ခရိုင်းမီးယားက တံတား ဖောက်ခွဲမှု ယူကရိန်းလက်ချက်လို့ ဝန်ခံ - သြဂုတ်လ ၃ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

ရုရှားလက်ထဲ ကျရောက်နေတဲ့ ခရိုင်းမီးယား ဒေသမှာ ပြီးခဲ့တဲ့လတုန်းက ကာ့ချ်တံတားကို ဖောက်ခွဲ ဖျက်ဆီးခဲ့တာဟာ သူတို့ရဲ့ အဖွဲ့တဖွဲ့ လက်ချက်လို့ ယူကရိန်းစစ်တပ် ထိပ်တန်း အရာရှိတယောက်က ပြောပါတယ်။

အခင်းဖြစ်ပွားစဉ် မောင်းသူမဲ့ရေယာဥ်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ရုရှားဘက်က ပြစ်တင် ပြောကြားထားတာပါ။

အခုတော့ ယူကရိန်း အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အတွင်းရေးမှူးက သူတို့လက်ချက်လို့ အတည်ပြု ထုတ်ဖော် ပြောကြားလာတာ ဖြစ်ပါတယ်။

ဒီတံတားဟာ တင်းတင်းကျပ်ကျပ် ကာကွယ်ရေး အစီအမံတွေ ရှိထားပြီး လုံး၀ အထိမခံတဲ့ ရုရှားတို့ရဲ့ အရေးကြီး နေရာတွေထဲက တခု ဖြစ်တယ်လို့ အိုလက်ခ်စီ ဒန်နီလော့ဗ်က လှောင်ပြောထားပါတယ်။

ဒါ့အပြင် ခရိုင်းမီးယားကို ယူကရိန်းပိုင်ဒေသအဖြစ် သူက ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားဘက်ရောက်နေတဲ့ အမေရိကန် တပ်သား ပြန်ရရေးဆွေးနွေး

မြောက်ကိုရီးယားဘက် ထွက်ပြေးသွားတဲ့ အမေရိကန် စစ်သား ထရဲဗက်စ်ကင်းန် ပြန်ရရေးကို မြောက်ကိုရီးယား အစိုးရနဲ့ ညှိနှိုင်းနေတယ်လို့ အမေရိကန်တပ်ဖွဲ့ဘက်က ထုတ်ပြောပါတယ်။

သူတို့နယ်မြေထဲ ဝင်ရောက်သွားတဲ့ အမေရိကန် စစ်သားနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား အစိုးရက ပထမဆုံး အသိအမှတ်ပြုထုတ်ပြောခဲ့ပြီးနောက်မှာ အခုလို အခြေအနေတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

စည်းကမ်းချိုးဖောက်မှုနဲ့ အဲဒီတပ်သားကို အမေရိကန် ပြန်ပို့ဖို့ လုပ်နေစဥ် လွတ်မြောက်သွားပြီး နယ်စပ် ခရီးသွားအဖွဲ့နဲ့ လိုက်ပါသွားခဲ့တဲ့ အမေရိကန် စစ်သားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက မြောက်ကိုရီးယားဘက်ကို ဝင်ရောက် ခိုလှုံခဲ့တာပါ။

အမေရိကန်တပ်ဖွဲ့တွေနဲ့ လှုပ်ရှားနေတဲ့ ကုလတပ်ဖွဲ့ ကတော့ အမေရိကန် တပ်သား ထရဲဗက်စ်ကင်းန် ကို နေရပ်ပြန်ပို့ဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။

အိန္ဒိယ ဗလီနှစ်ခု မီးလောင်ခဲ့တဲ့နေရာမှာ ရဲတွေတင်းတင်းကျပ်ကျပ်ချထား

အိန္ဒိယနိုင်ငံ ဟာယာနာပြည်နယ်က မွတ်ဆလင်အများစု နေထိုင်ရာ အရပ်မှာ ရဲတွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။

အဲဒီဒေသမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက အကြမ်းဖက်မှု ဖြစ်နေတာကြောင့် သေဆုံးသူ အနည်းဆုံး ၆ ယောက် ရှိသွားပါပြီ။

နူအရပ်မှာ ဗလီ ၂ ခု မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သလို ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ ရဲက ပြောပါတယ်။

ဒါပေမယ့် မီးလောင်ဗုံးတွေနဲ့ ပစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကိုတော့ ရဲက ငြင်းဆိုထားပါတယ်။

အဲဒီနောက် အင်တာနက် အသုံးပြုမှု ပိတ်ထားတာကို နာရီ အတန်ကြာ ပြန်ဖွင့်ပေးခဲ့ပါတယ်။

အခုလို မငြိမ်မသက် ဖြစ်မှုကြောင့် လူပေါင်း ၁၆၀ကျော်ကို ရဲက ဖမ်းထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဟိန္ဒူ အမျိုးသားရေးဝါဒီတွေ စီးတန်းလှည့်လည်မှုတခုအတွင်း တိုက်ခိုက်ခံခဲ့ရရာက ဟိန္ဒူနဲ့ မူဆလင် လူမျိုးရေး အဓိကရုဏ်း ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပပြီးတာ ၂ လကျော်ပေမယ့် ဝန်ကြီးချုပ်မရွေးနိုင်သေးတဲ့ ထိုင်းနိုင်ငံရေးအကျပ်အတည်း

ထိုင်းနိုင်ငံမှာ မနက်ဖြန် သောကြာနေ့မှာပြုလုပ်ဖို့ရှိတဲ့ ဝန်ကြီးချုပ်သစ်ရွေးဖို့ ၊ အစိုးရသစ် ဖွဲ့ဖို့ ကိစ္စတွေကို ရွှေ့ဆိုင်းလိုက်တာကြောင့် နိုင်ငံရေးမသေချာ မရေရာမှုတွေ ဆက်ဖြစ်နေပါတယ်။

ရွေးကောက်ပွဲ ကျင်းပပြီး နှစ်လကျော် ရှိလာတဲ့ အထိ အစိုးရသစ် မဖွဲ့နိုင်သေးတာ ဖြစ်ပါတယ်။

မေလရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရခဲ့တဲ့ Move Forward ရှေ့သို့ချီ ပါတီ ခေါင်းဆောင် ပီတာ လင်မ်ဂျာရွန်ရက်ဟာ ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံရဖို့ ပါလီမန်မှာ သတ်မှတ်ထားတဲ့ ထောက်ခံမဲ အပြည့်အဝ မရခဲ့တာကြောင့် အခုလို အခြေအနေ ဆိုက်နေတာပါ။

အခုတော့ ရွေးကောက်ပွဲမှာ မဲဒုတိယအများဆုံးရတဲ့ Pheu Thai ပါတီက ဝန်ကြီးချုပ်သစ် အဖြစ် ရွေးမယ့်သူ စာရင်းကို တင်သွင်းလာဖွယ်ရှိပေမယ့် အခုအခြေအနေတွေကြောင့် အဲဒါဘယ်တော့မှ ဖြစ်မယ်ဆို မသိရသေးဘဲ ဖြစ်နေပါတယ်။