နိုဝင်ဘာ ၁၁ ရက် ထိပ်တန်းသတင်းများ - လောက်ကိုင်မှာ ထိုင်းနိုင်ငံသား နှစ်ရာကျော် ပိတ်မိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, kk News
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့မှာ ပိတ်မိနေဆဲဖြစ်တဲ့ ထိုင်းနိုင်ငံသားတွေကို ကူညီထောက်ပံ့မှုတွေပေးဖို့ ထိုင်းနိုင်ငံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် မှာ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
လောက်ကိုင်ကနေ ထိုင်းနိုင်ငံကို ပြန်လာဖို့စောင့်ဆိုင်းနေရတဲ့ နိုင်ငံသား နှစ်ရာကျော် ကျန်နေပြီး အဲဒီလူတွေ အန္တရာယ်ကင်းစွာအိမ်ပြန်နိုင်ဖို့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးက ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မနေ့ နိုဝင်ဘာ ၁၁ ရက်ကလည်း လောက်ကိုင်မြို့ အနီးတစ်ဝိုက်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး အဲဒီအနီးတဝိုက်မှာ ထိုင်းနိုင်ငံသားတွေ ရှိနေတယ် လို့ သိရပါတယ်။
ထိုင်းကောင်စစ်ဝန်ရုံးဘက်က သူ့နိုင်ငံသားတွေဆီ ဆက်သွယ်ခဲ့ရာမှာတော့ အားလုံးဘေးကင်းတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ ထိုင်းနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ ကန့်သတ်ချက်တွေ၊ ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံဘက်ကနေ အဖွဲ့အစည်းအားလုံးနဲ့ ထိထိရောက်ရောက်ညှိနှိုင်းဆောင်ရွက်ပြီး နိုင်ငံသားတွေကို ဘေးကင်းရာအမြန်ဆုံးရွှေ့ပြောင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
လွိုင်ကော်ကို KNDF စတင် တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့က စစ်ကောင်စီတပ်တွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဝင်ရောက်တိုက်ခိုက်လို့ ဒီကနေ့ မနက်အစောပိုင်းကစလို့ မြို့အနီးတဝိုက်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပါတယ်။
‘’မြို့အနီးမှာ စ ဖြစ်နေပါတယ်။ စစ်ဆင်ရေးနာမည် နဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေကို အသေးစိတ်ထပ်မံကြေညာပါမယ်" လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံက ဘီဘီစီကို ပြောပါတယ်။
လွိုင်ကော်မြို့အနီး တိုက်ပွဲပြင်းထန်နေတာကြောင့် လွိုင်ကော် - ဒီးမော့ဆို ၊ လွိုင်ကော် - မိုးဗြဲ၊ လွိုင်ကော် - ဆီဆိုင်လမ်းမကြီးတွေကို အသုံးမပြုကြဖို့လည်း KNDF က မေတ္တာရပ်ခံချက် ဒီကနေ့မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။
လက်ရှိအချိန်မှာတော့ ဒေသခံတွေ လွိုင်ကော်မြို့ထဲမှာ ရှိနေသေးပြီး မြို့ပတ်လည် လမ်းတွေကို အသုံးမပြုဖို့ တားမြစ်ထားတယ်လို့ KNDF က ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ် ထောင် ၅ နှစ် ချခံရ

ဓာတ်ပုံ ရင်းမြစ်, CINCDS
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ် ကို နိုင်ငံကူးလက်မှတ်ကိစ္စ နဲ့ ဝန်ထမ်းသက်သာရန်ပုံငွေကိစ္စ စွဲချက်တွေ နဲ့ စစ်တရားရုံးက ထောင် ၅ နှစ် ချလိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဟောင်းဟာ Green Channel စနစ် နဲ့ မြန်မာနိုင်ငံကူးလက်မှတ်လုပ်ပေးဖို့ ကုမ္ပဏီတွေက အကူအညီတောင်းခဲ့တာကို ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို မလျော်ဩဇာအသုံးပြုပြီး နိုင်ငံကူးလက်မှတ်တွေ ခွင့်ပြုပေးဖို့ ညွှန်ကြားခဲ့သလို တံစိုးလက်ဆောင်တွေလည်း လက်ခံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းသက်သာချောင်ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွေ နဲ့ ညီညွတ်မှုမရှိတဲ့ ဆောင်ရွက်ချက်တွေအပေါ် ထိန်းသိမ်း ကြပ်မတ်ဖို့ ပျက်ကွက်ခဲ့တယ် လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်းအမှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို နယ်ဘက်တရားရုံးကနေ တရားစွဲမှာဖြစ်ပြီး ရဲတွေကိုတော့ ရဲစည်းကမ်း နဲ့ ဆက်လက်အရေးယူမယ်လို့ သိရပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးလုပ်ငန်းစဉ် အပြောင်းအလဲတွေရဲ့ အဆင်မပြေမှုတွေကြောင့် အများပြည်သူအခက်တွေ့ခဲ့ကြပြီး ဝေဖန်မှုတွေလည်း အမြောက်အများကြုံခဲ့ရပါတယ်။
အဲဒီအပြောင်းအလဲတွေကြားမှာ ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေလည်း အများအပြားပေါ်ပေါက်ခဲ့ပြီး သောင်းဂဏန်းသာကုန်ကျမယ့် မြန်မာနိုင်ငံကူးလက်မှတ်ဟာ သိန်းဆယ်ဂဏန်းအထိ စျေးပေါက်ခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ် ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားထားယုံကြည်ခဲ့သူတစ်ဦးဖြစ်ပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် တာဝန်ကနေ ပြည်ထဲရေးဝန်ကြီးအဖြစ် NLD အစိုးရလက်ထက်နှောင်းပိုင်းကတည်းက ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ် ဟာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်း အရေးယူခံရပြီးတဲ့နောက် အကျင့်ပျက်ခြစားမှုနဲ့ အရေးယူခံရတဲ့ စစ်ကောင်စီဝင်လည်းဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊စစ်စည်းကမ်းဖောက်ဖျက်မှု၊ တံစိုးလက်ဆောင်ရယူမှု၊ နိုင်ငံခြားသုံးငွေတရားမဝင်လက်ဝယ်ထားမှု အပါအဝင် တခြားစွဲချက်တွေနဲ့ စစ်တရားရုံးက အနှစ်နှစ်ဆယ်နဲ့ ညီမျှတဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ထားပါတယ်။








