ဇွန် ၂၉ ရက်ထိပ်တန်းသတင်းများ-ဘီးလင်းက ကျုံအိတ်တံတား ဖောက်ခွဲဖျက်ဆီးခံရ၊​ အနည်းဆုံး နှစ်ဦး သေ၊ ၂၀ ကျော်ဒဏ်ရာရ

ရေးသားခဲ့သည်။

ရုရှားသံအမတ် တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာတော့မယ် သံအမတ်သစ်ရောက်ဖွယ်ရှိ

Russia Ambassador to Myanmar

ဓာတ်ပုံ ရင်းမြစ်, Embassy of Russia in Myanmar

မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအမတ်ကြီး မစ္စတာ Nikolay Listopadov ဟာ တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာတော့မှာဖြစ်ပြီး မထွက်ခွာခင် နေပြည်တော်မှာ စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဇွန် ၂၈ ရက်က တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ရုရှားသံအမတ်ကြီးဟာ မြန်မာစကားကို ရေလည်စွာပြောဆိုတတ်သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁ ရက်စကလို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ​သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ တစ်ကျော့ပြန်အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ရှရှားက ထိပ်တန်းအစိုးရအရာရှိတွေနဲ့ အဆင့်မြင့်အရာရှိတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ နေပြည်တော်ကို တဖွဲဖွဲရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

အရင်က ရုရှားနဲ့ မြန်မာကြားမှာ စစ်လက်နက်ရောင်းဝယ်မှု၊​မြန်မာစစ်တပ်က သင်တန်းသားတွေ ရုရှားကို ပညာတော်သင်စေလွှတ်မှု၊ ရုရှားမြန်မာစစ်တပ်နှစ်ခုကြား ဆက်ဆံရေးသာရှိခဲ့ရာကနေ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တပ်နှစ်ခုကြား ဆက်ဆံရေးအပြင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးလုပ်လာတာတွေ့ရသလို ရုရှားကို အကြိမ်ဖန်များစွာသွားရောက်ခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌကို နောက်ဆုံးမှာ ရုရှားသမ္မတ ပူတင်က လက်ခံတွေ့ဆုံတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

မြန်မာစစ်ကောင်စီက ရုရှားနဲ့ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ရုရှားဘက်က ထောက်ခံတဲ့သဘောထားကို ထုတ်ပြောထားပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို အနောက်နိုင်ငံတွေက ဝိုင်းပယ်ထားပေမဲ့ ရုရှားကတော့ ဆက်ဆံမှုတွေ တိုးမြှင့်ပြီး လက်နက်တွေ တင်ပို့ခဲ့ပါတယ်။

တာဝန်ပြီးဆုံးလို့ပြန်လည်ထွက်ခွာမယ့် ရုရှားသံအမတ်နဲ့ပတ်သက်လို့ ဘီဘီစီက သံရုံးထံ ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

အားအသင့်အတင့်ရှိတဲ့ အယ်နီညိုရာသီဥတု ကျရောက်နိုင်တယ်လို့ မိုးဇလသတိပေး

El Nino

ဓာတ်ပုံ ရင်းမြစ်, မိုးဇလဌာန

ဇူလိုင်လအတွင်း အားအသင့်အတင့်ရှိတဲ့ အယ်လ်နီညို ရာသီဥတုအခြေအနေကို ရောက်ရှိနိုင်တယ်လို့ နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြု မော်ဒယ်များခန့်မှန်းချက်ကို ကိုးကားပြီး မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒ့ါအပြင် နောက်သုံးလအတွင်း အယ်နီညိုရဲ့ အကျိုးဆက်ကို ခံစားရနိုင်သလို အယ်နီညိုရာသီဥတု ဖြစ်စဥ်ဟာ လာမယ့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဆက်လက်ကျရောက်နိုင်တယ်လို့ မိုးလေဦဝသနဲ့ ဇလဗေဒညွှန်ကြားမှုဉီးစီးဌာ ညွှန်ကြားရေးမှုး ဉီးလှထွန်းက ဘီဘီစီကို ပြောပါတယ်။

အယ်နီညိုဖြစ်စဉ်ကို အဓိကခံစားရမယ့်နိုင်ငံတွေကတော့ ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံကတော့ အဲဒီနိုင်ငံတွေထက် သက်ရောက်မှုနည်းမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

အယ်လ်နီညိုဖြစ်စဥ်ကြောင့် မိုးရွာသွန်းမှုပုံစံမူမမှန်တာ၊ အပူချိန်မြင့်မားတာနဲ့ မုန်တိုင်းဖြစ်ပေါ်တာ စတဲ့ မူမမှန်တဲ့ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတယ်။ အယ်နီညိုရာသီဉတုကျရောက်တဲ့ ကာလအတွင်းမှာတော့ နွေရာသီမှာ အပူချိန်မြင့်မားတက်သလို မိုးရာသီမှာဆိုရင်တော့ မိုးရွာသွန်းမှု လျော့နည်းနိုင်တာကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်ရေကို သိုလှောင်ထားတာမျိုးလုပ်ဆောင်သင့်တယ်လို့ မိုးဇလက အသိပေးထုတ်ပြန်ထားပါတယ်။

ဘီးလင်းက ကျုံအိတ်တံတား ဖောက်ခွဲဖျက်ဆီးခံရ၊​ အနည်းဆုံး နှစ်ဦး သေ၊ ၂၀ ကျော်ဒဏ်ရာရ

Belin, Mon State

ဓာတ်ပုံ ရင်းမြစ်, Social Media

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ်မှာရှိတဲ့ ကျုံအိတ်တံတားဟာ ဇွန်လ မနက် ၄ နာရီခွဲအချိန်ခန့်မှာ ဖောက်ခွဲဖျက်စီးခံခဲ့ရပါတယ်။

တံတား‌ပေါက်ကွဲချိန်မှာ ဖြတ်သန်းသွားလာနေတဲ့ အိမ်စီးကား နှစ်စီး တံတားအောက်ကို ပြုတ်ကျ ပျက်စီးခဲ့ပြီး ကားအတွင်းမှာရှိတဲ့ ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး တစ်ဉီးဒဏ်ရာရရှိခဲ့ပါတယ်။

တံတားပေါက်ကွဲမှုအပြီး စစ်ကောင်စီဘက်က ပြန်လည်ပြင်ဆင်မှုသွားရောက်လုပ်ကိုင်နေစဉ်အတွင်း ပစ်ခတ်ခံရမှုကြောင့် လူ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ခရိုင်အင်ဂျင်နီယာတစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အတွင်းရေးမှူးဦးတိုးဝင်းက ဘီဘီစီကိုပြောပါတယ်။

ဒီတံတားဟာ ရန်ကုန်၊ ဘားအံ့၊ မြဝတီ အထိ ကုန်စည်ပို့ဆောင်‌ရေးအတွက် အသုံးပြုတဲ့ တံတားတစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာတော့ အိမ်စီးကားလေးတွေသာ သွားလာခွင့်ရသေးတယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။

တံတားကိုလက်ရှိမှာ လုံခြုံရေးထူထပ်စွာချထားပြီး တံတားတစ်ခြမ်းကိုသာ အသုံးပြုနိုင်တယ်လို့သိရပါတယ်။

ဒီတံတားဖောက်ခွဲမှုကို ကေအန်ယူ နဲ့ PDF တပ်ဖွဲ့က ပြုလုပ်တယ်လို့ စစ်ကောင်စီဘက်က ဘီဘီစီကိုပြောပြီး တံတားကိုပြင်ဆင်ဖို့လာရောက်ချိန်မှာလည်း ကေအန်ယူနဲ့ပီဒီအက်ဖ် ပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

"သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နဲ့သွားရောက်စစ်ဆေးတဲ့အခါမှာ သူတို့က ဒရော့ဗုံး(Drop Bomb) နဲ့ ချတယ်လေ။ ကျွန်တော်တို့ဒီဘက်က အုပ်ချုပ်ရေးရာအဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေ နည်းနည်း ဒဏ်ရာရတာရှိပါတယ်။ အဲဒီလောက်ပါပဲ။ ၂၀ ကျော်လောက်ရှိပါတယ်။ ခြေထောက်ထိတာတို့ လက်ရှပ်ထိတာတို့ သဘောမျိုးတွေပါ။ ခရိုင်အင်ဂျင်နီယာတစ်ယောက်ကတော့ဆုံးသွားပါတယ်။ နောက်ပြီး ကားကျသွားတဲ့အထဲကတစ်ယောက်ပါ။ အခုက တံတားက တစ်ခြမ်းဖွင့်ထားတယ်။ ယာယီဘေလီတံတားထိုးမှာပါ" လို့ ဦးတိုးဝင်းက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကေအန်ယူတပ်မဟာ (၁) ပြောခွင့်ရသူနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ပြောခွင့်ရသူ စောကလယ်စေးတို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ အဆက်အသွယ်မရသေးပါဘူး။

ရခိုင်မှာ ရှားပါးမျိုးစိပ် ငါးမန်းသားပေါက်တွေ ရောင်းချမှုရှိ

ပင်လယ်ကမ်းရိုးတန်းဒေသနဲ့ နီးစပ်တဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာတော့ ရှားပါးမျိုးစိပ် ငါးမန်းသားပေါက်တွေ ရောင်းချတာကို မကြာခဏတွေ့ရလေ့ရှိနေပါတယ်။ အခုမုတ်သုံကာလဟာ ငါးမန်း သားပေါက်တဲ့ရာသီလည်းဖြစ်ပါတယ်။

အဲဒါကြောင့်လည်း အခုလိုရှားပါးမျိုးစိပ်တွေကို မဖမ်းဆီးဖို့ ပြည်နယ်အတွင်းမှာ ဥပဒေအရ တားမြစ် ကန့်သတ်မှုတွေလည်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရးဝန်ကြီးဌာန သစ်တောဦးစီးဌာနရဲ့ ကြေငြာချက်အမှတ် ၆၉၀/၂၀၂၀ အရလည်း ကုန်းနေရေနေ ရှားပါးသတ္တဝါ ၁၉၃ မျိုးကို ဖမ်းဆီးခွင့်တားမြစ်ထားတာဖြစ်ပါတယ်။

အဲ့ဒီထဲ ရခိုင်ပင်လယ်ပြင်မှာ ကျက်စားနေတဲ့ ငါးမန်းမျိုးစိပ်တွေအနက် ငါးမန်းမီးကွက်၊ ငါးမန်းစွယ်သယ်နဲ့ ငါးမန်းဖလောင်းတို့ပါဝင်ကြပါတယ်။

ဈေးကွက်တွေအတွင်း ရောင်းချနေတာတွေကို အများဆုံးတွေ့ရတာကတော့ ငါးမန်းစွယ်သယ်မျိုးစိပ်ဖြစ် ပါတယ်။

ဒေသခံတွေကတော့ ငါးမန်းသားပေါက်တွေကို တမင်တကာလိုက်လံဖမ်းဆီးကြတာမျိုးမဟုတ်ဘဲ ပင်လယ် ရေပြင်အနေအထား ပြောင်းလဲမှုတွေကြောင့် ပုံမှန်ငါးဖမ်းကွက်တွေကို ရောက်ရှိလာကြတဲ့အခါမှာ ဖမ်းဆီးရ လေ့ရှိတတ်ပြီး သေဆုံးသွားတဲ့ငါးတွေကိုပဲ ရောင်းချကြတာ လို့ဆိုပါတယ်။

ပွင့်လင်းရာသီလိုကာလတွေမှာ ညအချိန်မီးထွန်းပြီးဖမ်းဆီးရတဲ့ ငါးဖမ်းကျော့ပိုက်တွေမှာ ပေ ၃၀/၄၀ လောက်ထိရှိတဲ့ ငါးမန်းဖလောင်းကောင်းလည်းပါလာတတ်ပြီး အဲ့ဒီငါးတွေကိုတော့ ပြန်လွှတ်ပေးကြ တယ်လို့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေက ပြောကြပါတယ်။

အခုလို ကန့်သတ်ထားတဲ့ ရှားပါးမျိုစိပ်တွေကို ဈေးကွက်ဝယ်လိုအားအတွက် သီးသန့်ရည်ရွယ်ပြီးတော့ ဖမ်းဆီးတာမျိုးကိုတော့ ဥပဒေအရ အရေးယူမှုတွေပြုလုပ်မှာဖြစ်ပေမယ့် လက်ရှိမှာတော့ အရေးယူ ဆောင်ရွက်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ငါးလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။

"အရေးယူတာတော့မရှိသေးဘူး။ ငါးမန်းကို တမင်ဖမ်းတယ်ဆိုရင်တော့အရေးယူရမှာပေါ့။ ချထားတဲ့ ပိုက်မှာမိတာကျတော့ အရေးယူဖို့ အခက်အခဲရှိပါတယ်။ အဲဒီမှာ တင်လာပြီး သေလာတဲ့ငါးကတော့ ဒီလိုပဲ​တင်လာပြီးရောင်းတာဖြစ်ပါလိမ့်မယ်" လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး​ဦးထွန်းသိန်းက ပြောပါတယ်။

ရှားပါးရေသယံဇာတတွေဖြစ်တဲ့ ပင်လယ်လိပ်မျိုးစိပ်၊ ငါးမန်းမျိုးစိပ်နဲ့ ရေနဂါးမျိုးစိပ်၊ လင်းပိုင်နဲ့ ဝေလငါး မျိုးစိပ်တွေကို မဖမ်းဆီးကြဖို့ ကန့်သတ်မှုတွေပြုလုပ်ထားသလို အသိပညာပေးတာတွေကိုလည်း ငါးဖမ်း လုပ်ငန်းလုပ်ကိုင်ကြတဲ့ ဒေသတွေမှာ ဆောင်ရွက်ပေးတာမျိုးတွေ ပြုလုပ်ပေးထားတယ်လို့ ပြည်နယ်ငါးလုပ် ငန်းဦးစီးဌာကသိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ပင်လယ်လိပ်မျိုးစိပ်တွေကို ဖမ်းယူစားသုံးမှုတွေရှိကြသလို လိပ်ဥရှာဖွေ ရောင်းချမှုတွေလည်းရှိနေတာဖြစ်ပါတယ်။

ကုရ်ဘာနီအီးဒ်ပွဲတော်

Eid

ဓာတ်ပုံ ရင်းမြစ်, CJ

ဒီကနေ့ ဇွန်လ၂၉ ရက်နေ့ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အီဒုလ်အဿွဟာ ကုရ်ဘာနီအီးဒ်နေ့ပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ တခြမ်းပဲ့ဗလီမှာ ဒီကနေ့မနက်ပိုင်းက အီးဒ်နမာဇ်ဖတ်တဲ့ မြင်ကွင်းတွေကိုတွေ့ရတာပါ။ ဒီဝတ်ပြုဆုတောင်းမှုတွေပြီးရင်တော့ ကုရ်ဘာနီလို့ခေါ် တဲ့ စွန့်လှူမှုဒါနကို ပြုလုပ်ကြမှာဖြစ်ပါတယ်။

ကုရ်ဘာနီစွန့်လှူမှုဒါနမှာ နွား ၊ နွားနောက် ၊ ဆိတ် ၊ ကျွဲ ၊ ကုလားအုတ် ၊ သိုး စတာတွေနဲ့ အစ္စလာမ့်စည်း

မျဉ်းစည်းကမ်းတွေနဲ့အညီ ကုရ်ဘာနီပြုလုပ်ပြီး ရရှိလာတဲ့ အသားကို သုံးပုံပုံကာ လှူဒါန်းရပါတယ်။

ပထမတစ်ပုံက မိသားစုတွေအတွက် ၊ ဒုတိယတစ်ပုံကဆွေမျိုးတွေအတွက် ၊ တတိယတစ်ပုံကတော့ လူမျိုးမရွေးဘာသာမရွေးကို လှူတန်းဝေငှေဖို့အတွက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကုရ်ဘာနီအီးဒ်ကို အီးဒ်ကြီးလို့သိကြပြီး အများပြည်သူရုံးပိတ်ရက်လည်းဖြစ်ပါတယ်။