စက်တင်ဘာ ၂၂ ရက် ထိပ်တန်းသတင်းများ - နှစ် နှစ်ခွဲအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူပေါင်း ၂,၃၀၀၀ကျော်ရှိတယ်လို့ NUG ထုတ်ပြန်

အာဏာသိမ်းကာလ ဆန္ဒထုတ်ဖော််မှု

ဓာတ်ပုံ ရင်းမြစ်, AFP

ရေးသားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲအတွင်း ဖမ်းဆီးခံထားရသူ ၁၉,၀၀၀ကျော်နဲ့ သတ်ဖြတ်ခံရသူ ၄,၀၀၀ ကျော်ရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ‌စက်တင်ဘာ ၂၂ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ အဲဒီထဲမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၄၆ ဦးပါဝင်တယ်လို့ဖော်ပြပါတယ်။

အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ လေကြောင်းတိုက်ခိုက်ဗုံးကြဲခံရတာ၊သတ်ဖြတ်နှိပ်စက် ခံရတာနဲ့ စစ်ကြောင်းတွေမှာ လူသားဒိုင်းသဖွယ် အသုံးချခံရတာ၊ ဖြတ်လေးဖြတ်လုပ်တာတွေကိုကျူးလွန်တယ်လို့ ပြောထားပြီး နေအိမ်ပေါင်း (၇၅,၀၀၀) ကျော် ၊ အရပ်သားပြည်သူ (၄,၅၅၂) ဦး၊ ထိခိုက်ဒါဏ်ရာရသူ (၃,၉၂၆) ဦး နဲ့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ပြည်သူ (၁.၉ သန်း) ကျော် အထိရှိခဲ့ပြီလို့လည်း ပြောထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း (၁၂၆၁) ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅၄၁) ဦး သေဆုံးပြီး (၄၃၃) ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ကို လုံးဝ လေးစားလိုက်နာမှု မရှိဘဲ အကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကပြောထားပါတယ်။

မြန်မာ့လူဦးရေ သုံးပုံတစ်ပုံခန့်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့လည်းထည့်သွင်းပြောကြားထားပြီး စီးပွားရေးနဲ့သံတမန်ရေးအရ ကူညီဖို့ လည်း တိုက်တွန်းထုတ်ပြန်ထားပါတယ်။

အရပ်သားသတ်ဖြတ်ခံရမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာတွေရှိနေပြီး လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ နော်ဝေနိုင်ငံ အခြေစိုက်၊ အော်စလိုငြိမ်းချမ်းရေးသုတေသနအဖွဲ့အစီရင်ခံစာတစ်ရပ်ကတော့ မြန်မာပြည်တွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် လပေါင်း ၂၀ အတွင်းမှာ နိုင်ငံရေးပယောဂပါတဲ့ အပြန်အလှန်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၆၃၃၇ ဦးသေဆုံးခဲ့ပြီးဖြစ်တယ်လို့ မကြာသေးခင်ကထုတ်ပြန်ထားပါတယ်။

အမေရိကန်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အတွက် ဒေါ်လာ ၁၁၆ သန်း‌ကျော် ထောက်ပံ့မယ်

ကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်

ဓာတ်ပုံ ရင်းမြစ်, AFP

အမေရိကန်အစိုးရကနေ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ ၁၁၆ သန်းကျော်ထောက်ပံ့သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က စက်တင်ဘာ ၂၁ ရက်ထုတ်ပြန်ချက်မှာပြောပါတယ်။

အဲဒီထဲကမှ ၇၄ သန်းကို ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ သူတို့ကိုကူညီထောက်ပံ့မှုပေးနေတဲ့ ဒေသခံအဖွဲ့အစည်းတွေအတွက် ‌ထောက်ပံ့မယ်လို့ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်အစိုးရရဲ့ အခု ရန်ပုံငွေသစ်နဲ့ အတူ ပဋိပက္ခ နဲ့ မတည်ငြိမ်မှုတွေဖြစ်ပွားနေတဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ ဒေသတွင်းအတွက် အမေရိကန်ရဲ့ အကူအညီပေးမှုဟာ ၂၀၁၇ ခုနှစ်သြဂုတ်လကတည်းကဆိုရင် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော်ရှိသွားပြီလို့ ပြောထားပါတယ်။

ဒီကူညီထောက်ပံ့မှုတွေမှာ သန့်ရှင်းတဲ့သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်ကာကွယ်မှု၊ ပညာရေး နဲ့ လူမှုစိတ်ပိုင်းဆိုင်‌‌ရာထောက်ပံ့ပေးမှုတွေပါဝင်တယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

ဒီအကူညီတွေဟာ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁သန်းနဲ့ သူတို့ကိုလက်ခံကူညီပေးထားတဲ့ဘင်္ဂလားဒေ့ရှ်ဒေသခံ ငါးသိန်းကျော်တို့အတွက် ဖြစ်တယ်လို့လည်းပြောထားပါတယ်။

ရိုဟင်ဂျာတွေကိုအကူအညီပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ ဒေသတွင်းကအဖွဲ့အစည်းတွေကိုအမေရိကန် ပြည်ထောင်စု က အသိအမှတ်ပြုပြီး ရိုဟင်ဂျာဒုက္ခသည်တွေအရေးဝိုင်းဝန်းအဖြေရှာကူညီဖို့တိုက်တွန်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အတွက် ရိုဟင်ဂျာတွေကိုအကူအညီပေးမှုပုံစံကိုဖော်ပြထားပေမဲ့ မြန်မာအတွက်အကူအညီပေးမှုကိုတော့ ရှင်းရှင်းလင်းလင်းထုတ်ပြန်တာမတွေ့ရပါဘူး။

လားရှိုးမှာ မီးနီဖြတ်မောင်းတဲ့ကားက ယာဉ်ထိန်းရဲ ကို သေနတ်နဲ့ပစ်

လားရှိုးမြို့မြင်ကွင်း(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Shan News

မီးနီဖြတ်မောင်းတဲ့ကားပေါ် ကနေ ယာဉ်ထိန်းရဲကို သေနတ်နဲ့ပစ်လို့ ဆေးရုံပို့လိုက်ရတဲ့ ဖြစ်စဉ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရပ်ကွက်(၄) မှာ ဒီမနက် ဖြစ်ပွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ ယာဉ်ထိန်းရဲ သာမက သူ့ကိုကူနေတဲ့ အရပ်သားပါ ဒဏ်ရာရပြီး ဆေးရုံရောက်သွားတာ ဖြစ်ပါတယ်။

ဘီဘီစီက ရရှိထားတဲ့ ရဲကြေးနန်းမှာတော့ ယာဉ်ထိန်းရဲ နဲ့ သူ့ရဲ့အကူက မီးနီဖြတ်တဲ့ကားကိုလိုက်ဖမ်းတာချိန် ကားကရုတ်တရက်ရပ်ပြီး ကားပေါ်ကနေ သေနတ်နဲ့ ပစ်တာလို့ ဖော်ပြထားပြီး ရပ်ကွက်(၄) မှာနေထိုင်သူ အချို့ကတော့ ရဲ နဲ့ ယာဉ်မောင်း စကားပြောပြီးမှ သေနတ်ပစ်မှု ဖြစ်တာ လို့ ပြောကြပါတယ်။

လားရှိုးမြို့ပေါ်မှာ ခြိမ်းခြောက်ငွေတောင်းမှုတွေ နဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေလို့ လုံခြုံမှုမရှိ ဖြစ်နေတယ် လို့ မြို့ခံတွေက ငြီးငြူနေချိန် အခုလို သေနတ်ပစ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လားရှိုးမြို့ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ရာ မြို့ဖြစ်ပေမဲ့ လားရှိုးမြို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ တာဝန်မယူနိုင်လို့ မြို့ခံတွေက စိတ်ပျက်နေကြပါတယ်။

စက်တင်ဘာလထဲမှာပဲ လားရှိုးကိုရောက်ခဲ့တဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ကျည်ကာကားကို အသုံးပြုခဲ့ပါသေးတယ်။

တန့်ဆည်မှာ စစ်တပ်ဂိတ်စခန်း ၂ ခုတိုက်ခိုက်သိမ်းပိုက်ခံရ

တန့်ဆည်ကာကွယ်ရေးတပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ် က စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချတပ်စွဲထားတဲ့ ဒေါင်းမင်းဆီဆိုင်ဟောင်းနေရာ နဲ့ လဝက ရုံး နှစ်နေရာကို တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၂ ရက် မနက် ၁ နာရီကျော် လူခြေတိတ်ချိန်မှာ ဝင်ရောက်တိုက်ခိုက်ပြီးစခန်းသိမ်းခဲ့တယ်လို့တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကပြောပါတယ်။

တိုက်ပွဲချိန် ၃ နာရီကြာပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီးခြောက်လုံးပြူးတစ်လက် အပါအဝင်လက်နက်မျိုးစုံ ၁၄ လက်နဲ့ ခဲယမ်းမျိုးစုံနဲ့ ဆိုင်ကယ်တွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သူကပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ တန့်ဆည်မြို့မစခန်းက စစ်ကောင်စီအထိုင်တပ်ကတိုက်ပွဲဖြစ်ပွားတဲ့နေရာကိုရှင်းလင်းရေလုပ်ပြီး သေဆုံးအလောင်းတွေကိုသယ်ယူသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

'' တန့်ဆည်မြို့ပေါ်အထိရောက်လာပြီး ဒီလိုတိုက်သွားတာ‌ဆိုတော့ သူတို့တော်တော်ကိုစိုးရိမ်နေကြတယ်။ မြို့ကလည်းလူတွေလည်း ဆိုင်တွေပိတ်ပြီး အပြင်မထွက်ရဲကြဘူး။မြို့ထဲမှာတိတ်ဆိတ်နေတာပဲ '' လို့ ‌တန့်ဆည်ဒေသခံကပြောပါတယ်။

တန့်ဆည်က စစ်တပ်စခန်းနေရာ ၂ ခုတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်‌ကောင်စီဘက်ကထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ သယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

ကုလမှာ ဦးကျော်မိုးထွန်းဆက်ရှိဖို့ NUG ကဘက်ပေါင်းစုံကကြိုးစားနေ

ကုလမြန်မာသံအမတ်ကြီးဦး‌ကျော်မိုးထွန်း

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations

ကုလသမဂ္ဂ မှာ နိုင်ငံအလိုက်ကိုယ်စားပြုခွင့်ရဖို့လျှောက်ထားမှုတွေအပေါ် စိစစ်အကဲဖြတ်တဲ့ Credential Committee (အရည်အချင်းစစ်ကော်မတီ)အစည်းအဝေးမစတင်နိုင်သေးတဲ့ကာလမှာ ကုလသမဂ္ဂရဲ့ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းဆက်ရှိနေမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကသိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က ကုလသမဂ္ဂရဲ့ ၇၈ ကြိမ်မြောက်အထွေထွေညီလာခံကနေလာမယ့်နှစ်ရဲ့ အရည်အချင်းစစ်ကော်မတီမှာ‌ ပါဝင်မယ့် အဖွဲ့ဝင် ၉ နိုင်ငံကို ကြေညာခဲ့ပြီးဖြစ်ပါတယ်။ လာမယ့်နှစ်အတွက် အဖွဲ့ဝင် ၉ နိုင်ငံထဲမှာ အမြဲတမ်းလိုပါတဲ့ အမေရိကန်၊ တရုတ်၊ ရုရှား ၃ နိုင်ငံ အပြင် နောက်ထပ် ၆ နိုင်ငံကိုရွေးချယ်ထားပြီဖြစ်ပေမဲ့ ဥက္ကဋ္ဌနိုင်ငံကိုရွေးချယ်ဖို့အစည်းအဝေးမစတင်ရ‌သေးတာဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေထဲ အင်ဒိုရာနိုင်ငံ ၊ နိုင်ဂျီးရီးယား ၊ ဆော်လမွန်အိုင်းလန်းနိုင်ငံ၊ တိုဂိုနိုင်ငံ နဲ့ နောက်ထပ် နှစ်နိုင်ငံတို့ပါဝင်လာတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့ ကုလသမဂ္ဂရဲ့ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းဆက်ရှိနေဖို့ သံတမန်နည်းလမ်း‌ပေါင်းစုံနဲ့ ချဥ်းကပ်ကြိုးစားထားတယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ဘီဘီစီကိုပြောပါတယ်။

'' အစိုးရတစ်ရပ်အနေနဲ့ ဦးကျော်မိုးထွန်းကိုယ်စားပြုခွင့်ဆက်ရဖို့ သံတမန်ရေးရာလမ်းကြောင်းအရ ရောဘက်ပေါင်းစုံကရောဆက်လက်လုပ်ကိုင်နေပါတယ်။ ကုလသမဂ္ဂမှာရှိတဲ့ နိုင်ငံကိုယ်စားလှယ်တွေနဲ့လည်း သံအမတ်ကြီးဦးကျော်မိုးထွန်းကိုယ်တိုင်လည်းတွေ့ဆုံဆွေးနွေးတာတွေရှိတယ်။ အစိုးရပိုင်းကလည်း ဝန်ကြီးအဆင့်တွေနဲ့ သံတမန်ရေးရာအရပြောဆိုတာတွေရှိပါတယ်။ ပြည်တွင်း၊ပြည်ပကမြန်မာနိုင်ငံသား‌တွေကလည်းတောင်းဆိုနေကြသလို၊ မိတ်ဆွေအဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်း‌ကူညီပေးနေတာတွေရှိပါတယ် '' လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောကပြောပါတယ်။

နှစ်စဥ် အချိန်ဇယားအရ နိုဝင်ဘာလမှာ အရည်အချင်းစစ်ကော်မတီအစည်းအဝေးလုပ်ပြီး နိုင်ငံအလိုက်ကိုယ်စားပြုခွင့်သံအမတ်ကြီးတွေကို ဆုံးဖြတ်တာဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပေါ် နေတဲ့ မြန်မာပြည်အခြေအနေနဲ့ ပတ်သက်ပြီး ကော်မတီဝင်တစ်နိုင်ငံချင်းစီရဲ့ သဘောထားဘယ်လိုတွေ ရှိနေလဲဆိုတာဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်မှာ ထင်ဟပ်နေမှာဖြစ်ပါတယ်။

'' မနှစ်ကလည်း နိုဝင်ဘာမှာအစည်းအဝေးလုပ်ပြီး ဒီဇင်ဘာမှာဆုံးဖြတ်ခဲ့ကြတယ်။ ဒီနှစ်လည်း အဲဒီလိုမျိုးဖြစ်မယ်လို့ ‌မျှော်လင့်တယ်။ ကျွန်တော်တို့အနေနဲ့ သံအမတ်ကြီးက မြန်မာနိုင်ငံကိုကိုယ်စားပြုပြီးဆက်လက်တာဝန်ထမ်းဆောင်နိုင်မယ်လို့ယုံကြည်ပါတယ် '' လို့ ဦးကျော်ဇောကဆက်ပြောပါတယ်။

ဦးကျော်မိုးထွန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် / မြန်မာအသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီး စစ်အာဏာသိမ်းပြီးနောက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးတွဲအလုပ်လုပ်နေပါတယ်။

လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကိုလည်း မြန်မာကိုယ်စားလှယ်အဖြစ် ဆက်တက်ရောက်ခွင့်ရနေပါတယ်။

စစ်ကောင်စီဘက်ကတော့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးက ဦးအောင်သူရိန်ကို ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီးအဖြစ် အတည်ပြုပေးဖို့ အမည်တင်သွင်းထားတာပါ။