင်္ဂါနေ့က အမိန့်ထုတ်ထားပါတယ်။








