ဂျပန်က မွတ်ဆလင်များ - သေဆုံးသူကိုမြှုပ်နှံရေးနေရာရှာဖို့ခက်နေသူတွေ

ဓာတ်ပုံ ရင်းမြစ်, getty images
- ရေးသားသူ, ဆွာမိနာသန် နာတာရာဂျန်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား
- ရေးသားခဲ့သည်။
လူသန်းပေါင်း ၁၂၀ ကျော်ရှိတဲ့ ဂျပန်နိုင်ငံမြေပေါ်မှာ မွတ်ဆလင်အသိုင်းအဝိုင်းဟာ လူပေါင်း နှစ်သိန်းပဲရှိတဲ့ တကယ့်ကိုနည်းတဲ့လူနည်းစုဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ ဒါမှမဟုတ် ရှင်တိုဘာသာရိုးရာအရ ဂျပန်နိုင်ငံသား ၉၉ ရာခိုင်နှုန်းဟာ အလောင်းတွေကို မီးသင်္ဂြိုဟ်ကြပါတယ်။ ဒါကြောင့် မွတ်ဆလင်တွေဟာလည်း အလားတူလုပ်ဆောင်ကြရပါတယ်။
အစ္စလာမ်ဘာသာအရ မီးသင်္ဂြိုဟ်တာကို တားမြစ်ထားပြီး မွတ်ဆလင်တွေဟာ ပုံမှန်ဆို သေဆုံးသူတွေကို ၂၄ နာရီအတွင်းမှာပဲ မြှုပ်နှံကြပါတယ်။
ဒါကြောင့် သက်ဆိုင်ရာကျန်ရစ်သူ မိသားစုဝင်တွေဟာ ကွယ်လွန်သူကို အစ္စလာမ်ဘာသာရေးထုံးတမ်းအရ သင့်တင့်လျောက်ပတ်တဲ့မြေချအမှုကို လုပ်နိုင်ဖို့ ရုပ်အလောင်းကို ကီလိုမီတာရာနဲ့ချီအောင် သယ်ယူကြရပါတယ်။
‘‘ကိုယ်ချစ်ခင်ရသူကို မီးသင်္ဂြိုဟ်ရမယ်ဆိုတာမျိုးတွေးမိရင် အိပ်လို့တောင်မပျော်ဘူးလို့ ပါရဂူဘွဲအတွက် ဂျပန်နိုင်ငံကို ၂၀၀၁ ခုနှစ်မှာ ပထမဆုံးရောက်ခဲ့တဲ့ တာဟီယာ အဘက်စ် ခန်က စိတ်ခံစားချက် အပြည့်နဲ့ ပြောပြပါတယ်။
ပါကစ္စတန်နိုင်ငံဖွား တက္ကသိုလ်ကထိကတစ်ဦးဖြစ်တဲ့သူဟာ အခုတော့ ဂျပန်နိုင်ငံသားဖြစ်နေပြီဖြစ်ပြီး သူတို့အသိုင်းအဝိုင်းမှာလည်း တက်ကြွသူဖြစ်သလို ဘက်ပူ မွတ်ဆလင်အဖွဲ့ကို ထူထောင်ထားပါတယ်။
ကာလရှည် ရုန်းကန်ရမှု
ဒေါက်တာ ခန်ကတော့ သူ့ကိုယ်ပိုင်ခန္ဓာဘာဖြစ်ဖြစ် စိုးရိမ်တာမျိုးမရှိပေမဲ့ တခြားသူတွေ ကြုံနေရတဲ့ခံစားရမှုကို မြင်ရတာတော့ မခံစားနိုင်ဘူးလို့ ပြောပါတယ်။
‘‘ဘာသာရေးထုံးတမ်းအရ နောက်ဆုံးလုပ်ပေးနိုင်တာက လူတစ်ယောက်ကို နောက်ဆုံးလုပ်ပေးနိုင်တဲ့အရာပါ။ ကိုယ့်မိတ်ဆွေတစ်ယောက်၊ ကိုယ့် သူငယ်ချင်းတစ်ယောက်ကို သိက္ခာရှိရှိ မမြှုပ်နှံပေးနိုင်ဘူးဆိုရင် ပုံမှန်ဘဝကို ကျွန်တော် မသွားနိုင်တော့ဘူး’’

ဓာတ်ပုံ ရင်းမြစ်, TAHIR ABBAS KHAN
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ခူရှုကျွန်းတောင်ပိုင်းက အွိုက်တာစီရင်စုနယ်မှာ ပထမဆုံး ဗလီကို ၂၀၀၉ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မွတ်ဆလင်ဘာသာဝင် နှစ်ထောင်ကျော်အထိနေထိုင်တဲ့အဲဒီနေရာမှာ သင်္ချိုင်းမြေတစ်ခု ပေါ်လာရေးဟာ စီစဥ်တဲ့ အဆင့်ကနေ အခုအချိန်အထိ မတက်သေးပါဘူး။
မိုဟာမက် အစ်ဂဘယ် ခန် ဟာ ဇနီးသည်ဖြစ်သူနဲ့အတူ ပါကစ္စတန်နိုင်ငံကနေ ဂျပန်နိုင်ငံကို ၂၀၀၄ ခုနှစ်မှာ ရောက်လာသူ ဖြစ်ပါတယ်။ တိုကျိုမြို့နားမှာ ကားတင်ပို့လုပ်ငန်းကို စလုပ်ပြီးတဲ့နောက်မှာတော့ သူ့လုပ်ငန်းအခြေစိုက်နေရာကို ဖူကူအိုကာမြို့အနီးအရပ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာ ဇနီးသည်ဖြစ်သူက မွေးဖွားတဲ့ကလေး မီးတွင်းထဲမှာပဲ သေဆုံးခဲ့တဲ့အခါ သူ့အိမ်အနီးနား ပတ်ဝန်းကျင်မှာ မွတ်ဆလင်သင်္ချိုင်း မရှိခဲ့ပါဘူး။
‘‘ကျွန်တော်တို့ ကလေးအလောင်းကို အခေါင်းသေးလေးထဲထည့်၊ အခေါင်းကို ကားနောက်ခန်းထဲထည့်ပြီး ကီလိုမီတာ ၁၀၀၀ ကျော်အဝေးမှာရှိတဲ့ ယာမာနာရှီအထိ ကားမောင်းသွားခဲ့ရတယ်’’ အဘယ်ခန်က ကြုံခဲ့ရတဲ့အခြေအနေကို ပြောရင်း ‘‘ကျွန်တော်နဲ့အတူ သူငယ်ချင်းလေးယောက်လည်းပါတယ်။ တစ်ယောက်တစ်လှည့်စီ ကားမောင်းခဲ့ကြရတာ’’ လို့ ပြောပါတယ်။
ယာမာနာရှီ သင်္ချိုင်းဟာ မွတ်ဆလင်တွေအတွက်ရော၊ ခရစ်ယာန်တွေအတွက်ပါ အသုံးပြုပါတယ်။ ခရစ်ယာန် ကတော့ နောက်ထပ်လူနည်းစုတစ်ခုဖြစ်ပြီး ဂျပန့်လူဦးရေရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။
‘‘ကျွန်တော်ကတော့ မွေးကင်းစ ကလေးသေဆုံးတဲ့စိတ်ဒဏ်ရာကြုံရတဲ့ဇနီးအနားမှာပဲ ရှိနေချင်ခဲ့တာ။ ဒါပေမဲ့ မဖြစ်နိုင်ခဲ့ဘူး။ အတော်လေးကို ခက်ခဲခဲ့တာပါဗျာ’’
ရှေ့မတက်နိုင်တဲ့အစီအစဥ်
ဒေါက်တာခန် ရဲ့အဖွဲ့ဟာ ဘက်ပူမှာရှိတဲ့ ခရစ်ယာန်သင်္ချိုင်းဘေးမှာပဲ မြေတစ်ကွက်ကို ဝယ်ယူခဲ့ပါတယ်။ အဲဒီမြေကွက်ရဲ့ဘေးနားက မြေပိုင်ရှင်တွေက ‘‘ကန့်ကွက်လွှာ’’ မပေးခဲ့ကြပေမဲ့ အဲဒီမြေကွက်နဲ့ ၃ ကီလိုမီတာအဝေးမှာရှိတဲ့အနီးနားဆုံးလူနေအရပ်က လူတွေက ကန့်ကွက်ခဲ့ကြပါတယ်။
‘‘အလောင်းတွေကို မြှုပ်မယ်ဆိုရင် သူတို့ မြေအောက်ရေရော၊ စိုက်ပျိုးဖို့သုံးတဲ့ကန်ရေကိုရော မသန့်ဖြစ်စေမယ်ဆိုပြီး ပြောကြတယ်’’လို့ ဒေါက်တာခန်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TAHIR ABBAS KHAN
၇ နှစ်အတွင်း ဘာမှ တိုးတက်မှုမရှိလို့ အဖွဲ့ဝင်တွေဟာ တခြားရွေးချယ်စရာနည်းလမ်းအသစ်တွေကို ရှာကြရပါတယ်။
ဒေါက်တာ ခန်ကတော့ မွတ်စလင်ရွှေ့ပြောင်းနေထိုင်သူတွေဟာ မိသားစုဝင်တွေရဲ့အလောင်းတွေကို နေရပ်ကို ပြန်သယ်ကြရတယ်လို့ ပြောပါတယ်။ ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေကြသူတွေဆိုရင် သူတို့ရဲ့နောက်ဆုံးနေရက်တွေကို မွေးဖွားတဲ့အရပ်ကို ပြန်ပြီး ကုန်ဆုံးကြတယ်လို့တောင် သူက ထပ်လောင်း ပြောပြပါတယ်။
ဒါပေမဲ့လည်း အလောင်းကို အိမ်ပြန်သယ်တဲ့ကိစ္စဟာ စာရွက်စာတမ်းအဆင့်ဆင့်လုပ်ရတာလည်း ပါဝင်လို့ မြေချမယ့်ရက်ကို နှောင့်နှေးမှုဖြစ်စေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, RYOKO SATO
ဒါပေမဲ့ ခူရှုကျွန်းမှာနေထိုင်တဲ့ အစ္စလာမ်ဘာသာကိုကူးပြောင်းလိုက်တဲ့ ဂျပန်လူမျိုးတစ်ဦးဖြစ်တဲ့ ရိုဆို ဆာတိုအတွက်ဆိုရင် ဒါကရွေးချယ်စရာတစ်ခု မဟုတ်ပြန်ပါဘူး။
‘‘ဂျပန့်စည်းကမ်းစည်းဘောင်တွေကို မလိုက်နာဘူးဆိုရင် ကိုယ့်နိုင်ငံ ကိုယ်ပြန်ကြလို့ တချို့က ပြောကြတယ်။ တချို့ကကျတော့လည်း မြှုပ်တာကိုလက်ခံတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ အလောင်းကို သယ်သွားလို့ပြောကြတယ်။
ကျွန်မ အမျိုးသားဆိုရင် သူ့အသက်တစ်ဝက်ကို ဂျပန်မှာနေသွားခဲ့တာ။ ဂျပန်နိုင်ငံသားဖြစ်တာလည်း အတော်လေးကြာနေပြီ။ အခွန်ဆိုရင်လည်း ဂျပန်နိုင်ငံဖွား ဂျပန်နိုင်ငံသားတွေနည်းတူဆောင်တာပါပဲ’’
‘‘သူက မွေးတဲ့သူတွေအားလုံးကလည်း ဂျပန်နိုင်ငံမှာပဲ ဆက်နေကြတာ။ ဒီလိုအခြေအနေမျိုးမှာ သူဆုံးတဲ့အခါ သူ့ အလောင်းကို ဘယ်ကို သယ်သွားမလဲ။ ရှင်ပဲ စဥ်းစားကြည့်ပါတော့’’
ဆာတိုက အလောင်းမြေမြှုပ်မှုကို ကန့်ကွက်တဲ့နောက်ကွယ်မှာ ‘’ကြိုးကြောင်းမချင့်ချိန်တဲ့ယဥ်ကျေးမှုဆိုင်ရာအစွဲ’’ရှိနေတယ်လို့ ပြောပါတယ်။
‘‘တချို့က ပြီးခဲ့တဲ့မျိုးဆက်အချို့မှာ အလောင်းကို မြေမြှုပ်ခဲ့ကြတာတောင် ဒီလိုလုပ်တာဟာ ထိတ်လန့် ဆိုးယုတ်တဲ့ကိစ္စလို့ ထင်ကြတယ်။ အလောင်းမြေမြှုပ်တာက ဂျပန်မှာ ကျင့်သုံးခဲ့တာပဲလေ’’ လို့ ဆာတိုက ပြောပါတယ်။
မီးသင်္ဂြိုဟ်တဲ့စျာပနအများစုကို အသုဘရှုတက်ခဲ့ပေမဲ့ သူကွယ်လွန်တဲ့အခါမှာတော့ မြေမြှုပ်ဖို့ပဲ ဆုံးဖြတ်ထားပါတယ်။
‘‘မြှုပ်နှံချင်တဲ့စိတ်ဆန္ဒကို အတ္တကြီးတာလို့ ပြောဆိုကြတယ်။ အနည်းဆုံးတော့ ကိုယ့်အလောင်းအတွက် ကိုယ် အတ္တကြီးပါရစေ’’
ဒေါက်တာခန်နဲ့အတူ တက္ကသိုလ်တစ်ခုတည်းဖြစ်တဲ့ ရီဇုမိအိကန် အာရှ ပစိဖိတ်တက္ကသိုလ်က လူမှုဗေဒတွဲဖက်အတွင်းရေးမှူး ရှင်ဂျီ ကိုဂျီမာကတော့ အကြောင်းအရာတွေက ပိုပြီးရှုပ်ထွေးတယ်လို့ ပြောပါတယ်။ သူက ဒီပြဿနာကို သုတေသန ပြုလုပ်ခဲ့သူဖြစ်ပြီး ဘက်ပူ မွတ်ဆလင်အသိုင်းအဝိုင်းကို အကြံပေးနေတာဖြစ်ပါတယ်။
‘‘ဆုံးဖြတ်ကြတဲ့အကြောင်းက မွတ်ဆလင်ဖြစ်လို့ မဖြစ်လို့ မဟုတ်ဘူး။ ဒေသန္တရအသိုင်းအဝိုင်းကြားမှာ ဘယ်လို အလုပ်ဖြစ်အောင်လုပ်မလဲဆိုတာ သိနိုင်တာနဲ့ဆိုင်တယ်။ နောက်ဆုံးမှာ ကိုယ်လိုချင်တဲ့ရလဒ်ထွက်လာအောင် ဘယ်သူ့ကို ဘယ်လိုချဥ်းကပ်မလဲဆိုတဲ့ လူမှန် ရွေးတတ်ဖို့လည်း လိုတယ်’’ လို့ ဒေါက်တာကိုဂျီမာက ဘီဘီစီကို ပြောပါတယ်။
‘‘အိမ်ခြံမြေနယ်ပယ်မှာ မွတ်ဆလင်မဟုတ်တဲ့ ဂျပန်တွေလည်း အခုလို အတိုက်အခံလုပ်တာတွေ ကြုံရတာပါပဲ။ ငါ့အိမ်နောက်ဖေးမှာတော့ လာမလုပ်ကြနဲ့ဆိုတဲ့(နင်ဘီ) လှုပ်ရှားမှုလိုမျိုး’’
ဖြစ်နိုင်ခြေရှိတဲ့အဖြေ
၃ နာရီနီးပါးကြာ ကားမောင်းခဲ့ရတဲ့ ဟီရိုရှီးမားက သင်္ချိုင်း အသစ်တစ်ခုအပါအဝင်ဆိုရင် ဂျပန်မှာ မွတ်ဆလင် သင်္ချိုင်း ၁၃ ခုရှိတယ်လို့ ဒေါက်တာခန်က ပြောပါတယ်။
အသုဘလိုက်ပို့ရင်း အစ်ဂဘယ်လည်း အဲဒီကို ရောက်ခဲ့ဖူးပါတယ်။ ‘‘ဟီရိုရှီးမားမှာတော့ လိုအပ်တဲ့အခြေခံအဆောက်အုံတွေ အကုန်လုံးရတယ်။ ကိုယ်သန့်ဖို့ဆိုရင်လည်း ရေရှိတယ်။ ဒေသခံတွေကလည်း ဟာလာဖြစ်တဲ့အစားအသောက်တွေ မျှဝေပေးတယ်’’ လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TAHIR ABAS KHAN
ဒေါက်တာ ခန်ကတော့ လွတ်တော်အမတ်တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ဒေသအာဏာပိုင်တွေကို ဒီပြဿနာတွေကို ဖြေရှင်းဖို့ တိုက်တွန်းနေပါတယ်။
အခုတော့ ဒေသန္တရအာဏာပိုင်တွေဟာ မွတ်ဆလင်အသိုင်းအဝိုင်းအတွက် ဘက်ပူးမှာ မြှုပ်နှံနိုင်တဲ့နေရာ ၇၉ ခုပါတဲ့ မြေကို ခွဲတမ်းချပေးလိုက်တာကြောင့် မျှော်လင့်ခြင်းအလင်းရောင် ဖြစ်လာစေပါတယ်။
‘‘ဒါက ဘာသာရေးအရ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါက အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်’’ လို့ သူက ပြောပါတယ်။ ‘‘ဘာကိုမှ အခမဲ့ မတောင်းဆိုနေပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ ငွေပေးဆိုရင်လည်း ပျော်ပျော်ကြီး ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့် စိန်ခေါ်ချက်က ခွင့်ပြုချက်ရဖို့ အစီအစဥ်ဖြစ်ပါတယ်’’
သူကတော့ တခြားလူနည်းစုအသိုင်းအဝိုင်းတွေဖြစ်တဲ့ ဂျူးနဲ့ ဘရာဇီးကနေလာတဲ့ ခရစ်ယာန် အသိုင်းအဝိုင်းတွေ လည်း ရုန်းကန်နေရပါတယ်။
‘‘အကောင်းဆုံးအဖြေကတော့ ဂျပန်က စီရင်စုနယ်တွေအားလုံးမှာတော့ ဘာသာပေါင်းစုံ မြှုပ်နှံတဲ့နေရာ တစ်ခု ရှိလာဖို့ ဖြစ်ပါတယ်’’ လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဒါကို ဒေသန္တရ အာဏာပိုင်တွေက အခုအထိ ဖြေရှင်းပေးဖို့ ကျန်နေတော့ ဗဟိုအစိုးရအနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ကလည်း မဖြစ်နိုင်ပါဘူး’’
ဒေါက်တာ ခန်ကတော့ မျှော်လင့်ချက်ကို လက်မလွှတ်သေးပါဘူး။ ‘‘သေဆုံးရုပ်အလောင်းကို ကျွန်တော်တို့ မသင်္ဂြိုဟ်ပါဘူး။ အဲဒီလို လုပ်မှာလည်း မဟုတ်ဘူး။ သေဆုံးသူကို မြှုပ်နှံနိုင်အောင် စွမ်းနိုင်သမျှ ကြိုးပမ်းသွားပါမယ်’’








