အဆိုးဆုံး လေကြောင်းတိုက်ခိုက်မှုတွေကို ယူကရိန်း ကြုံနေရ - ဒီဇင်ဘာလ ၂၉ ရက် နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, EPA
ကျူးကျော်စစ်စကတည်းက အဆိုးဆုံးလို့ဆိုနိုင်တဲ့ ရုရှားလေကြောင်း တိုက်ခိုက်မှု တွေကို ယူကရိန်း နိုင်ငံ ကြုံနေရပါတယ်။
နိုင်ငံတဝန်းမှာ ရုရှားတို့ရဲ့ အခုတခေါက် လေကြောင်းတိုက်ခိုက်မှုတွေ အတွင်း ဗုံးကြဲ တာတွေ အများအပြား လုပ်ခဲ့သလို ဒရုန်းနဲ့ မစ်ဇိုင်းပေါင်း ၁၅၀ ကျော်နဲ့ တိုက်ခိုက်တာတွေလည်း ပါဝင်ပါတယ်။
လူပေါင်း ၁၈ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် လူ ၁၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း ရဲတွေရဲ့ စာရင်းအရ သိရပါတယ်။
အပျက်အစီးပုံတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိမလားလို့ ကယ်ဆယ်ရေး အဖွဲ့တွေ လိုက်ရှာနေကြပါတယ်။
ပစ်မှတ်ထားခံရတဲ့ မြို့တွေက ကိယက်ဗ်၊ ခါကစ်၊ လာဗစ်၊ အိုဒက်စာနဲ့ ဒနီပရို မြို့တွေ ဖြစ်ပြီး မိခင်နဲ့ ကလေးဆေးရုံတွေ၊ ကျောင်းတွေ၊ ကုန်တိုက်တွေပါ မကျန် ပစ်မှတ် အထားခံရတဲ့အထဲ ပါဝင်ပါတယ်။
ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုက ကြီးမားလွန်းတဲ့အတွက် ယူကရိန်း လေကြောင်း ကာကွယ်ရေးစနစ်က အကုန်လုံးကို မကာကွယ်နိုင်ခဲ့ဘူးလို့ ကိယက်ဗ်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒေါ်နယ်ထရမ့် သမ္မတလောင်းရွေးပွဲ မဝင်နိုင်အောင် မိန်းပြည်နယ်က ဟန့်တား

ဓာတ်ပုံ ရင်းမြစ်, Reuters
ရီပတ်ပလီကင် ပါတီက သမ္မတလောင်း ရွေးမယ့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တင်ဖို့ အရေး အမေရိကန် မိန်းပြည်နယ်အတွင်း ရွေးချယ်ကြတဲ့ ပရိုင်မရီ ရွေးကောက်ပွဲကို ဒေါ်နယ်ထရမ့် ဝင်ပြိုင်လို့မရအောင် တားဆီးတဲ့ မိန်းပြည်နယ်ရဲ့ ဆုံးဖြတ်ချက်ကို ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ ကမ်ပိန်းအဖွဲ့က ဥပဒေကြောင်းအရ ပြန်စိန်ခေါ်မယ် လို့ ပြောပါတယ်။
ဒီလို ပိတ်ပင်တာကာ အမေရိကန် ဒီမိုကရေစီကို အပြင်းအထန် တိုက်ခိုက်လိုက်တာပဲလို့လည်း သူတို့က ဆိုပါတယ်။
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆူပူအုံကြွအောင် လုပ်တဲ့သူတွေ ရွေးကောက်ပွဲမှာ ဝင်အရွေးခံခွင့် မရှိဘူးလို့ ဆိုပြီး သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို မိန်းပြည်နယ်က တားမြစ်ခဲ့တာပါ။
မစ္စတာ ထရမ့်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းဖို့ ကြိုးစားတဲ့ ရာဇဝတ်မှုနဲ့ စွပ်စွဲခံထားရပေမဲ့ အပြစ်ရှိတယ်ဆိုတဲ့ တရားရုံး ဆုံးဖြတ်ချက် မကျ သေးပါဘူး။
ရီပတ်ပလီကင် ပါတီအတွက် သမ္မတလောင်း လူကြိုက်များမှု စစ်တမ်းတွေထဲမှာ ဒေါ်နယ်ထရမ့်က ထိပ်ပိုင်းမှာ ရှိနေပါတယ်။
ဖုန်းတွေမှာ စပိုင်ဝဲထည့်ပြီး ခိုးနားထောင်နေတယ်ဆိုတဲ့ သတင်းကို အိန္ဒိယ အစိုးရ ပယ်ချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သတင်းထောက်တွေရဲ့ ဖုန်းတွေ၊ နိုင်ငံရေး အတိုက်အခံတွေရဲ့ ဖုန်းတွေကို အိန္ဒိယ အစိုးရက ကြားဖြတ်နားထောင်၊ ခိုးဖမ်းတာတွေ လုပ်ဖို့ ကြိုးစားတယ်ဆိုတဲ့ ဝါရှင်တန်ပို့စ်က သတင်းကို အိန္ဒိယအစိုးရက ပယ်ချလိုက်ပါတယ်။
ဒီဆောင်းပါးက အချက်အလက် အနည်းအကျဉ်းသာပါပြီး လူစိတ်ဝင်စားအောင် တန်ဆာဆင် ကွန့်ညွန့်ရေးထားတာလို့ အိန္ဒိယ နည်းပညာဆိုင်ရာ ဝန်ကြီး ရာဂျစ် ချန်ဒရာဆက်ခါက ဆိုပါတယ်။
ဒီစုံစမ်းထောက်လှမ်းတဲ့ သတင်းကို ဝါရှင်တန်ပို့စ်က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) နဲ့ တွဲဖက်ရေးသားတာဖြစ်ပြီး Amnesty International ရဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အစ္စရေးလုပ် Pegasus စပိုင် ဝဲတွေကို ထင်ရှားတဲ့ အိန္ဒိယ သတင်းထောက် ၂ ယောက်ရဲ့ ဖုန်းမှာ ခိုးထည့်ခံထားရတာကို တွေ့ရတယ်ဆိုတဲ့ အထောက်အထားကို ပြခဲ့ပါတယ်။
အိန္ဒိယနဲ့ ကမ္ဘာ့နေရာတချို့မှာ အစိုးရက ကမကထလုပ်တဲ့ အချက်အလက် ဖောက်ထွင်းယူတာတွေကို သတိထားကြဖို့ အက်ပဲလ် ကုမ္ပဏီက သူတို့ရဲ့ ဖောက်သည်တွေကို အောက်တိုဘာလက အကြောင်းကြားထားပါတယ်။








