ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေဝါလီပွဲတော်အပြီး ဒေလီ လေထုက ပိုဆိုးဝါးလာနေ ဆိုတဲ့ သတင်းနဲ့အတူ (နိုဝင်ဘာလ ၁၃ ရက် - နိုင်ငံတကာ သတင်းများ)
မနေ့က ဒေဝါလီ ပွဲတော် ဆင်နွှဲကြပြီးတဲ့နောက် အိန္ဒိယ မြို့တော် ဒေလီမှာ မီးခိုးမြူတွေ ထူထပ်စွာဖုံးနေသလို ကောင်းကင်ကမှောင်နေကာ လေထု အရည် အသွေးက ဆိုးဆိုးဝါးဝါး ကျဆင်းနေပါတယ်။
လေထု ညစ်ညမ်းနေတာကြောင့် ပွဲတော်မှာ ဗျောက်အိုးတွေ မဖောက်ကြဖို့၊ မီးရှူး မီးပန်းတွေ မလွှတ်ကြဖို့ ပိတ်ပင်တားမြစ်ထားပေမဲ့ ညက ပွဲတော်နေ့မှာ မြို့ခံ အများအပြားက ဒီတားမြစ်ချက်တွေကို မလိုက်နာခဲ့ကြပါဘူး။
ဒေလီဟာ အဆိပ်အတောက်ပါတဲ့ လေထုနဲ့ ရင်ဆိုင်နေရတာ သီတင်းပတ် အတော် ကြာရှိနေပါပြီ။
အစိုးရက လေထုမညစ်ညမ်းစေရေး မူဝါဒတွေ ချထားပါတယ်။
ဒါပေမဲ့ အဲ့ဒါတွေကို အသက်ဝင်အောင် လုပ်တာက နည်းတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။
မြို့တော်ဟာ မော်တော်ယာဉ်ကထွက်တဲ့ မီးခိုးတွေ၊ ဖုန်မှုန့်တွေကြောင့် တနှစ်ပတ်လုံး လိုလိုမှာ လေထု အရည်အသွေးက မကောင်းတာနဲ့ ကြုံနေရတာပါ။
အခုလို ဆောင်းရာသီချိန်မှာ ဘေးပတ်ဝန်းကျင် ပြည်နယ်တွေက လယ်တွေမှာ ကောက်ရိုးပြတ်တွေ မီးရှို့ချိန်မို့ ဒေလီရဲ့ လေထုအခြေအနေက ပိုပြီး ဆိုးလေ့ ရှိပါတယ်။
ဆောက်လုပ်ဆဲ ပြိုကျတဲ့ ဥမင်ထဲ ပိတ်မိနေသူတွေနဲ့ အဆက်အသွယ်ရပြီ
အိန္ဒိယ နိင်ငံမြောက်ပိုင်းမှာ တည်ဆောက်နေတဲ့ ဥမင်လိုဏ်ခေါင်း တခု ပြိုကျတဲ့ အတွက် အချိန် ၂၄ နာရီကျော်ကြာ ပိတ်မိနေတဲ့ ဆောက်လုပ်ရေး လုပ်သား အယောက် ၄၀ ကို ကယ်ဆယ်ရေး လုပ်သားတွေ အဆက်အသွယ် လုပ်နိုင်ခဲ့ပါပြီ။
သူတို့အတွက် အစာနဲ့ ရေတွေကို ပို့နိုင်ပြီလို့ အမျိုးသား သဘာဝဘေး တုံ့ပြန် ဆောင်ရွက်ရေး တပ်ဖွဲ့က အရာရှိတယောက်က ပြောပါတယ်။
ဟိမဝန္တာတောင်တန်းတွေရှိရာ အူတရာကန်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဲဒီ ဥမင် လိုဏ်ခေါင်း ပြိုကျမှုထဲ ပိတ်မိနေတဲ့ အပိုင်းမှာ အောက်စီဂျင် ပေးနိုင်အောင် ကယ်ဆယ်ရေးသမားတွေ လုပ်နိုင်ခဲ့ကြပါတယ်။
အပျက်အစီး ကျောက်ပုံက အရှည် ၆ မီတာ လောက်ရှိပြီး အခု ၃ ပုံ ၁ ပုံလောက်ကို ရှင်းထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောပါတယ်။
ဂါဇာ ဆေးရုံမှာ လျှပ်စစ်မီးပြတ်လို့ လူနာတွေ သေဆုံးရ
ဂါဇာရဲ့ အဓိက ဆေးရုံမှာ လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် လူနာ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ရက်သား၊ လသား ကလေးတွေ လည်းပါဝင် တယ်လို့ ဟားမတ်စ် ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
ဒီဆေးရုံနားမှာ တိုက်ပွဲတွေက ဖြစ်နေပါတယ်။
အဲဒီ အယ်လ်ရှီဖာ ဆေးရုံက ဆရာဝန်တယောက်က ကျန်နေသေးတဲ့ ကလေးငယ် တွေ ကို လုံခြုံစွာနဲ့ အီဂျစ်ကို ရွှေ့ပေးကြဖို့ ပန်ကြားနေပါတယ်။
ဂါဇာ မြောက်ပိုင်းမှာ အစ္စရေး တပ်တွေက ရှေ့ကို တိုးလာတာနဲ့ အတူ တညလုံး ပေါက်ကွဲမှု အကြီးအမားတွေ ဖြစ်ခဲ့ပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာပါ။
အစ္စရေးက ဒီဆေးရုံ အဆောက်အဦတွေက ဟားမတ်စ်တို့ရဲ့ မြေအောက် ဥမင် တွေကို ဖုံးကွယ်ပေးထားတာလို့ စွပ်စွဲထားပေမဲ့ အဲဒါ မဟုတ်တဲ့အကြောင်း ဆရာဝန်တွေက ငြင်းဆိုထားပါတယ်။
အဲဒီ ဆေးရုံ ထဲမှာ လူ ၂,၀၀၀ လောက် ပိတ်မိနေပါတယ်။
အစ္စရေးတို့ ဂါဇာ စစ်ဆင်ရေး စတင်ကတည်းက ပါလက်စတိုင်း ၁၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။