ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အကျဥ်းရုံး ဝတ်ပြုဆုတောင်းတာတွေနဲ့ ဖြတ်သန်းခဲ့ကြတဲ့ ခရစ္စမတ်
ဒီဇင်ဘာ ၂၅ရက်နေ့ ဒီကနေ့ ဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ် ခရစ္စမတ်နေ့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ကရင်နီဒေသ၊ ချင်းပြည်နယ်အပါအဝင် ခရစ်ယာန်ဘာသာဝင်အများစုရှိတဲ့ နေရာဒေသတွေမှာ ပွဲတော်တွေ ကျင်းပတာမျိုးတွေထက် ဝတ်ပြု ဆုတောင်းပြီးသာ အကျဥ်းရုံး ကျင်းပခဲ့ကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ခရစ္စမတ်နေ့မှာ မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာက ဘာသာဝင်တွေသာမက နိုင်ငံသားအားလုံး အေးချမ်းသာယာဖို့ ဆုတောင်းတာတွေ၊ ပွဲလမ်းသဘင် ပျော်ပွဲရွှင်ပွဲတွေကို နိုင်ငံအနှံ့မှာကျင်းပ လေ့ရှိကြပါတယ်။
ဒါပေမဲ့ ခရစ္စမတ်ကို ပျော်ပျော်ရွှင်ရွှင် ပွဲလမ်းသဘင်၊ လူစုလူဝေးနဲ့ မဖြတ်သန်းကြတာ မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းကလို့ ခရစ်ယာန် ဘာသာဝင်အများစုကပြောပြကြပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့က ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်တဲ့ တာဟန်း ရပ်ကွက်မှာတော့ ဘုရားကျောင်းတက်တာသက်သက်လောက်ပဲ ပြုလုပ်ကြပြီး ပျော်ပွဲ ရွှင်ပွဲနဲ့ စုပေါင်းစားသောက်တာတွေ မလုပ်ကြဖူးလို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြို့က ခရစ်ယာန်ဘုရားကျောင်းတွေမှာ မီးထွန်းတာတွေ စျေးဝယ်စင်တာတွေမှာ အလှဆင်တာတွေ ကန်တော်ကြီးထဲမှာ ခရစ္စမတ်စျေးပွဲတော်တို့ ကျင်းပတာရှိပေမယ့် သိသိသာသာ စည်ကားခြင်းမရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ခရစ္စမတ် မတိုင်ခင် ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ ပေါက်ကွဲမှုအချို့ရှိခဲ့သလို နယ်ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မီးရှို့ဖျက်ဆီးခံရတာတွေလည်း ရှိနေခဲ့ပါတယ်။
လာမယ့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တွေ အပါအဝင် အထင်ကရနေ့ရက်တွေမှာ တိုက်ခိုက်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားနိုင်တာကြောင့် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံသားတွေအနေနဲ့ သတိထားသွားလာကြဖို့ သက်ဆိုင်ရာသံရုံးတွေက ဒီရက်ပိုင်းမှာ ရှေ့ဆင့်နောက်ဆင့် သတိပေးစာ ထုတ်ပြန်လာပါတယ်။
ဒီဇင်ဘာ ၂၃ နဲ့ ၂၄ ရက်မှာ ဆက်တိုက်ဆိုသလို ထုတ်ပြန်လာတဲ့ ဒီသံရုံးတွေရဲ့ထုတ်ပြန်ချက်ထဲ ဖော်ပြချက်အရ ရန်ကုန်၊ နေပြည်တော်မှာရှိတဲ့ ရှန်ဂရီလာ (Shangri - La) ၊ လောတီ (Lotte) ဟိုတယ်တွေအနီးတဝိုက် ၊ နောက် စစ်တပ်နဲ့ဆက်စပ်နေတဲ့ အဆောက်အအုံ၊ ဘား၊ စားသောက်ဆိုင်တွေကို မသွားဖို့ သတိပေးထားတာတွေ့ရပါတယ်။
ရန်ကုန်မြို့ခံ အချို့ကတော့ ချောင်းသာ ငွေဆောင်စတဲ့ ကမ်းခြေတွေကို သွားပြီး ခရစ္စမတ်ပိတ်ရက်ကို ဖြတ်သန်းကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်းတွေ နဲ့အတူ ခရစ္စမတ် ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားတွေနဲ့ ညစာစားပွဲ တွေကို ဒီဇင်ဘာ ၂၃ရက်နေ့၊ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
တစ်ဦးပေါ်တစ်ဦး မေတ္တာတရား၊ ချစ်ခြင်းတရားတွေအခြေခံမှသာ ခရစ္စမတ်ရဲ့ အနှစ်သာရကိုလူသား အားလုံး တည်ဆောက်နိုင်ကြမယ်လို့ စစ်ခေါင်းဆောင်က အဲဒီနေ့ကပြောခဲ့ပါသေးတယ်။
ဒါပေမဲ့ ခရစ်ယာန်ဘာသာဝင်အများစုရှိတဲ့ ကရင်နီဒေသ ကယားပြည်နယ်ဘက်မှာဆိုရင်တော့ အာဏာသိမ်း ဆန့်ကျင်သူတွေအပေါ် ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ပွဲတွေကြောင့် မကြာခဏ စစ်ဘေးရှောင်ရတာ၊ နေအိမ် တွေကို မပြန်နိုင်ကြသေးတာကြောင့် နီးစပ်ရာ ရောက်ရှိရာနေရာတွေကနေ ခရစ္စမတ်နေ့ ကို ဘာသာရေးအရ ဝတ်ပြုဆုတောင်းတာမျိုးတွေနဲ့သာ ဖြတ်သန်းခဲ့ကြတယ်လို့ သိရပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း(ဒီဇင်ဘာလ ၂၃ရက်နေ့) ညနေ ၅နာရီ ကျော်လောက်မှာ လွိုင်ကော်မြို့အတွင်း ည ၉နာရီကနေ မနက် ၄နာရီ အထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီကနေ ကားနဲ့ လိုက်လံကြေညာခဲ့တယ်လို့ လွိုင်ကော်မှာနေထိုင်တဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် လူမှုကွန်ရက်စာမျက်နှာ ပျံ့နှံ့လာတဲ့ စစ်ကောင်စီ ထုတ်ပြန်ချက်စာရွက်အရ လွိုင်ကော်မြို့အတွင်း စုဝေးခြင်း ၊ ဟောပြောခြင်း ၊လှုံ့ဆော် ဆန္ဒပြခြင်း ၊ဖျက်ဆီးခြင်း ၊ ရုန်းရင်းဆန်ခတ်ပြုမူတာတွေကို မပြုလုပ်ဖို့နဲ့ လူ ၅ ဦးနဲ့ အထက် လမ်းမကြီးတွေ ၊ အများပြည်သူ သွားရာ လမ်းကြား ၊လမ်းသွယ် ၊ ဥယျာဉ်၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မစုဝေးဖို့ ဖော်ပြပါရှိပါတယ်။
ညမထွက်ရ အမိန့်ဟာ ယခင်ကတည်းက ရှိခဲ့တဲ့အတွက် လွိုင်ကော်မြို့မှာ နေထိုင်သူတွေအနေနဲ့ ညဘက်အပြင်ထွက်လေ့မရှိတော့ပေမယ့် ခရစ္စမတ်ကာလ လူ ၅ ဦး ထက်ပိုမစုရ အမိန့်အပေါ်မှာတော့ ဒေသခံတွေ စိုးရိမ်မှုရှိနေပါတယ်။
ချင်းတိုင်းရင်းသားတွေအများစု နေထိုင်တဲ့ ကလေးမြို့ တာဟန်းရပ်ကွက်မှာလည်း ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက် ခရစ္စမတ်အကြို နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပစ်ခတ်လို့ ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၃၅ နှစ်အရွယ် ကလေးလေးယောက်အဖေ ချင်းလူမျိုးတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ တယ်လို့ တာဟန်း ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမှာလည်း တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းမှုတွေနဲ့သာ ဒီနှစ် ခရစ္စမတ်ကို တိုးတိုးတိတ်တိတ် ကျင်းပကြတယ်လို့ ဘာသာရေးဆရာတွေနဲ့ ဒေသခံတွေထံ ကသိရပါတယ်။
ကိုဗစ်မဖြစ်ခင်နဲ့ အာဏာမသိမ်းခင်နှစ်တွေကတော့ ပွဲလမ်းသဘင်နဲ့ အစားအသောက်အပြည့်အစုံနဲ့တကွ တစ်နေကုန်ကျင်းပကြတဲ့ ခရစ္စမတ်ဟာ မနက်ခင်းဘုရားကျောင်းမှာ ဆုတောင်းမှုတစ်ခုနဲ့သာ အဆုံးသတ်ခဲ့ကြတယ်လို့ ဘာသာရေးခေါင်းဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဟားခါးနည်းတူ နေအိမ်အလုံး ၁၅၀၀ လောက်မီးရှို့ခံခဲ့ရတဲ့ ထန်တလန်မြို့မှာလည်း နေအိမ်တွေကိုစွန့်ခွာခဲ့ရတာ တစ်နှစ်လောက်ရှိလာတဲ့အထိ မြို့တွင်း ပြန်လည်မနေထိုင်နိုင်သေးတဲ့အတွက် ခရစ္စမတ်ကိုလည်း မကျင်းပနိုင်ကြပါဘူး။
အခြားမြို့နယ်တွေမှာ စစ်ရှောင်နေထိုင်နေရသူ ချင်းဒေသခံ ထောင်ချီဟာလည်း ခရစ္စမတ်ကာလ အိမ်မပြန်နိုင်ကြသေးဘူးလို့ ပြောပါတယ်။
ခရစ္စမတ်ကာလအတွင်း ကရင်နီဒေသ၊ ချင်း၊ ကရင်နဲ့ ကချင်ဒေသအချို့သာမက မြို့ကြီးအများစုမှာ တိတ်တိတ်ဆိတ်ဆိတ်သာ ဖြတ်သန်းခဲ့ကြသလို၊ ကရင်နီ၊ ချင်း၊ ကချင်အပါအဝင် စစ်မက်နဲ့ ပဋိပက္ခဒေသ တွေမှာတော့ လုံခြုံရေးအရ ခရစ္စမတ်ပွဲတော်မကျင်းပနိုင်တာမျိုးတွေလည်း ရှိခဲ့ကြတယ်လို့ သိရပါတယ်။