ဧပြီလ ၈ ရက် ထိပ်တန်းသတင်းများစုစည်းချက် - ခြေလေးချောင်း အင်ဒီးရုပ်ရှင် ထိုင်းနိုင်ငံမှာ ပွဲဦးထွက်ပြသမယ်
ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲဆက်ပြင်းထန် ကော့ကရိတ်မြို့မှာ လူနေအိမ်ပေါ် လက်နက်ကြီး ကျလို့ ဒေသခံ တစ်ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ်အနီး ဧပြီလ ၅ ရက်နေ့ ကတည်းကဖြစ်နေတဲ့တိုက်ပွဲတွေဟာ ဒီကနေ့ ဧပြီလ ၈ ရက် အထိ ဆက်လက်ပြင်းထန်နေပြီး တနေကုန်နီးပါး လက်နက်ကြီးသံတွေ သေနတ်သံတွေ ကြားနေရတယ်လို့ ရွှေကုက္ကိုလ် ဒေသခံတချို့ကပြောပါတယ်။
ရွှေကုက္ကိုလ်မှာ နေထိုင်နေတဲ့ တရုတ်လူမျိုးတချို့ကိုတော့ BGF နယ်ခြားစောင့်တပ်က လုံခြုံရေး ယူပေးထားသလို တချို့ကတော့ မဲဆောက်ဘက် ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။
ရွှေကုက္ကိုလ်ဘက်မှာတိုက်ပွဲတွေဆက်ရှိသလို ကရင်ပြည်နယ် ကော့ကရိတ်မြို့ ခနိမ်းမူရပ်ကွက်ထဲက လူနေအိမ်ပေါ် ဧပြီလ ၆ ရက်နေ့ ညပိုင်းကလက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် အရပ်သား သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
" လက်နက်ကြီး ကျ ပေါက်ကွဲပြီး သေတာပါ။ မနေ့က မနက် က သဂြိုဟ်လေးလိုက်ပါတယ်။ ဖြစ်တာကတော့ ၆ ရက်နေ့ ည ၈ခွဲ ၉ နာရီလောက်မှာ ဖြစ်တာပါ။ သေသွားတဲ့သူက အသက် ၅၀ ကျော်အရွယ် အမျိုးသားပါ။ " လို့ သဂြိုလ်ပေးခဲ့သူတစ်ဦးကပြောပါတယ်။
လက်ရှိ မှာတော့ မွန်းလွဲ ၂ နာရီကျော် လောက်မှာ ကော့ကရိတ်မြို့ပေါ်က အထိ လက်နက်ကြီး အသံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ကရင်ပြည်နယ်ထဲက နေရာ အနှံ့ အပြားမှာ အခု ဧပြီလ ၅ရက် ကနေ ဧပြီ ၈ ရက်အထိ စစ်ကောင်စီတပ်၊ BGF နယ်ခြားစောင့်တပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ အကြား စစ်ရေး တင်းမာနေကြပြီး နှစ်ဖက် သေဆုံးမှုတွေလည်း ရှိနေသလို ဒေသခံတွေလည်း တဖက်ထိုင်းနိုင်ငံထဲ စစ်ဘေးရှောင်နေရတာ တစ်သောင်းကျော်အထိရှိလာပြီလို့ သိရပါတယ်။
မြန်မာ့ရွှေဈေး ၂၉ သိန်းခွဲဝန်းကျင် နဲ့ အမြင့်ဈေးမှာ ဆက်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, YGEA
မြန်မာ့ရွှေဈေး ၂၉ သိန်းခွဲဝန်းကျင် နဲ့ အမြင့်ဈေးမှာ ဆက်ရှိနေ
ပြည်တွင်းရွှေဈေးကွက်မှာ သင်္ကြန်ပိတ်ရက်ရှည် စတင်တဲ့ ဧပြီလ ၈ ရက်မှာ တစ်ကျပ်သားကို ကျပ် ၂၉ သိန်းခွဲ ဝန်းကျင် နဲ့ ပြင်ပစျေးကွက်မှာတော့ အမြင့်ဈေးနဲ့ ဆက်ရှိနေပါတယ်။ ကမာ့ရွှေဈေးကလည်း ပြီးခဲ့တဲ့နှစ် မတ်လ နောက်ပိုင်း အမြင့်ဆုံးဈေး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀၀၀ ကျော်နဲ့ အမြင့်စျေးကို ပြန်ရောက်လာတာဖြစ်ပါတယ်။
ရွှေဈေးနှုန်းအမြင့်မှာ ရှိနေလို့ အခေါက်ရွှေ (မီးလင်းရွှေ) ကတော့ ဝယ်သူထက် ပြန်ရောင်းသူများပြီး ရွှေထည်၊ စိန်ထည်၊ ကျောက်မျက်ရတနာလက်ဝတ်ရတနာကတော့ ဝတ်ဆင်လိုသူတွေ ဝယ်ယူကြလို့ အရောင်းအဝယ်မျှတယ်လို့ ရွှေဆိုင်တွေက ဆိုပါတယ်။
ဒီလို ကမ္ဘာ့ ရွှေဈေးမြင့်တက်လာတာက ပြည်တွင်းရွှေဈေးကို သက်ရောက်မှုရှိသလို ပြည်တွင်းမှာလည်း သင်္ကြန်ပြီးနောက်ပိုင်း မိုးတွင်းကာလရောက်လာပါက ရွှေတူးဖော်ရေးလုပ်ငန်းတွေ အထွက်နှုန်းလျော့လာတော့မှာဖြစ်လို့ ရွှေဈေးက တက်လေ့ရှိတယ်လို့လည်း သိရပါတယ်။
" အခုရက်ပိုင်းတော့ ပိတ်ရက်ရှည်စပြီဆိုတော့ အလုပ်တွေစနားကြပြီ။ ရွှေဈေးတက်တော့ ကျွန်မလည်း စိန်ထည်၊ ကျောက်ထည် လက်ဝတ်ရတနာတွေ ကို သင်္ကြန်ပြီးရင် အခုလက်ရှိရောင်းတဲ့ ဈေးနဲ့ ဆက်မရောင်းနိုင်လောက်တော့ဘူး။ မိုးတွင်း ရောက်လို့ ရွှေရှားလာရင် ရွှေဈေးက ပိုတက်မယ်ထင်တယ်။ " လို့ စိန်ထည်လက်ဝတ်ရတနာ ရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။
သင်္ကြန်ပိတ်ရက်ရှည် စတင်နေပြီဖြစ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ရုံးပိတ်ရက်ကြေညာထားပြီး နေ့စဉ်ရွှေဈေးကို ဒီနေ့ကစပြီးထုတ်ပြန်ခြင်းမရှိတော့ပါဘူး။
ပင်လောင်းမှာ နေ့စဉ် တိုက်ပွဲဖြစ်နေပြီး တစ်လကျော်အတွင်း စစ်ရှောင်ဦးရေ တစ်သောင်းနီးပါး ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, IPDF
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့မှာ နေ့စဉ် နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်နေပြီး တစ်လကျော်အတွင်း စစ်ဘေးရှောင်ရသူ ကလည်း တစ်သောင်းနီးပါးရှိလာတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာကို ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နှစ်ဘက် တိုက်ပွဲတွေ ဆက်တိုက် လနဲ့ချီ ဖြစ်ပွားနေတာဖြစ်ပါတယ်။
ပင်လောင်းဒေသခံတစ်ဦးကတော့ " တစ်လကျော်ပြီ။ တိုက်ပွဲမရှိတဲ့ရက်မရှိဘူး ။ လေယာဉ် မလာတဲ့နေ့မရှိဘူး။ တစ်ရက်ကို လေယာဉ် ၆ ခါ အနည်းဆုံးလာတယ်။ မနေ့ကဆို တစ်ရက်ထဲ ဆယ်ခါ လာတယ်။ ပြီးရင် ဗုံးကျဲချတယ်။ မနေ့ကရော တစ်နေ့ကရော ဒီနေ့ရော တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေပါတယ်" လို့ ပြောပါတယ်။
အခု ဧပြီလ ထဲမှာ နှစ်ဘက် တိုက်ပွဲ အရှိန် ပိုမြှင့်ကြလာသလို စစ်ကောင်စီက လေကြောင်းသုံးစွဲမှု ပိုမို ပြုလုပ်လာတယ်လို့လည်း KNDF နဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာတော့ ပင်လောင်းမြို့နယ်ထဲက တောင်စလုံး၊ မြောက်စလုံး၊ လုံးပြင် စတဲ့ ကျေးရွာတွေအပြင် ရှမ်းကယားအစပ်က မိုးဗြဲ ၊ဖယ်ခုံ စတဲ့နေရာတွေက ကျေးရွာတွေက လူဦးရေ တစ်သောင်းနီးပါးဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတာ တစ်လကျော်ကြာပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Money Has Four Legs
နိုင်ငံတကာရုပ်ရှင်ပွဲပေါင်း ၃၀ ကျော်မှာ ပါဝင်ပြသခွင့်ရခဲ့တဲ့ Money Has Four Legs ဆိုတဲ့ ခြေလေးချောင်း အင်ဒီးပန်းဒန့်ရုပ်ရှင်ကို ထိုင်းနိုင်ငံက အင်ဒီးရုပ်ရှင်ရုံတွေမှာ ပထမဆုံး မြန်မာရုပ်ရှင်အနေနဲ့ ပြသဖို့ရှိနေပါတယ်။
ပွဲဦးထွက် ပြပွဲကိုတော့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ဧပြီလ ၉ ရက်မှာ စတင်ပြသမှာဖြစ်ပါတယ်။
‘‘ချင်းမိုင်မြို့မှာ အခုပြမှာကတော့ ထိုင်းနိုင်ငံမှာ ပွဲဦးထွက်ပေါ့။ မြန်မာမှာဆိုရင်တော့ ပထမဆုံး red carpet ပေါ့။ ၂၂ ရက်နေ့မှာမှ အင်ဒီပန်းဒန့် ရုပ်ရှင်ရုံတွေမှာပြမယ်။ တခြားမြို့တွေမှာ ပြမယ်။ သူတို့( အင်ဒီပန်းဒန့် ရုပ်ရှင်ရုံ) က ရိုးရိုးကားတော့ မပြဘူး။ ဒီအင်ဒီးရုပ်ရှင်ရုံတွေကို ပိုင်တဲ့သူတွေက နာမည်ကြီးတဲ့ နိုင်ငံတကာမှာ ရုပ်ရှင်ပွဲတော် သွားနေတဲ့ Flimmakerတွေ ဆိုတော့ သူတို့က တော်ရုံ ရုပ်ရှင် တစ်ကားကို သူတို့ရုံတွေမှာ ပြသဖို့ ရွေးလေ့ မရှိဘူး။ အခုလိုပြသခွင့်ရတာကတော့ ဒီဟာက ဂုဏ်ယူစရာပေါ့။ ကျွန်တော်ကတော့ ဇာတ်ညွန်းသမားဆိုတော့ ဇာတ်ညွှန်းအသစ်အတွက် အာရုံစိုက်နေတော့ ရုပ်ရှင်ပြသဖို့ လုပ်တဲ့သူမဟုတ်ဘူး။ အစအဆုံး ရုပ်ရှင်ပြဖို့ကို သူတို့ဘက်က စီစဥ်တာ။ သူတို့ဘက်က လုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်’’ လို့ လူငယ်ဒါရိုက်တာမောင်ဆန်းက ပြောပါတယ်။
ဒီရုပ်ရှင်ထုတ်လုပ်သူ အမျိုးသမီးဒါရိုက်တာ မအိမ့်ကတော့ စစ်အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် အာဏာသိမ်းစအချိန်ကတည်းကနေ အခုထိ ပြည်တွင်းမှာထောင်ဒဏ်ကျခံနေရပါတယ်။
ဒီရုပ်ရှင်ကို မြန်မာဆင်ဆာဘုတ်အဖွဲ့ကို တင်ဖို့ အာဏာမသိမ်းခင် ကာလကတည်းက ကြိုးပမ်းခဲ့ပေမဲ့ အခြေအနေအရပ်ရပ်ကြောင့် မတင်ခဲ့ရသလို၊ မနှစ်ကတော့ ဆင်ဆာအဖွဲ့က ဆင်ဆာတင်နိုင်ပြီလို့ ဆက်သွယ်ပြောကြားလာပေမဲ့ ထုတ်လုပ်သူ မအိမ့်က ထောင်ဒဏ်ကျခံနေရတာ၊ နောက် လက်ရှိခေတ်ကာလ အနေအထားကြောင့် ဆင်ဆာ တင်၊ မတင် မဆုံးဖြတ်နိုင်သေးဘူးလို့လည်း သိရပါတယ်။
‘‘ဒီဇာတ်ကားက ဆင်ဆာကို အဓိက သရော်ထားတာ။ ဒီရုပ်ရှင်နယ်ပယ်က ငွေနောက်ပဲလိုက်တယ်ဆိုပြီး သရော်ထားတယ်။ ကိုယ်တိုင်က ဒီနယ်ပယ်ကို သရော်ရင်း ကျွန်တော်ကိုယ်တိုင်လည်း ငွေအတွက် အချိန်ကုန်ပြီး လိုက်နေရတာကို သရော်ထားတာ’’ လို့ ဒါရိုက်တာမောင်ဆန်းက ပြောပါတယ်။
‘‘မြန်မာပရိသတ် အားပေးမှုကို မူတည်ပြီး နောက်ပိုင်း ကွင်းပြင်ကျယ်ကြီးတွေမှာ ပြဖို့အထိရှိပါတယ်။ ပရိသတ် အားပေးမှုကို ဆက်ကြည့်ရမှာပေါ့။ ကိုယ့်လူမျိုးတွေ ဒီမှာ လာကြည့်ကြဖို့ မျှော်လင့်တယ်။ ပြသဖို့ စီစဥ်တဲ့သူတွေကလည်း မြန်မာဇာတ်ကားကို ထိုင်းက အင်ဒီပန့်ဒန့် ရုံးမှာ ပြဖို့ စိတ်လှုပ်ရှားကြတယ်။ပျော်ကြတယ်’ လို့လည်း သူက ပြောပါတယ်။
ဒီရုပ်ရှင်ကို လိုကာနို ရုပ်ရှင်ပွဲတော်၊ လန်ဒန်က BFI ရုပ်ရှင်ပွဲတော်၊ နယူးယောက် အာရှရုပ်ရှင်ပွဲတော်၊ တောင်ကိုရီးယား ဘူဆန်ရုပ်ရှင်ပွဲတော်၊ အိမ်နီးချင်းတွေမှာဆိုရင် ကမ္ဘောဒီးယားက လွန်ပရာဘမ်၊ မွန်ဂိုလီးယား၊ စင်ကာပူ ရုပ်ရှင်ပွဲတော်တွေအပြင် နိုင်ငံတကာရုပ်ရှင်ပွဲတော်ပေါင်း ၃၀ ကျော်မှာ ပြသထားပြီး ဖြစ်ပါတယ်။
ဝက်လက်မြို့ အစပ်လေကြောင်းနဲ့ ပစ်ခတ်ခံနေရ၊ ဒဏ်ရာရတဲ့ဒေသခံတွေရှိလာတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ထဲ ကကျေးရွာတွေကို တိုက်ပွဲမရှိဘဲ ဒီကနေ့ ဧပြီလ ၈ ရက်နေ့မှာ လေကြောင်းနဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဝက်လက်ဒေသခံတွေကပြောပါတယ်။
အဲဒီမှာ လက်နက်ထိမှန်လို့ ဒေသခံ ဒဏ်ရာရသူတွေရှိနေတယ်လို့ လတ်တလောသတင်းတွေအရ သိထားရပြီး ပစ်ခတ်ခံရတဲ့နယ်မြေထဲ ဝင်ဖို့ ခက်ခဲနေလို့ အရေအတွက်ကိုအတိအကျသိဖို့ခက်နေတယ်လို့ ဆိုပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းက စစ်ကိုင်းနဲ့ ရွှေဘို အစပ်က မြစ်ကမ်းဘေးကရွာတွေကို Mi 35 ၊ Mi 17 နှစ်စီးနဲ့ စစ်ကောင်စီတပ်က နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့သလို ရွှေဘိုကနေ တက်လာတဲ့ Mi 35 နဲ့လည်း စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာကို လေကြောင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
" တိုက်ပွဲလည်း မရှိဘဲ ပြည်သူတွေနေတဲ့ ကျေးရွာတွေကို ပစ်တာ။ လေယာဉ်နဲ့လည်း ၂ ကြိမ် ပစ်တယ်။ လေယာဉ်နဲ့ လူချတာလည်း လုပ်တယ်။ အခုလတ်တလောတော့ တလိုင်းရွာထဲ ဘယ်သူမှ ဝင်မရသေးတော့ ဒဏ်ရာရကြတဲ့အခြေအနေကို မသိရသေးပါဘူး။ ဒဏ်ရာရသူကတော့ ရှိပါတယ်။ ဘာမှ ထိတွေ့မှုမရှိဘဲ ပစ်တာဆိုတော့ ဘယ်သူမှ မတိမ်းရှောင်ကြဘူးလေ။ ရုတ်တရက်ပစ်ခံရတာမို့ ထိခိုက်မှု များနိုင်တယ်" လို့ ဝက်လက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဧပြီလ ၄ ရက် မနေ့ကမနက်ပိုင်းကလည်း ယင်းတောရွာကိုအင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ရွာသား ၅ ဦးကို ဘုန်းကြီးကျောင်းမှာ ဓားစားခံ ဖမ်းဆီးထားတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ကယ်ထုတ်ရင်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ စစ်ကိုင်း- ကျောက်မြောင်း ခရိုင်ချင်းဆက် အမှတ်-၃ လမ်းမကြီး ကို စစ်တပ်က နေရာယူ လမ်းတွေ ပိတ်ဆို့ထားပြီး ဧပြီလ ၈ ၊ ၉၊ ၁၀ သုံး ရက် မသွားလာဖို့လည်း ဒေသကာကွယ်ရေးတွေဘက်က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဝက်လက်နဲ့ ရွှေဘို အစပ်က ရွာတွေကို လေကြောင်းပစ်ခတ်တယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
တာချီလိတ်တမြို့လုံးမှာ မီးခိုးတွေဆက်ရှိနေလို့ ဒေသခံအများစုနှာခေါင်းစည်းတွေနဲ့နေကြရ

ဓာတ်ပုံ ရင်းမြစ်, ရှမ်းအရှေ့ သတင်း မဏ္ဍိုင်
မြန်မာ ၊ ထိုင်း နဲ့လာအို ၃နိုင်ငံ ဆုံတဲ့ နယ်စပ်နေရာတွေမှာ တောမီးလောင်မှုတွေဆက်ရှိနေပြီး မြန်မာဘက်ခြမ်း ရှမ်းပြည်နယ်၊တာချီလိတ်မြို့ နဲ့ အနီး လွယ်တောခမ်း၊ပုန်းထွန် တွေမှာတောမီးလောင်မှုတွေဆက်ရှိနေတယ်လို့ တာချီလိတ်မြို့ခံအချို့က ဘီဘီစီကိုပြောပါတယ်။
မီးခိုးဖုံးလွှမ်းမှုတွေနဲ့ တောမီးလောင်မှုတွေဟာ မတ်လကစပြီး အခုဧပြီလအထိ ဆက်ဖြစ်နေပြီး နယ်စပ်တလျှောက် တောမီးတွေကြောင့် မီးခိုးဖုံးလွှမ်းမှုတွေဖြစ်ပေါ်နေတာပါ။
ဒီကနေ့ ဧပြီလ ၈ရက်နေ့ မနက်ပိုင်းမှာတော့ တာချီလိတ်မြို့ တမြို့လုံးနဲ့ ထိုင်းနိုင်ငံ ချင်းရိုင်ဘက်ခြမ်းအထိ မီးခိုးတွေပျံ့နှံ့တာဆက်ရှိနေပြီး အသက်ရှုကျပ်တာတွေအထိဖြစ်ကြတာလည်းရှိတယ်လို့ တာချီလိတ်မြို့ခံတချို့ကပြောပါတယ်။
''တောမီးလောင်တာဟုတ်တယ်။မီးရှို့တာကတော့ မြန်မာဘက်ကရှို့တယ်။ ထိုင်းဘက်ကရှို့တယ်ဆိုတယ်ဆိုပြီး အဲဒီလိုမျိုးပြောရခက်တယ်။ ဘာလို့လဲဆိုရင်လာအိုဘက်ကမီးခိုးတွေစလာတာလေ။ ဒီရာသီ ဆိုရင် ဒီ ၃နိုင်ငံ မှာ တောင်ယာစိုက်ချိန်ဆိုတော့ တောင်ယာစိုက်ဖို့မီးရှို့ကြတာပဲ။ ဘယ်နိုင်ငံဘက်က စရှို့တယ်ဆိုတာပြောရခက်သလို၊နှစ်တိုင်းလည်းကြုံနေရတာ။ အခုတာချီလိတ်မှာတော့ နှာခေါင်းစည်း တွေနဲ့ နေကြရတယ်။ မျက်လုံးတွေစပ်ကြတယ်။အသက်ရှုကြပ်ကြတာရှိတယ်။ဒါပေမဲ့လည်းသွားလာလုပ်ကိုင်နေကြရတာပဲ'' လို့ တာချီလိတ်မြို့ခံတစ်ဦးကရှင်းပြပါတယ်။
နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေး စစ်ခေါင်းဆောင်၊ ထိုင်းနဲ့ လာအိုဝန်ကြီးချုပ်တွေဆွေးနွေး
တချိန်တည်းမှာပဲ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုတွေဖြစ်ပေါ်နေလို့ဆိုပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာ၊လာအိုနိုင်ငံဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံ တို့နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မနေ့ဧပြီ ၇ရက်က ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီကလည်းသတင်းထုတ်ပြန်လာပါတယ်။
Video Conferencing နဲ့တွေ့ဆုံတဲ့ အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအနေနဲ့ Fire Hotspot လျှော့ချရေး၊ မီးခိုးမြူငွေ့ထိန်းချုပ်ရေးအတွက် နိုင်ငံအဆင့်ကော်မတီဖွဲ့စည်းဆောင်ရွက်နေတယ်လို့ ဆိုပြီးအိမ်နီးချင်းနိုင်ငံတွေပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ဆွေးနွေးခဲ့တယ်ဆိုပြီး စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။
အင်းတော်မှာ တိုက်ပွဲပြင်းထန် ၊ နှစ်ဖက်သေဆုံးမှုတွေရှိ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့မှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ၂ ရက်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်သေဆုံးမှုတွေရှိတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေထံက သိရပါတယ်။
ဧပြီလ ၆ ရက် နဲ့ ၇ ရက် နှစ်ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ဦးထက်မနည်း သေဆုံးခဲ့သလို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေရဲ့ ကောက်ယူထားတဲ့ မြေပြင် သတင်းအချက်အလက်တွေအရ သိရပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ " ကျွန်တော်တို့ဘက်က အရမ်း တာဝန်ကြီးတဲ့သူတစ်ဦး အပါအဝင် ၄ ဦး ကျတယ်။ ဟိုဘက်(စစ်ကောင်စီ) ကတော့ ၂၀ ထက်မနည်းဘူးကျတယ် ။ တိုက်ပွဲက မငြိမ်သေးတော့ အချက်အလက် အတိအကျတော့ မရသေးပါဘူး။ အဲဒီထက်လည်း ပိုနိုင်တယ် " လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက် ကလည်း အင်းတော်မြို့နယ် က CDM ဆရာမတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးကို အင်းတော် စစ်ခုံရုံးက အကြမ်းဖက် ပုဒ်မ ၅၀ (ည)၊ ၅၂(က)တို့နဲ့ ဧပြီလ ၃ ရက်နေ့က ထောင် ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပြီး ၂၀၂၃ ခုနှစ်အတွင်း အင်းတော်မှာ ထောင်ဒဏ်တစ်သက်ချခံရသူတွေ ၅ ဦးအထိ ရှိနေခဲ့တာပါ။
ဒီ အင်းတော် က တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်း ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီး ၁၅ ရက်တိတိ သွားလာခွင့်ပိတ်ထား

ဓာတ်ပုံ ရင်းမြစ်, OIA
ထိုင်းဘက်ခြမ်းမှာ စစ်ဘေးရှောင် သောင်းကျော် အထိရှိလာ
ကရင်ပြည်နယ်တွင်း နယ်ခြားစောင့်တပ်တွေထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲတွေကြောင့် ဒီကနေ့ ဧပြီ ၈ရက်အထိ ထိုင်းနိုင်ငံဘက်ကိုစစ်ရှောင်ထွက်ပြေးရသူ ဒေသခံ ၁သောင်းကျော်အထိရှိလာပြီလို့ မြေပြင်မှာ အကူအညီပေးနေတဲ့ အဝေးရောက်ဧရာဝတီအသင်း က ကိုဖိုးသင်္ကြန်က ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲ ကလေးအရေအတွက် က ၃ပုံ ၁ပုံကျော်အထိရှိနေသလို သက်ကြီးရွယ်အိုတွေလည်းများလို့ အစားအသောက်၊ ရေ၊ ခြင်မကိုက်အောင်လိမ်းဆေး၊ အခင်း တွေလိုအပ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ထိုင်းအစိုးရ က ထိုင်းမြန်မာနယ်စပ်က ထိုင်းဘက်ခြမ်း က မဲဆောက်နဲ့ မယ်လဘက်တွေမှာ မြန်မာစစ်ဘေးရှောင်တသောင်းကျော်ကိုထားဖို့ အရေးပေါ်စခန်း၁၅ခုဖွင့်ပေးထားပြီး အဲဒီထဲမှာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ပြောင်းဖူးဂိုဒေါင်၊ ဆိတ်ခြံ၊နွားခြံဝန်းတွေနဲ့ရာဘာခြံတွေပါပါတယ်။
လတ်တလောမှာ စစ်ရှောင်တွေကိုလှူဒါန်းမယ့် ပစ္စည်းတွေကိုလည်း မဲဆောက်အာဏာပိုင်တွေဘက်က သူတို့ကိုယ်တိုင်စီမံခန့်ခွဲဖြန့်ဝေပေးဖို့ အစီအစဥ်ကြောင့် မြန်မာစစ်ရှောင်ကူညီသူတွေအနေနဲ့ တိုက်ရိုက်လှူဒါန်းမှုတွေမှာ အခက်အခဲရှိနေတယ်လို့ စစ်ရှောင်ကူညီသူအချို့ကပြောပါတယ်။
'' အခုစခန်းတွေက အရင်လို ပြေးလာကြတုန်းကလို စခန်းတခုနဲ့တခုနီးတဲ့နေရာမှာမရှိဘူး။ ပြန့်ကျဲနေတော့ သွားရောက်လှူဒါန်းရတဲ့အခါ အခက်အခဲရှိတယ်။သူတို့ရှိတဲ့နေရာစုံရောက်ဖို့ခက်ခဲတယ်။ အတတ်နိုင်ဆုံးစခန်းတွေစုံအောင် လစ်ဟင်းမှုမရှိအောင် ဒီက အဖွဲ့တွေနဲ့ညှိနှိုင်းလုပ်ရတယ်''လို့ စစ်ရှောင်တွေကိုကူညီနေတဲ့ အဝေးရောက်ဧရာဝတီအသင်း က ကိုဖိုးသင်္ကြန်က ပြောပါတယ်။
လက်ရှိမှာ မြဝတီ မြို့ နယ်အတွင်း ရွှေကုက္ကိုလ်မြို့သစ်အပြင် မဲကနယ်ကျေးရွာ၊ မဲ့ပလဲ့ကျရွာ၊ ဝေါလေ ကနဲလေး စတဲ့ဒေသတွေဘက်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ BGF တပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။
တချိန်တည်းမှာပဲ မြ၀တီမြို့နယ် နဲ့ ကော့ကရိတ်မြို့နယ်အတွင်း ကော့ကရိတ်-မြ၀တီ လမ်းမကြီးကို ဧပြီ ၇ရက်ကနေ ဧပြီလ ၂၁ ရက်အထိ ၁၅ ရက်တိတိ ဖြတ်သန်း သွားလာတာ လုံး၀မပြုလုပ်ကြဖို့ KNU/KNLAနဲ့ ပူးပေါင်းမဟာမိတ်တွေက စုပေါင်းထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ဒီလမ်းပိုင်းကိုအသုံးပြုပြီး သင်္ကြန်တွင်းပိတ်ရက်မှာ မိမိနေရပ် အိမ်ပြန်မယ့်သူတွေနဲ့ နေ့စဉ်စီးဆင်းနေတဲ့ ကုန်တင်ယာဉ်တွေ အကုန် ရပ်နားထားရပြီး ဧပြီ ၇ ရက်နေ့ အပြီး ကုန်စည်တွေ ပို့ဆောင်တာတွေ ပြုလုပ်နေကြရတယ်လို့ နယ်စပ်ကုန်သည်တွေက ဆိုကြပါတယ်။
ထိုင်းဘက်က BGF တပ်ကို လွှဲအပ်ခဲ့တဲ့ PDF သုံးဦးဖြစ်စဥ် NUG က ညှိနှိုင်းဆောင်ရွက်နေ

ဓာတ်ပုံ ရင်းမြစ်, Somijit Rungjamrassamee BBC Thai
PDF တပ်ဖွဲ့ဝင် သုံးဦးအခြေအနေနောက်ဆက်တွဲ ဘယ်လိုရှိနေပါသလဲ
ထိုင်းနိုင်ငံမဲဆောက်ကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့တုန်းက ဆေးကုသဖို့သွားရောက်စဥ် ဖမ်းဆီးခံခဲ့ရတဲ့ Lion Battalion အဖွဲ့ဝင် PDF သုံးဦးကို ထိုင်းလဝက (လူဝင်မှုကြီးကြပ်ရေးဌာန) ကဖမ်းဆီးပြီးနောက် လှေဆိပ်ကတဆင့် သောင်ရင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ထံ ပြန်လည်အပ်နှံခဲ့တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။
ထိုင်းလဝက က မြန်မာအာဏာပိုင်တွေလက်ထဲ PDF သုံးဦးကို ပြန်ပို့ခဲ့တာ ဟုတ်မှန်ကြောင်း ဘီဘီစီထိုင်းသတင်းဌာနကလည်း အတည်ပြုပါတယ်။
အဲဒီသုံးဦးဟာ မဲဆောက်မှာဆေးကုသဖို့ သွားရောက်စဥ် လမ်းမှားပြီး ဘန်ကောက်မြို့ဘက်သွားတဲ့လမ်းကို ရောက်သွားစဥ် ထိုင်းစစ်တပ်က ဖမ်းဆီးပြီး နယ်စပ်က ထိုင်းလဝက ထံ ပြန်ပို့ခဲ့တာဖြစ်ပါတယ်။
အဲဒီသုံးဦးကို ပြန်လွှတ်ပေးဖို့ လိုက်ပါကူညီနေတဲ့ မြန်မာတချို့က ချက်ချင်းပဲ ထိုင်းလဝက ဌာနထံ သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့ပေမဲ့ နောက်တစ်ရက်မနက်မှာ ပြန်လာဖို့သာ ပြောကြားခဲ့ပြီး ချိန်းတဲ့နေ့ ဧပြီ ၂ ရက်နေ့မှာ သွားရောက်စဥ်မှာတော့ တပ်ဖွဲ့ဝင် သုံးဦးကို ပြန်လွှတ်လိုက်ပြီလို့သာ ပြောကြားကြောင်း လိုက်ပါကူညီပေးနေသူက ဘီဘီစီကိုပြောပါတယ်။
“ကိုသီဟ၊ ကိုထက်နေဝင်းနဲ့ ကိုစောဖြိုးလေးတို့က ဘန်ကောက်ဘက်သွားတဲ့လမ်းကို မှားဝင်မိလို့ စစ်တပ်က ဖမ်းပြီး တောမောင်း(ထိုင်းလဝက) ကိုပို့တယ်။ သိသိချင်း ကျွန်တော်တို့လိုက်ပါတယ်။ ဒါပေမဲ့ နောက်ရက်မနက်မှပြန်လာဆိုလို့သွားတော့ ပြန်လွှတ်လိုက်ပြီ၊ လှေဆိပ်ကတင်ပေးလိုက်တယ်တဲ့။ အဲဒါနဲ့ ဆက်လိုက်တော့ လှေဆိပ်မှာ ရေအလယ်လောက်ရောက်တော့ ကိုသီဟတို့က ခုန်ဆင်းပြီး ပြေးဖို့ကြိုးစားတယ်။ တစ်ဖက်ကမ်းမှာက BGF တွေက အသင့်စောင့်နေတယ်။ PDF တွေပါလာမှန်းလည်းသိတယ်။ အဲဒီမှာ ပစ်ဖမ်းတော့ ကိုသီဟကရင်ဘတ်ထိတယ်။ ကိုစောဖြိုးလေးက ခြေထောက်ထိတယ်။ ကိုထက်နေဝင်းကတော့ မထိဘူး။ အခု ကျွန်တော်တို့ ထပ်ပြီး သိရတာက သုံးယောက်လုံး စစ်ကြောရေးမှာရှိနေတယ်လို့ သိရပါတယ်။ ကိုသီဟသေတယ်ဆိုတဲ့သတင်းလည်းကြားပါတယ်။ ကျွန်တော်တို့ သေသေချာချာလိုက်စုံစမ်းကြည့်ရသလောက် သေတယ်လို့တော့မသိထားရသေးပါဘူး”လို့ လိုက်ပါကူညီပေးနေသူက ပြောပါတယ်။
စစ်ကောင်စီဘာပြောလဲ
အဲဒီဖြစ်စဥ်မှာ ပစ်ခတ်ဖမ်းဆီးခံရလို့ ကိုသီဟသေဆုံးသွားတယ်ဆိုတာနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ဘီဘီစီကလည်း ဆက်လက်စုံစမ်းနေပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းထံလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ဒီသုံးဦးဟာ ထိုင်းနိုင်ငံရဲ့လူမှုဝင်ကြီးကြပ်ရေးအက်ဥပဒေကိုချိုးဖောက်လို့ဖြစ်ကြောင်းနဲ့ သေဆုံးတယ်ဆိုတာ မဟုတ်မှန်ကြောင်း ဒီနေ့ ဧပြီ ၈ ရက်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒီသုံးဦးကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာနဲ့ပတ်သက်လို့တော့ ပြောကြားတာမရှိပါဘူး။
တစ်ဖက်မှာလည်း ဒီ PDF တပ်ဖွဲ့ဝင်သုံးဦးရဲ့ မိခင်တပ်ဖွဲ့ဖြစ်တဲ့ Lion Battalion အဖွဲ့ထံလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
NUG ကဘာဆက်လုပ်ဖို့ရှိလဲ
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း မြန်မာ့တော်လှန်ရေး တပ်ဖွဲ့ဝင် လူငယ် (၃) ဦးကို ထိုင်းနိုင်ငံ အာဏာပိုင်များက ဖမ်းဆီးပြီး စစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ထံ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနဲ့ ဒီလုပ်ရပ်ဟာ မြန်မာစစ်ကောင်စီရဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းခိုလှုံရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ ကိစ္စရပ်ဖြစ်တယ်လို့ မနေ့ ဧပြီ ၇ရက်မှာထုတ်ပြန်ထားပါတယ်။
အဆိုပါဖြစ်စဉ်နှင့်တကွ အလားတူဖြစ်စဉ်များကို အထူးအလေးထားဦးစားပေးပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စဉ်ဆက်မပြတ် ဆက်သွယ်ညှိနှိုင်း၊ ဖြေရှင်းဆောင်ရွက်လျက်ရှိတယ်လို့ လည်းဆိုပါတယ်။
အခုလိုမျိုးတစ်ဖက် စစ်ကောင်စီလက်အောက်ခံတပ်ထံ PDF တပ်ဖွဲ့ဝင်သုံးဦးကိုလွှဲပြောင်းပေးခဲ့တဲ့ ထိုင်းအာဏာပိုင်တွေရဲ့လုပ်ရပ်အပေါ် တော်လှန်ရေးအင်အားစုတွေကြားမှာလည်း အပြင်းအထန်ဝေဖန်ကန့်ကွက်တာတွေရှိနေပြီးထိုင်းအစိုးရအနေနဲ့စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့မြန်မာတော်လှန်ရေးအင်အားစုတွေကိုခုလို လက်လွတ်စပယ်မဆက်ဆံသင့်ကြောင်းနဲ့ တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိုင်းနိုင်ငံအစိုးရနဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ဖို့ တိုက်တွန်းတာတွေရှိနေပါတယ်။








