သူရဦးရွှေမန်းပါတီကို ဖျက်သိမ်းရန် စီစဥ်နေ

ပါတီခေါင်းဆောင်အနေနဲ့တွေ့မြင်ခဲ့ရတဲ့ သူရဦးရွှေမန်း

ဓာတ်ပုံ ရင်းမြစ်, UBP

ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနှီးတဲ့မိတ်ဆွေ သူရဦးရွှေမန်းဥက္ကဋ္ဌ အဖြစ်ဦးဆောင်နေတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို ဖျက်သိမ်းဖို့စီစဥ်နေတဲ့အကြောင်း ဗဟိုကော်မတီဝင်တွေဆီ ပါတီဌာနချုပ်က အကြောင်းကြားလာတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဦးဆောင်နေသူ သူရဦးရွှေမန်းရဲ့အသက်အရွယ်၊ ပါတီရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ ပါတီဝင်တွေရဲ့ လုံခြုံရေး စတဲ့ အခြေအနေအရပ်ရပ်ကို စဥ်းစားပြီး အခုလို ဖျက်သိမ်းဖို့ စဉ်းစားတာလို့ ဗဟိုကော်မတီဝင် တစ်ဦးကပြောပါတယ်။

ပါတီဌာနချုပ်က မှတ်ပုံတင်ဖျက်သိမ်းဖို့ လုပ်ငန်းစဥ်အဆင့်ဆင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်သွယ်ပြီးဆက်လက်လုပ်ဆောင်သွားမယ့်အကြောင်း သူကဆက်ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ၂၀၁၉ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အများဆုံးဝင်ပြိုင်တဲ့ ပါတီ ၃ ခုထဲ တစ်ခုအပါအဝင်ဖြစ်ပေမယ့် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပါတီလှုပ်ရှားမှုတွေရပ်နားထားရာကနေ အခုလို ဖျက်သိမ်းဖို့အထိ စီစဥ်နေတာဖြစ်ပါတယ်။

ဝက်လက်အရှေ့ခြမ်းကျေးရွာတွေကို စစ်ကောင်စီတပ် ရွာစဥ်ဝင်နေ

စစ်ကောင်စီ စစ်ကြောင်းကြောင့် ငါးပတ်‌ချောင်းဒေသခံတွေလည်း ထွက်ပြေးနေရ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဘုရားလေးကုန်းရွာအနီး ပစ်ခတ်မှု လူသေဆုံးမှုရှိတယ်လို့ ဒေသခံတွေ ပြော

 

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့စစ်ကောင်စီတပ်ဟာ အဲဒီနယ်ထဲက ကျေးရွာတွေကို ရွာစဥ်ဝင်နေဆဲ ဆိုပြီး ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၈ ရက်မှာ နေပူကုန်း၊ ဘုရားလေးကုန်း၊ ငါးပတ်ချောင်းကျေးရွာတွေ အနီးတဝိုက်ကို လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ဧရာဝတီမြစ်ထဲ အသေးစားရွှေတူးဖော်သူတွေအပါအဝင် လူပေါင်း ၁၅ ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မှာလည်း ဆည်တောရွာအနောက်မြောက်ဘက် ခရိုင်ချင်းဆက် ဗျူဟာလမ်းအနီးနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကင်းစောင့်နေ ဒေသခံ ၃ ဦးသေဆုံးသွားတယ်လို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

‘’မနေ့ည ၁ နာရီကျော်ကျော်လောက်မှာ ငါးပတ်ချောင်းရွာနဲ့မဝေးတဲ့ ဒူးရင်တောင်ကြောဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ ၁၀ ချက်ထက်မနည်းဘူး။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့နေရာကို လှမ်းပစ်တဲ့သဘောပါပဲ။ အနီးနားရွာထဲ ကျတာတော့မရှိဘူး။ သူတို့က ခုဆို ညပိုင်း စစ်ကြောင်းထိုးတာမျိုးလုပ်တယ်။ အဲဒီမှာ ဒီနေ့မနက်ပိုင်းတုန်းက ဆယ်တောရွာအနောက်မြောက်ဘက် ခရိုင်ချင်းဆက်မကြီးပေါ်က ဘုရားလေးကုန်းရွာ တံတားနားလေးအနားမှာ ပစ်ခတ်မှုဖြစ်တယ်။ ကင်းသမား ၃ ယောက်သေတယ်ပြောတယ်’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီတပ်က  ဝက်လက်အရှေ့ဘက်ခြမ်းက ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို အောက်တိုဘာလ ၈ ရက်နေ့တုန်းက လေကြောင်းကနေ ပစ်ခတ်မှုအတွင်း သေဆုံးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ အရပ်သား ၁၀ ဦးကျော်ရဲ့ရုပ်အလောင်းတွေကို တွေ့ရှိထားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဝက်လက်အရှေ့ခြမ်းက မင်းကုန်း၊ ဘုရားလေးကုန်း၊ ရွာသာယာ၊ ဆည်တော၊ ညောင်ပင်ဝိုင်းစတဲ့ကျေးရွာတွေကို အင်အားဆယ်ချီတဲ့ စစ်ကြောင်းထိုးနေတာကြောင့် အဲဒီကျေးရွာတွေက ဒေသခံထောင်ချီဟာ စစ်ကြောင်းလှုပ်ရှားမှု အခြေအနေကို ကြည့်ပြီး သက်ဆိုင်ရာ ကျေးရွာတွေကို အဝင်အထွက် ပြုလုပ်နေရတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ ရဟတ်ယာဥ်ကိစ္စ အဂတိအမှုတွေမှာ သက်သေအကုန်အစင်မစစ်ရသေးခင် စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်တောင်း

သဘာဝဘေး အ‌ရေးပေါ်တုံ့ပြန်ရေးမှာ အသုံးပြုဖို့ ရည်ရွယ်တဲ့ အီတလီထုတ်ရဟတ်ယာဥ် တစ်စင်းကို ငှားရမ်း၊ ဝယ်ယူရာမှာ လုပ်ထုံးလုပ်နည်းနဲ့မညီတာကြောင့် နိုင်ငံပိုင်ငွေကြေး ဆုံးရှုံးရတယ်ဆိုပြီး စွပ်စွဲခံရကာ အမှု ၅ ခုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အတိုင်ပင်ခံရုံး

ဓာတ်ပုံ ပုံစာ, သဘာဝဘေး အ‌ရေးပေါ်တုံ့ပြန်ရေးမှာ အသုံးပြုဖို့ ရည်ရွယ်တဲ့ အီတလီထုတ်ရဟတ်ယာဥ် တစ်စင်းကို ငှားရမ်း၊ ဝယ်ယူရာမှာ လုပ်ထုံးလုပ်နည်းနဲ့မညီတာကြောင့် နိုင်ငံပိုင်ငွေကြေး ဆုံးရှုံးရတယ်ဆိုပြီး စွပ်စွဲခံရကာ အမှု ၅ ခုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ရဟတ်ယာဉ်ငှားရမ်းဝယ်ယူမှုနဲ့ စွပ်စွဲခံထားရတဲ့ အဂတိအမှုငါးမှုအတွက် စွဲချက်တင်သင့်၊ မတင်သင့်နဲ့ပတ်သက်ပြီး လာမယ့် အောက်တိုဘာလ ၁၇ ရက်၊ တနင်္လာနေ့မှာ လျှောက်လဲချက်ပေးရဖို့ရှိတယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေ သိရပါတယ်။

အမှုတွေနဲ့ပတ်သက်ပြီး စွဲချက်တင်သင့်၊ မတင်သင့်ကို လာမယ့်တစ်ပတ်ရုံးချိန်းမှာ လျှောက်လဲချက်ပေးဖို့ အမှုစစ်ဆေးတဲ့တရားသူကြီးက ပြောကြားလိုက်တာကြောင့်လို့ ဆိုပါတယ်။

အဲဒီအမှုတွေအတွက် တရားလိုပြသက်သေတွေကို စစ်ဆေးနေဆဲဖြစ်သလို စစ်ဆေးရမယ့် သက်သေတွေလည်းကျန်နေသေးတဲ့အချိန်မှာ တရားသူကြီးဘက်က အခုလိုပြောဆိုလာတာလို့လည်း သိရပါတယ်။

ဒီလိုတရားလိုပြသက်သေတွေ စစ်ဆေးလို့မပြီးသေးတဲ့အချိန်မှာ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးရဖို့ရှိတာကြောင့် စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်အတွက် နစ်နာမှုရှိတယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ဆိုပါတယ်။

ပြဋ္ဌာန်းထားတဲ့ ဥပ‌ဒေတွေအရ စွဲချက်တင်ဖို့ အမိန့်ချခံခဲ့ရရင် အမိန့်မချခင်ကတည်းက ကုန်စင်အောင် စစ်ဆေးထားပြီးဖြစ်တဲ့ တရားလိုပြသက်သေတွေကို ပြန်ခေါ်သက်သေအနေနဲ့ ပြန်လည်ခေါ်ယူစစ်ဆေးလို့ရပါတယ်။ ဒါပေမဲ့ စစ်ဆေးဖို့ သက်သေတွေ ကျန်နေသေးတဲ့ တရားခွင်မှာ စွဲချက်တင်မတင်အမိန့်ကို ချမှတ်လိုက်မယ်ဆိုရင်တော့ စွပ်စွဲခံရသူဘက်က ပြန်ခေါ်သက်သေခေါ်ခွင့် ထပ်ခေါ်ခွင့်မရတော့တာကြောင့် နစ်နာမှုရှိတာလို့ ဆိုပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လက်ခံရယူရာမှာ ‌လာဘ်စားတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အဂတိအမှုတွေအတွက်လည်း မနက်ဖြန် အောက်တိုဘာ ၁၂ ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်။

လက်ရှိမှာတော့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၂ မှုအတွက် ထောင်ဒဏ် ၂၃ နှစ် အမိန့်ချခံထားရပြီး နေပြည်တော်အချုပ်ထောင်ထဲမှာ ထိန်းသိမ်းခံနေရတာဖြစ်ပါတယ်။

ကျားခင်စိန် - အညာဒေသက ဒရုန်းစစ်ဆင်ရေးအမျိုးသမီးတာဝန်ခံ
ကျားခင်စိန် ကျားခင်စိန် - အညာဒေသက ဒရုန်းစစ်ဆင်ရေးအမျိုးသမီးခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, screengrab

စစ်ကောင်စီကိုလက်နက်ကိုင်ဆန့်ကျင်မှု အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ဒရုန်းစစ်ဆင်ရေးကို တာဝန်ယူလုပ်ကိုင်နေတဲ့ ကျားခင်စိန်တစ်ဖြစ်လဲ တော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးရဲ့တော်လှန်ရေးခရီးကြမ်းကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

ရခိုင်မှာ အရပ်ဘက်သုံးဖို့ ဂျပန်လှူဒါန်းထားတဲ့ ရေယာဥ်တွေကို စစ်တပ်သုံးနေတယ်လို့ HRW ပြော

ကစ္ဆပနဒီ ရေယာဥ်တွေထဲက ၃ စီးထဲက ၂ စီးကို မြန်မာစစ်တပ်က စစ်သားတွေ ပို့ဆောင်ဖို့ သုံးခဲ့တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, ပြည်တွင်းရေကြောင်း

ဓာတ်ပုံ ပုံစာ, ကစ္ဆပနဒီ ရေယာဥ်တွေထဲက ၃ စီးထဲက ၂ စီးကို မြန်မာစစ်တပ်က စစ်သားတွေ ပို့ဆောင်ဖို့ သုံးခဲ့တယ်လို့ဆို

ရခိုင်ပြည်နယ်မှာ အများပြည်သူ သွားလာရေးလွယ်ကူဖို့ ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့အရပ်ဘက်သုံး ရေယာဥ်တွေကို မြန်မာစစ်တပ်က စစ်သားတွေကို ပို့ဆောင်တာအပါအဝင် စစ်ဘက်မှာ အသုံးချနေတယ်ဆိုပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ဘက်က ဒီနေ့ အောက်တိုဘာလ ၁၁ ရက်မှာ ပြောလာပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ လှူဒါန်းထားတဲ့ ရေယာဥ် ၃ စီးထဲက ၂ စီးကို ဘူးသီးတောင်မြို့ ဆီ မြန်မာစစ်သား ၁၀၀ ကျော်နဲ့ ထောက်ပို့ပစ္စည်းတွေကို မေယုမြစ်အတွင်း တင်ဆောင်ရာမှာ အသုံးပြုခဲ့တယ်ဆိုတာကို HRW က လေ့လာတွေ့ရှိခဲ့ တာဖြစ်ပါတယ်။

စစ်သားတွေနဲ့ထောက်ပို့ပစ္စည်းတွေကို တင်ဆောင်ဖို့ ကစ္ဆပနဒီ - ၁ နဲ့ ကစ္ဆပနဒီ -၂ လို့နာမည်ပေးထားတဲ့အဲဒီရေယာဥ် ၂ စီးကို စစ်တွေနဲ့ ဘူးသီးတောင် အသွားအပြန် ရေကြောင်းခရီးအတွက် အသင့်ပြင်ထားဖို့ ရခိုင်ပြည်နယ်ကောင်စီ ပို့ဆောင်ရေးဝန်ကြီးက ရေးသားထားတဲ့လျှို့ဝှက်အဆင့် စာတစ်စောင်မှာ ဖော်ပြထားပြီး နောက်တစ်စောင်မှာတော့ ပေးပို့ပြီးဖြစ်တဲ့အကြောင်းကို တွေ့ရှိခဲ့တာလို့ HRW ဘက်က ပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် လှူဒါန်းထားတဲ့အကူအညီဟာ သက်ဆိုင်ရာကဏ္ဍတွေမှာပဲ အသုံးပြုအောင် လုပ်ဆောင်ဖို့ရှိတယ်လို့ ပြောပေမဲ့ စစ်ဘက်မှာ အသုံးပြုနေတဲ့ကိစ္စကတော့ သံခင်းတမန်ခင်း ကိစ္စ ဖြစ်တာကြောင့် မှတ်ချက်သီးသန့် ပေးဖို့ ငြင်းဆိုတယ်လို့ HRW ဘက်က သတင်းထုတ်ပြန်ပါတယ်။

HRW ဘက်ကတော့ ဂျပန့်အကူအညီတွေကို မြန်မာစစ်တပ်က စစ်ရေးအတွက် အသုံးပြုနေတာဟာ ဂျပန်အနေနဲ့ မြန်မာစစ်ကောင်စီရဲ့ စစ်ရေးလုပ်ဆောင်ချက်တွေကို ထောက်ပံ့ရာရောက်နေတာကြောင့် ဂျပန်အစိုးရအနေနဲ့ မြန်မာကို လူသားချင်းစာနာမှုနယ်ပယ်မဟုတ်တဲ့အကူအညီတွေ ဆိုင်းငံ့သင့်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာပါဝင်နေတဲ့ မြန်မာအရာရှိတွေကိုလည်း အရေးယူပိတ်ဆို့တာတွေ လုပ်သင့်တယ်လို့ ပြောဆိုပါတယ်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ စစ်ကောင်စီတပ်နဲ့ လက်တွဲပြီး ဌာနေပြည်သူ့စစ်ဖြစ်လာ

အောက်တိုဘာလ ၁၀ ရက် သတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, သံလွင်တိုင်းမ်စ်

မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့လက်တွဲတဲ့ ဌာနေပြည်သူ့စစ်အဖြစ် ဖွဲ့စည်းလိုက်ပြီလို့ အောက်တိုဘာလ ၁၀ ရက်မှာ ကြေညာလာပါတယ်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ ၂၀၁၀ ပြည့်နှစ်မှာ အဲဒီအချိန်က စစ်အစိုးရဆီလက်နက်ချ အလင်း ဝင်ခဲ့တာဖြစ်ပြီး အခုတော့ အဲဒီလိုလက်နက်ချမှု ၁၂ နှစ်ပြည့်မှာ ဌာနေ ပြည်သူ့စစ် ဖွဲ့စည်းတယ်လို့ သတင်း ထုတ်ပြန်လာတာဖြစ်ပါတယ်။

အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ရှုတ်ချသလို ပြည်သူတွေရဲ့နေ့စဥ် လူမှု ဘဝအေးချမ်းရေးအတွက် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့မှာ ဗဟိုဌာနချုပ်ရှိတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် နိုင်ရှောင်ရဲ့တာဝန်တွေကို ဗိုလ်မှူးချုပ် နိုင်အောင်ထွန်းကို လွှဲပြောင်းပေးလိုက်တယ်လို့လည်း အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

၂၀၀၈ ခုနှစ်မှာ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့ပြီးနောက်ပိုင်း စစ်ရေးအရ လှုပ်ရှားမှုမရှိခဲ့တဲ့ နိုင်ရှောင် ခေါင်းဆောင်တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ အင်အားရာချီနဲ့ စစ်အစိုးရဆီ လက်နက်ချခဲ့ တာဖြစ်ပါတယ်။

မြန်မာ့ကလေး၊လူငယ်အ‌ရေး နိုင်ငံတကာနှုတ်ဆိတ်နေမှုကို ကုလဆိုင်ရာမြန်မာသံအမတ်မေးခွန်းထုတ်

ဦးကျော်မိုးထွန်း

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the UN

မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်တပ်ကြောင့် ကလေးသူငယ်နဲ့ လူငယ် ၃၀၀ ကျော် သေဆုံးမှုရှိလာနေပြီး ကလေးငယ်အချို့ဟာ ဆွေမျိုးမိဘတွေနဲ့အတူ ဖမ်းဆီးခံရကာ ရာဇဝတ်သားလို ဆက်ဆံခံနေချိန် နိုင်ငံတကာက နှုတ်ဆိတ်နေမှုကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်လာပါတယ်။

နယူးယောက်မြို့မှာ မနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တုန်းက ကျင်းပတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းကို သူက အခုလို မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။

စစ်တပ်ကြောင့် မြန်မာကလေးငယ်တွေဟာ အသက်အန္တရာယ်၊ လွတ်လပ်ခွင့် ကန့်သတ်ခံရမှုနဲ့ အခွင့်အရေးတွေ ဖိနှိပ်ခံရတာတွေကို ကြုံတွေ့နေရတာ၊ ကလေးနဲ့လူငယ် ၃၀၀ ကျော် သတ်ဖြတ်ခံရတာ၊ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ လက်ယက်ကုန်းကျေးရွာကို လေကြောင်း တိုက်ခိုက်မှုအတွင်း စာသင်ကျောင်းက ကလေးငယ်တွေ သေဆုံးတာလို ဖြစ်ရပ်တွေကို ဦးကျော်မိုးထွန်းက သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုပါတယ်။

ဒီလိုဖြစ်ရပ်တွေရှိနေပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မိန့်ခွန်းတွေ၊ ရှုတ်ချမှုတွေနဲ့ တောင်းဆိုမှု တွေကို ရံဖန်ရံခါ ထုတ်လေ့ရှိပေမဲ့ စစ်တပ်ဟာ ပြစ်မှုကင်းလွတ်တဲ့အခွင့်အရေးကို ဆက်လက်ခံစားရရှိနေတာကြောင့် မြန်မာမှာ ကလေးသူငယ်တွေရဲ့ အသက်နဲ့အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ မြန်ဆန်ပြတ်သားတဲ့ဆောင်ရွက်ချက်တွေ ပြုလုပ်ဖို့ နိုင်ငံတကာကို သံအမတ်ကြီးက တောင်းဆိုထားပါတယ်။

မြဝတီ - မဲဆောက် နေ့ချင်းပြန်ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်လိုက်လို့ ဒေသခံတွေအခက်တွေ့

ကိုဗစ်ကာလ မြဝတီ-မဲဆောက် နယ်စပ် ဖြတ်သန်းကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

နေ့ချင်းပြန်ခွင့်ပြုချက်ကို မြန်မာဘက်က ကန့်သတ်တင်းကြပ်မှုတွေလုပ်လိုက်တာကြောင့် ‌ဒေသခံတွေရဲ့ ‌ပညာရေး၊ ကျန်းမာရေးအတွက် အခက်အခဲတွေရှိလာနေတယ်လို့‌ ဒေသခံတွေက ဘီဘီစီကိုပြောကြပါတယ်။

ကိုဗစ်ကာလကက ၂ နှစ်ကျော်ပိတ်ထားခဲ့တဲ့ မြဝတီ - မဲဆောက် ဖြတ်သန်းသွားလာခွင့်ကို အောက်တိုဘာလဆန်းပိုင်းက ထိုင်း-မြန်မာအမှတ် (၂) ချစ်ကြည်‌ရေး တံတားကတဆင့် နေ့ချင်းပြန်သွားလာခွင့် ပြန်လည်ခွင့်ပြုပေးခဲ့လို့ မြို့ခံချို့ ဖြတ်သန်းသွားလာခဲ့ကြပါတယ်။

ပြန်ဖွင့်ပြီး ရက်ပိုင်းအကြာ အောက်တိုဘာ ၆ရက်နေ့မှာ မြန်မာအာဏာပိုင်တွေဘက်က ပြန်လည် ကန့်သတ်မှုတွေလုပ်လိုက်လို့ မြဝတီဘက်ကသွားလာမှုတွေ ရပ်တန့်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံဘက်က ပိတ်ထားတာကြောင့် ထိုင်းဘက်ကို ကျောင်းသွားတက်တဲ့ မြန်မာ‌ကျောင်းသားတွေ၊ မြန်မာနိုင်ငံဘက်မှာကျောင်းလာတက်တဲ့ကျောင်းသားတွေ၊ ကျန်းမာရေးအတွက် မဲဆောက်မှာ သွားရောက်ဆေးကုသကြရတဲ့ မြန်မာတွေအတွက် အခက်အခဲတွေဖြစ် ‌သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

နေ့ချင်းပြန်ခွင့်ပြုချက်ကို ပြန်လည်ခွင့်ပြုနိုင်ဖို့ နှစ်နိုင်ငံ ခရိုင်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ပြန်လည်ဆွေးနွေးပြီးမှ ဖွင့်လှစ်မယ်လို့ ဒေသခံတွေကသိရှိထား‌ရပေမ ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာကိုတော့ ဒေသခံတွေ တိတိကျကျသိရတာမရှိသေးပါဘူး။