အမေရိကန်ကာကွယ်ရေးဝန်ကြီး ဆေးရုံတက်မှု သမ္မတဘိုင်ဒန် ရက်နဲ့ချီကြာအောင် မသိခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် ဆေးရုံတက်နေခဲ့ရတဲ့အခြေအနေကို သမ္မတ ဘိုင်ဒန်အစိုးရ ရက်နဲ့ချီကြာအောင် မသိခဲ့ဘူးလို့ အမေရိကန်အရာရှိတစ်ဦးက မီဒီယာတွေကို ပြောလာပါတယ်။
အသက် ၇၀ အရွယ် မစ္စတာ အော်စတင်ဟာ ခွဲစိတ်ကုသမှုတစ်ခုအပြီး နောက်ဆက်တွဲအခြေအနေကြောင့် Walter Reed ဆေးစင်တာကို တနင်္လာနေ့မှာ တင်ခဲ့ရတာဖြစ်ပါတယ်။
အဲဒီအခြေအနေကို ကြာသပတေးနေ့မနက် မတိုင်ခင်အထိ အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော်ကို အသိပေးခဲ့တာမရှိဘူးလို့ အရာရှိတစ်ဦးက ဘီဘီစီရဲ့ အမေရိကန် မိတ်ဖက်သတင်းဌာန စီဘီအက်စ်ကို ပြောပါတယ်။
မစ္စတာ အော်စတင်ကတော့ အဆက်အသွယ် အချိတ်အဆက် ကင်းမဲ့ခဲ့တဲ့အခြေအနေအတွက် တာဝန်ယူခဲ့အကြောင်း ပြောပါတယ်။
‘‘လူထုကို ထိုက်သင့်တဲ့သတင်းစကားပါးရမယ့်အလုပ် ကောင်းကောင်းမလုပ်ခဲ့တာကို ကျွန်တော် ဝန်ခံပါတယ်’’ လို့ ဝန်ကြီးက ကြေညာချက်ထုတ်ပြန်ပါတယ်။
‘‘ပိုကောင်းအောင်လုပ်ဖို့ ကျွန်တော် ကြိုးစားပါမယ်’’
ကာကွယ်ရေးဝန်ကြီးဟာ အမေရိကန်စစ်တပ်ရဲ့ကွပ်ကဲမှုအဆင့်ဆင့်မှာ သမ္မတပြီးရင် ဒုတိယနေရာမှာ ရှိနေသူဖြစ်ပါတယ်။
မစ္စတာ အော်စတင်ကတော့ ‘‘ဒီအခြေအနေကို ပြောပြဖို့ အရေးကြီးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကျန်းမာရေးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ပြီးတော့ အခုလို သတင်းမထုတ်ခဲ့တဲ့ကိစ္စအတွက်လည်း ကျွန်တော် တာဝန်အပြည့်အဝ ယူပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
‘‘ကျန်းမာရေးလည်း ပြန်ကောင်းလာပြီဖြစ်လို့ မကြာခင်မှာ ပင်တဂွန်ကို ပြန်လာနိုင်ဖို့လည်း စိတ်အားထက်သန်နေပါတယ်’’
ဝန်ကြီးဟာ ဆေးရုံမှာပဲ ရှိနေမယ်လို့ ယူဆရပေမဲ့ AFP သတင်းဌာနက ကိုးကားထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူရဲ့ စကားအရဆိုရင် ဝန်ကြီးဟာ သောကြာနေ့မှာပဲ တာဝန်ပြန်လည် ထမ်းဆောင်နေခဲ့ပြီလို့ သိရပါတယ်။
နေမကောင်းတဲ့အခြေအနေကြောင့် မစ္စတာ အော်စတင်ဟာ သူ့တာဝန်တွေကို ဘယ်လောက်အထိ ထမ်းဆောင်နိုင်လဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးသလို ဒုတိယကာကွယ်ရေးဝန်ကြီး ကတ်သလင်း ဟတ်စ် ကလည်း ဘယ်လောက်အထိ တာဝန်လွှဲပြောင်းခံခဲ့ရလည်းဆိုတာလည်း မရှင်းလင်းသေးပါဘူး။
ဒုဝန်ကြီးဟာ ပေါ်တိုရီကို အားလပ်ရက်ခရီးရောက်နေပေမဲ့ ဝန်ကြီး ဆေးရုံတက်နေရတဲ့အချိန်ကာလအတွင်း ဝန်ကြီးရဲ့တာဝန်တွေကို အခါအားလျော်စွာ ထမ်းဆောင်ခဲ့တယ်ဆိုပြီး အရာရှိတွေက ပြောထားတယ်လို့ စီအန်န် သတင်းမှာဖော်ပြပါတယ်။
ဒီအတောအတွင်းမှာပဲ သမ္မတ ဂျိုးဘိုင်ဒန်ဟာ မစ္စတာ အော်စတင်နဲ့ စနေနေ့တုန်းက နွေးနွေးထွေးထွေး စကားပြောဆိုခဲ့ပြီးဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
‘‘သမ္မတက ကာကွယ်ရေးဝန်ကြီး အော်စတင်အပေါ် ယုံကြည်မှု အပြည့်အဝရှိပါတယ်။ သူ ပင်တဂွန်စစ်ဌာနချုပ်ကို ပြန်လာနိုင်ရေးကိုလည်း သမ္မတက မျှော်လင့်နေပါတယ်’’ လို့ အမေရိကန်အရာရှိ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
အခုအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်ကြီးကြီးမားမား ပြသသူတွေထဲမှာ ရီပတ်ပလင်ကန်တွေလည်း ပါဝင်ပါတယ်။
‘‘ဆုံးဖြတ်ချက်ကြီးကြီးမားမားတွေ မိနစ်ပိုင်းအတွင်း ချမှတ်ရတဲ့အခါမျိုးမှာ ကာကွယ်ရေးဝန်ကြီးဟာ သမ္မတနဲ့ စစ်တပ်ကွပ်ကွဲမှုအကြား၊ နျူကလီးယားကွပ်ကဲမှုကြားမှာ ပင်မအချိတ်အဆက်ဖြစ်ပါတယ်’’ လို့ အထက်လွှတ်တော်အမတ် တွန် ကော်တန်က ကြေညာချက်မှာပြောပါတယ်။
‘‘ဒီသတင်းသာ အမှန်ဆိုရင် ဒီလို ထိန့်လန့်စရာအခြေအနေအတွက် အကျိုးဆက်တွေ ရှိလာပါလိမ့်မယ်’’ လို့ နောက်ထပ် ရီပတ်ပလင်ကန် အထက်လွှတ်တော်အမတ် ရော်ဂျာ ဝစ်ကာက ပြောပါတယ်။
မစ္စတာ အော်စတင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတယ်ကြားရလို့ စိတ်ချရပေမဲ့ ‘‘အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနဟာ ဝန်ကြီးရဲ့ ကျန်းမာရေးအခြေအနေ သတင်းကို ရက်နဲ့ချီကြာအောင် ရည်ရွယ်ချက်ရှိရှိ ထုတ်မပြောခဲ့ဘူးဆိုတဲ့အချက်ကတော့ ရှင်းနေပါတယ်။ ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး’’ လို့ သူက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနသတင်းတွေကို ရယူတဲ့ ပင်တဂွန်သတင်းထောက်အသင်းကတော့ ဝန်ကြီးရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့အခြေအနေကို ပင်တဂွန်စစ်ဌာနချုပ်ကို သောကြာနေ့က ပေးပို့တဲ့ စာတစ်စောင်မှာ ထည့်သွင်းရေးသားထားပါတယ်။
‘’အရှေ့အလယ်ပိုင်းမှာ အမေရိကန်စစ်ဘက်တာဝန်ထမ်းဆောင်နေသူတွေကို ခြိမ်းခြောက်မှုတွေ တိုးလာနေချိန်၊ အစ္စရေးနဲ့ ယူကရိန်းစစ်ပွဲတွေမှာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကဏ္ဍ အရေးပါလာချိန်မှာ နိုင်ငံရဲ့ထိပ်ပိုင်း ကာကွယ်ရေးခေါင်းဆောင်တစ်ဦးရဲ့ ဆုံးဖြတ်နိုင်စွမ်းနဲ့ ကျန်းမာရေး အခြေအနေကို အမေရိကန်ပြည်သူတွေကို အသိပေးဖို့ သိပ်ကို အရေးကြီးလှပါတယ်’’ လို့ စာမှာ ရေးသားထားပါတယ်။
အငြိမ်းစားယူထားတဲ့ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဟောင်း မစ္စတာ အော်စတင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူတဲ့ ပထမဆုံး အာဖရိကန်-အမေရိကန်နွယ်ဖွား ဖြစ်ပါတယ်။








