နိုဝင်ဘာ ၂၅ ရက် ထိပ်တန်းသတင်းများ-သတင်းစာဆရာ ဦးစည်သူအောင်မြင့် ထောင် နောက်ထပ်နှစ်နှစ် ချမှတ်ခံရ
မန္တလေးက စစ်အာဏာသိမ်းဆန့်ကျင်တဲ့ သံဃာတစ်ပါးနဲ့ လူငယ်လေးဦး ထောင် ၃ နှစ်စီချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, သံဃသမဂ္ဂ မန္တလေး
စစ်အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တဲ့ သံဃာတစ်ပါးနဲ့ မြေပြင်သပိတ်က လူငယ်လေးယောက်ကို ဖမ်းဆီးပြီးတစ်လမပြည့်သေးမီ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် (၃)နှစ်စီ စစ်ကောင်စီက အမိန့်ချမှတ်လိုက်တယ်လို့ မန္တလေး သံဃာ့သမဂ္ဂအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က သံဃသမဂ္ဂ (မန္တလေး) ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်သူ ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေး သပိတ်အင်အားစုက တက်ကြွလှုပ်ရှားသူ ကိုပိုင်နွေဦး၊ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲနဲ့ ကိုဟိန်းမောင်တို့ကို ရိုက်နှက်ဖမ်းဆီးသွားပြီး ပြည်ကြီးတံခွန်တရားရုံးက မနေ့ နိုဝင်ဘာ ၂၄ ရက်မှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ သံဃာ ဒါဇင်ကျော်ရှိပါတယ်။ လက်ရှိအချိန်မှာ အိုးဘိုအကျဉ်းထောင်တွင်း သံဃသမဂ္ဂက ဦးကလျာဏအပါအဝင် ၇ ပါး အဖမ်းခံထားရသလို ၇ ပါးလုံးကိုလည်း ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ထားပြီး တရားခွင်မှာ စစ်ကောင်စီက ခုခံခွင့်မပေးဘဲ မတရား အမိန့်ချမှတ်ခံထားရတယ်လို့ သံဃာ့သမဂ္ဂမှာ ဦးဆောင်ပါဝင်သူ ဘုန်းကြီး တစ်ပါးက မိန့်ကြားပါတယ်။
မြောင်နဲ့ရေစကြိုမြို့နယ်ထဲမှာ တစ်ပတ်အတွင်း အိမ်ခြေတစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, Ko Nway Oo
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ရွာတွေနဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ကျေးရွာတွေကို နို၀င်ဘာလ ဒုတိယအပတ်အတွင်းမှာပဲ နေ့စဉ် ဆက်တိုက် မီးရှို့ခဲ့တာကြောင့် နိုဝင်ဘာ ၇ ရက်ကနေ ၁၂ ရက်နေ့အထိ တစ်ပတ်နီးပါးကာလအတွင်း အိမ်ခြေ တစ်ထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီရဲ့ ဆန်တင်သင်္ဘောကို ဒေသကာကွယ်ရေး အဖွဲ့တစ်ခုက ဖမ်းဆီးခဲ့တဲ့နောက် နို၀င်ဘာလ ၇ ရက်နေ့မှာတော့ မြောင်နဲ့ ရေစကြိုဘက်က နနွင်းကိုင်း၊ ရွှေတချောင်း၊ ဆူးလေကုန်း၊ သုခဒီပ ၊ မြစ်သာ၊ မြစ်ဆုံ စတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက တောက်လျှောက် စီးနင်း ၀င်ရောက်ပြီး မီးရှို့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။
အဲဒီလို ရွာတွေကိုစီးနင်းဝင်းရောက်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက တပ်အင်အားချနေရာ ယူထားတယ်လို့လည်း ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီကမှတစ်ဆင့် စစ်ကိုင်းနဲ့မကွေးအစပ် ရေစကြိုနယ်ဘက်က ရွှေလှံရွာဘက်ကို စစ်ကြောင်းထိုးတဲ့အချိန် အကူးမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းသုံးတာတွေ ရှိတယ်လို့ မြောင်ဒေသကာကွယ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
အခုလို တစ်ပတ်အတွင်း မီးရှို့ခံရတာ မြောင်နဲ့ ရေစကြိုထဲက ကျေးရွာ ၁၀ ရွာကျော်ဖြစ်ပြီး ရွာလုံးကျွတ် မီးလောင် ဆုံးရှုံးခဲ့ရတဲ့ ရွာတွေလည်း ရှိနေပါတယ်။ မီးလောင် ဆုံးရှုံးသွားတဲ့ နေအိမ် တစ်ထောင်ကျော်က မိသားစု၀င် ထောင်နဲ့ချီဟာ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ဆွေမျိုးအိမ်တွေမှာ တည်းခိုနေရကြတယ်လို့ နေအိမ် မီးလောင်ဆုံးရှုံးသွားတဲ့ ဒေသခံတွေက ဆိုကြပါတယ်။
တချို့ဒေသခံတွေကတော့ ဘုန်းကြီးကျောင်း၀င်း၊ ဘုရား စတဲ့နေရာတို့မှာ လူ ရာချီနေဖို့ အဆင်မပြေတဲ့အတွက် မီးလောင်ပြာကျသွားတဲ့ နေအိမ်နေရာမှာပဲ မိုးကာဖျင်စတွေသုံးကာ အမိုးမိုးပြီး နေထိုင်ရတာတွေ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆောင်းတွင်းကာလဖြစ်တာကြောင့် စစ်ရှောင်တွေမှာ အနွေးထည် ၊ စောင်၊ စတာတွေ လိုအပ်နေကြပါတယ်။
ဒီလို အိမ်ခြေတွေ ထောင်နဲ့ချီပြီးမီးရှို့ခဲ့တဲ့ အတွက် ပြည်သူဒေသခံတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်ရတဲ့အပေါ်မှာ စစ်ကောင်စီဘက်က နိုဝင်ဘာ ၂၅ ရက်နေ့အထိ သတင်းတစုံတရာ ထုတ်ပြန်လာတာ မရှိသေးသလို ဘီဘီစီကလည်း စစ်ကောင်စီကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
လူသေစေတဲ့ မိုင်းတွေကို အသုံးပြုနေတာ ကမ္ဘာမှာ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံသာ ရှိတော့ကြောင်း အစီရင်ခံစာတစ်စောင်က ဖော်ပြ

ဓာတ်ပုံ ရင်းမြစ်, AFP
ကမ္ဘာမှာ လူသေစေဖို့ ရည်ရွယ်တဲ့ anti-personnel နင်းမိုင်းတွေကို အသုံးပြုနေသေးတဲ့ ၂ နိုင်ငံသာရှိတော့ပြီး မြန်မာလည်း ပါဝင်တယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (ICBL) အစီရင်ခံစာက ဆိုလာပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကနေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း လူသတ် နင်းမိုင်းတွေကို ဖုန်းတာဝါတိုင်တွေ၊ ပိုက်လိုင်းတွေနဲ့ သယံဇာတတူးဖော်ရေး လုပ်ကွက်တွေမှာပါ ကျယ်ကျယ် ပြန့်ပြန့်သုံးလာတယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာလှုပ်ရှားမှု အဖွဲ့ ICBL က သူတို့ရဲ့ နှစ် ၃၀ ပြည့် အစီရင်ခံစာမှာ ဖော်ပြလာတာပါ။
တဖက်မှာလည်း ၁၀ စုနှစ်ချီကြာတဲ့အထိ အသက်ရှိ ပေါက်ကွဲနိုင်တဲ့ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်ဟာ ကချင်၊ ကယား၊ ရှမ်း၊ ကရင်၊ မွန်၊ တနင်္သာရီနဲ့ ရခိုင်ပြည်နယ်တို့မှာ ဆက်ပြီးရှိနေပါတယ်။
အဲဒီထဲက စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ထိတွေ့ တိုက်ပွဲတွေ စတင်တဲ့ ၂၀၁၅ ခုနှစ်ကနေ လက်ရှိ အချိန်အထိ တပ်က ထောင်ထားတဲ့ မိုင်းတွေနဲ့ လက်နက်အကျန်တွေကြောင့် ရခိုင်ပြည်နယ်ထဲက အရပ်သား ၂၅၀ နီးပါး ထိခိုက်သေဆုံးခဲ့ရပြီးပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ ကွန်ဂရက်စ် REC ရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။
ရခိုင်မှာ အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း အရပ်သား ၇ ဦးသေဆုံးပြီး နောက်ထပ် ၂၀ ကျော် ထိခိုက်ဒဏ်ရာရထားတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စခန်းလုံခြုံရေးနဲ့ ခုခံကာကွယ်ရေးအတွက် မြေမြှုပ်မိုင်းအသုံးပြုတာကို စနစ်တကျ မှတ်ပုံ တင်ပြီး အသုံးပြုနေတယ်လို့ ဘီဘီစီကို တုံ့ပြန်ပြောဆိုပါတယ်။
အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံအတွင်း အလားတူ မြေမြှုပ်မိုင်းအသုံးပြုမှုဟာ စစ်ကောင်စီတပ်သာမက နိုင်ငံပိုင် တပ်တွေမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့ တွေကလည်း အသုံးပြုနေတယ်လို့ သိရပါတယ်။
၁၉၉၇ ခုနှစ်မှာစတင်တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှုတားမြစ်ရေးသဘောတူစာချုပ်မှာ မြန်မာပါဝင် လက်မှတ် ထိုးတာတာမဟုတ်လို့ မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံပြီးရင် မြေမြှုပ်မိုင်းအသုံးပြုမှုကို ၂၄ နှစ်နီးပါး ဆက်တိုက်သုံးလာတယ်ဆိုတာကိုလည်း အစီရင်ခံစာက ပြသနေပါတယ်။
သတင်းစာဆရာ ဦးစည်သူအောင်မြင့် ထောင် နောက်ထပ်နှစ်နှစ် ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Social Media
သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့်ကို ဗဟန်းမြိုန့ယ်တရားရုံးမှာ စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အတွက် မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အင်းစိန်အကျဥ်းထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဦးစည်သူအောင်မြင့်ဟာ မူလက ပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ်ချမှတ်ခံထားရပြီဖြစ်ပါတယ်။
ဝါရင့် သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့်ဟာ VOA မြန်မာပိုင်းသတင်းဌာနရဲ့ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးလည်းဖြစ်သလို ဖရွန့်တီးယားမြန်မာသတင်းဌာနနဲ့ မြန်မာနောင်းသတင်းဌာနတို့မှာလည်း သတင်းဆောင်းပါးသုံးသပ်ချက်တွေရေးသားခဲ့သူဖြစ်ပါတယ်။
သူ့ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ရန်ကုန်မြို့ဗဟန်းမြို့နယ်အတွင်းက နေအိမ်တစ်အိမ်မှာစစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘီဘီစီမီဒီယာအက်ရှင်ရဲ့အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဦးစည်သူအောင်မြင့်ကို ပုဇွန်တောင်မြိုန့ယ်တရားရုံးမှာ ပုဒ်မ ၅၀၅-က နဲ့တစ်မှု၊ နိုင်ငံတော် အကြည် အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့နဲ့ တရားစွဲဆိုခဲ့ပြီး အခုအခါ ပုဒ်မ ၅၀၅- က နှစ်မှုလုံးအတွက် အမိန့်ချမှတ်ခဲ့ကာ စုစုပေါင်း ထောင်ဒဏ် ငါးနှစ် ရှိလာပြီဖြစ်ပါတယ်။ နောက်ထပ် ပုဒ်မ ၁၂၄ (က) ကိုထပ်မံရင်ဆိုင်ရဖို့ရှိနေပါတယ်။
မထက်ထက်ခိုင်ကိုတော့ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၇ (၁) တို့နဲ့ စစ်ကောင်စီက တရားစွဲခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချမှတ်ထားပါတယ်။








