အိန္ဒိယက သန်းဆုရှင် - ထီပေါက်တဲ့ ဒုက္ခ
မယ်ရီလ် ဆက်ဘက်စ်တီယန်
ဘီဘီစီသတင်းထောက်၊ ကိုချီမြို့

ဓာတ်ပုံ ရင်းမြစ်, Getty Images
“ကျွန်တော့်သားအတွက် ဆိုင်မှာ လွယ်အိတ်ကလေးတစ်လုံး သွားဝယ်တာ၊ အကြွေပြန်မအမ်းဘူး။ ကျွန်တော့်ကိုဆိုရင် အကြွေအမ်းစရာ မလိုဘူးလို့ သူတို့က ယူဆနေကြတာ။”
အိန္ဒိယနိုင်ငံတောင်ပိုင်း ကာရဲလားပြည်နယ်က အာနု ဘီ အတွက် ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒီလိုမျိုး ခဏခဏ ကြုံနေရပါတယ်။
အစိုးရထီဆုကြီး ပေါက်ခဲ့အပြီး ၂ လအကြာမှာ သူအရင်က မတွေးထားမိလောက်အောင် သူ့ဘဝက လုံးဝ ပြောင်းသွားခဲ့ပြီလို့ အသက် ၃၂ နှစ်အရွယ် အာနုက ပြောပြပါတယ်။
သူ့ကို လူတိုင်းက မှတ်မိနေကြလို့ အိမ်ထဲက အိမ်ပြင်မထွက်ရဲလောက်အောင် ဖြစ်နေရပါတယ်။ မိသားစု ဆွေမျိုးတွေနဲ့ မိတ်ဆွေအတော်များများက သူ့ကို စိတ်ခုနေကြပြီး သူ့နဲ့ တွေ့တဲ့ လူတိုင်းလိုလိုက ပိုက်ဆံတောင်းတတ်ကြပါတယ်။
“အရင်က ရင်းနှီးခဲ့တဲ့သူ အတော်များများက အခုဆို ကျွန်တော်တို့ကို စကားမပြောကြတော့ဘူး” လို့ သူက ပြောပြပါတယ်။
အာနုဟာ စက်တင်ဘာလတုန်းက ရူပီးငွေ သန်း ၂၅၀ ဒေါ်လာနဲ့ဆိုရင် ၃ သန်းကျော် ထီပေါက်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ သူတို့ပြည်နယ်မှာ အမြင့်ဆုံး အစိုးရထီကြီး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အတော်များများမှာ ထီထိုးတာကို ခွင့်မပြုပေမဲ့ ကာရဲလားပြည်နယ် အပါအဝင် ပြည်နယ် အနည်းအပါးမှာတော့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ခွင့်ပြုထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ ထီပေါက်ပြီး ရက်အနည်းငယ်အကြာမှာ အာနုရဲ့ အကြောင်းက နောက်တစ်ကြိမ် ဟိုးလေးတကျော် ထပ်ဖြစ်သွားခဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ သူနဲ့ သူ့မိသားစုကို အတင်းလိုက်ပြီး ပိုက်ဆံမတောင်းကြဖို့ အနူးကပြောနေတဲ့ ဗီဒီယိုပုံ ထွက်လာတာပါ။ အဲဒီဗီဒီယိုထဲမှာ အာနုက သူ ထီတောင် မပေါက်ချင်တော့ဘူးလို့ ပြောခဲ့ပါတယ်။
အခုသီတင်းပတ်မှာ အာနုကို ဘီဘီစီက စဆက်သွယ်ခဲ့စဉ်မှာ ပထမတော့ စကားပြောဖို့ ဝန်လေးနေခဲ့ပါတယ်။ သူ့အကြောင်း သတင်းဆောင်းပါး တစ်ခုထွက်လာတိုင်း လူတွေက ပိုပိုအာရုံစိုက်လာတာမို့ သူ့ဓာတ်ပုံကို မတင်ပါနဲ့လို့လည်း တောင်းပန်ခဲ့ပါတယ်။
“ခင်ဗျားတို့ ကျွန်တော့်လို ကြုံရမှသာ ကိုယ်ချင်းစာနိုင်မယ်” လို့ အာနုက ဖုန်းထဲကနေ ပြောပြပါတယ်။ “ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုလိုပဲ၊ အသိတွေအားလုံး ချက်ချင်းကြီး ကျွန်တော့်အိမ်ကို ရောက်လာကြတယ်”
စားဖိုမှူးအဖြစ်ကနေ သုံးဘီးကားဆရာ ဖြစ်လာခဲ့သူ သီရူဗန်နန်သူပူရမ်ခရိုင်သား အာနုဟာ ဆယ်စုနှစ် တစ်ခုကြာ အမြဲ ထီထိုးလာခဲ့သူပါ။ အရင်က ငွေနည်းနည်းပါးပါး ထီပေါက်ဖူးပါတယ်။
ဒါပေမဲ့ အခု ထီ သန်းဆုကြီးကတော့ သူ့ဘဝကို အပြောင်းလဲကြီး ပြောင်းလဲသွားစေခဲ့ပြီး ကျင့်သားရဖို့ မနည်း ကြိုးစားနေရဆဲ ဖြစ်ပါတယ်။
“လူတွေရဲ့ စိတ်ဓာတ်က နေ့ချင်းညချင်း ပြောင်းသွားတယ်” လို့ သူက ပြောပါတယ်။
ထီပေါက်တယ် ဆိုတာကို ကြေညာအပြီး သီတင်းပတ်တွေအတွင်းမှာပဲ သူ့ဆီမှာ အကူအညီ လာတောင်းသူတွေ သူ့အိမ်နဲ့ အနီးတဝိုက်မှာ ကြိတ်ကြိတ်တိုးနေခဲ့ပါတယ်။
မနက်မိုးလင်း အိပ်ရာထတာနဲ့ အပြင်ဘက်မှာ လူအုပ်ကြီး တွေ့တော့တာပါပဲ၊ မနက် ၅ နာရီကနေ ညမိုးချုပ်တဲ့အထိ ထိုင်စောင့်နေတတ်ကြတယ် လို့ အာနုက ပြန်ပြောပြပါတယ်။
ထီဆုငွေ ရလာတဲ့အချိန်ကျရင် လူတွေကို ကူညီကောင်း ကူညီဖို့ သူတို့လင်မယားအချင်းချင်းကြား ပြောခဲ့ကြတဲ့အကြောင်း အာနုရဲ့ ဇနီး မာယာက အိန္ဒိယ သတင်းဌာနတစ်ခုကို ပြောခဲ့ပါတယ်။
“ကူညီကောင်း ကူညီမယ်လို့ စကားအဖြစ် ပြောမိတာကို လူတွေက အတည်ယူပြီး အတင်းဇွတ် ပိုက်ဆံတောင်းကြတော့တာပဲ“ လို့ မာယာက ပြောပြပါတယ်။
ပိုက်ဆံပေးဖို့ အကူအညီတောင်းတာတွေက ပြည်နယ်တဝန်းလုံးကနေ လှိမ့်ဝင်လာခဲ့ပါတယ်။ တချို့က သူတို့ရဲ့ အိမ်အကြွေးတွေ၊ ချေးထားတဲ့ငွေတွေကို အကျေဆပ်ပေးဖို့ အကူအညီတောင်းခဲ့ကြပါတယ်။ တချို့ကလည်း သမီး မင်္ဂလာဆောင်ရင် ပေးရမယ့်လက်ဖွဲ့ကြေးကို ကူပေးပေးပါ ဆိုပြီး တောင်းခဲ့ကြပါတယ်။
ဘဏ်တွေနဲ့ အာမခံ ပွဲစားတွေဆီကနေ ဖုန်းခေါ်တာတွေလည်း အများကြီးပဲလို့ အာနုက ပြောပြပါတယ်။ “လူတစ်စုဆိုရင် ချန်နိုင်းမြို့ကနေတောင် ရောက်လာပြီး ရုပ်ရှင်ကားတစ်ကားအတွက် ငွေထည့်ဖို့ အကူအညီတောင်းပါတယ်။”
တကယ်တမ်းလိုလို့ အကူအညီတောင်းတာမျိုးတွေအပြင် တချို့ကလည်း သူတို့ထီပေါက်ထားတာပဲ၊ ငါတို့ကို ပေးကို ပေးရမယ်ဆိုတဲ့ သဘောနဲ့ လာတောင်းတာမျိုးတွေကိုလည်း အာနုတို့ လင်မယား ကြုံခဲ့ရပါတယ်။
“လူတစ်ယောက်ဆိုရင် ကျွန်တော်တို့အိမ်မှာ တစ်နေကုန် လာထိုင်နေပြီး သူ့ကို မော်တော်ဆိုင်ကယ် တစ်စီး ဝယ်ပေးဖို့ ဇွတ်အတင်း တောင်းနေတယ်” လို့ အာနုက ပြောပြပါတယ်။
“ဒီငွေက အလကားရတာ၊ ဘာမှမလုပ်ဘဲ နေရင်းထိုင်ရင်း ရလာတာလို့ လူတိုင်းက မြင်ကြတယ်။ ဒီတော့ တချို့ကို ဘာ့ကြောင့် ခွဲဝေမပေးနိုင်ရတာလဲလို့ မေးကြတယ်။”

ဓာတ်ပုံ ရင်းမြစ်, Getty Images
အွန်လိုင်းပေါ်က ကောလာဟလတွေကြောင့်လည်း သူတို့ရဲ့ တည်ငြိမ်တဲ့ ဘဝလေးကို ထိခိုက်ခဲ့ရတယ်လို့ အာနုတို့ ဇနီးမောင်နှံက ပြောပြပါတယ်။
“ထီပေါက်တာ တကယ်မဟုတ်ဘူး၊ ကျွန်တော်က လိမ်ပြောနေတာ၊ ကျွန်တော့်မှာ နဂိုကတည်းကိုက ငွေတွေ အများကြီးရှိနေတာ၊ ထီပေါက်တယ်ဆိုတာ သက်သက် လိမ်ညာပြောနေတာ ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ လျှောက်ရေးနေကြတာတွေလည်း ရှိတယ်။”
သူ အခုထိ လူအုပ်ကြားထဲ သွားဖို့ ကြောက်နေဆဲပဲ လို့ အာနုက ပြောပါတယ်။
“ကျွန်တော် ဘယ်သွားသွား လူတွေက ကျွန်တော့်ကို မှတ်မိကြတယ်။ ကျွန်တော့်မျက်နှာက ရုပ်မြင်သံကြား သတင်းတွေ၊ ဝက်ဆိုက်တွေ၊ သတင်းစာတွေမှာ အတော်များများ ပါနေတာကိုး။”
အာနုက သူ့ဇနီးနဲ့ လူမမယ် သားလေး ဘေးကင်းလုံခြုံရေးကိုလည်း စိတ်ပူနေပါတယ်။ သူ့ဇနီးက ကိုယ်ဝန်အရင့်အမာ လွယ်ထားရသူပါ။ ဒါပေမဲ့ သူ့မှာ စိတ်ဖြေစရာတစ်ခု ရှိတာကတော့ ဒါဟာ သူတစ်ယောက်တည်း ကြုံရတဲ့ အတွေ့အကြုံမျိုး မဟုတ်ဘူး ဆိုတာကို သိခဲ့ရလို့ပါ။
အောက်တိုဘာလက ရုပ်မြင်သံကြား သတင်းဌာနတစ်ခုက ဂိမ်းရှိုးတစ်ခုမှာ ဝင်ပါတုန်းက သူ့လိုပဲ အလားတူ ထီသန်းဆုကြီး မနှစ်က ပေါက်ခဲ့သူ ဂျာယာပါလန် နဲ့ တွေ့ခဲ့ပါတယ်။
ရူပီး သန်း ၁၂၀ ထီပေါက်ခဲ့သူ ဂျာယာပါလန် ဟာလည်း သူ့လိုပဲ မီဒီယာရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသလို ငွေကြေး အကူအညီတောင်းသူတွေနဲ့လည်း ကြုံခဲ့ရပါတယ်။
ဘယ်သူက တကယ်ပဲ ငွေလိုနေတာလဲ၊ ဘယ်သူက သက်သက် ငွေလာတောင်းတာလဲ ဆိုတာ ပြောဖို့ ခက်လာခဲ့ပါတယ်လို့ ဂျာယာပါလန်က ဂိမ်းရှိုးပေါ်မှာ ပြောခဲ့ပါတယ်။
“မိတ်ဆွေတွေက ရန်သူ ဖြစ်လာခဲ့တယ်” လို့ ခုထိ သုံးဘီးကား မောင်းနေဆဲ ဖြစ်တဲ့ ဂျာယာပါလန်က ပြောပါတယ်။
“အတော်များများက သူတို့ကို ပိုက်ဆံ မပေးလို့ ဆိုပြီး ခုချိန်ထိ စိတ်ဆိုးနေကြဆဲပဲ” လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ANI
ခြိမ်းခြောက်စာတချို့ ရခဲ့အပြီးမှာ ရဲကို တိုင်ရတဲ့အထိ ဖြစ်ခဲ့ပြီး သူ့အိမ်တစ်ဝိုက်မှာ စီစီတီဗီ ကင်မရာတွေ တပ်ထားခဲ့ရပါတယ်။
အာနုကို သူအကြံပေးတာကတော့ ဒီငွေကို အရမ်းကို သတိထား ကိုင်တွယ် သုံးစွဲဖို့ လိုတယ် ဆိုတာပါ။
"ထီပေါက်သွားလို့ ငွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ အားလုံး ပျောက်ပြယ်သွားတယ်လို့ လူတွေက ထင်နေကြပါတယ်။ ဒါပေမဲ့ ဘယ်အရာမဆို မသေချာ မရေရာမှုတွေနဲ့ချည်းပါ။ အခွန်ငွေတွေ ပေးပြီးရင် ကျွန်တော့်မှာ ဘယ်လောက်ကျန်မလဲဆိုတာ ကျွန်တော် မသိပါဘူး" လို့ အာနုက ပြောပါတယ်။
ထီပေါက်တဲ့သူက ဆုကြေး ဘယ်လောက် လက်ခံရသလဲ ဆိုတာကို တွက်ချက်ရတာ အရမ်းကို ရှုပ်ထွေးတယ်လို့ ထီဆုရှင် နှစ်ဦးစလုံးက အဲဒီဂိမ်းရှိုးမှာ ပြောသွားခဲ့ပါတယ်။
ထီဆုကြေးရတဲ့အချိန်မှာ ပြည်နယ်အစိုးရက အခွန်ငွေ ၃၀ ရာခိုင်နှုန်း ဖြတ်သလို ထီလက်မှတ် ရောင်းတဲ့သူကလည်း ပွဲခ ဖြတ်ပါတယ်။ ဒါ့အပြင် ဖယ်ဒရယ် အစိုးရကိုလည်း အခွန်ငွေ၊ အပိုကြေးတွေ ဆောင်ရပါသေးတယ်။
ထီသန်းဆုကြီးကြောင့် ဒုက္ခသုက္ခတွေ ကြုံခဲ့ရအပြီးမှာ ပြည်နယ်အစိုးရက အာနုကို စနစ်တကျ ငွေ ကိုင်တွယ်နိုင်ဖို့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းတစ်ခု စီစဉ်ပေးပါတယ်။
အခုလောလောဆယ်မှာ အာနုဟာ သူရဲ့ ထီဆုကြေးငွေတွေကို ဘာလုပ်ရမလဲ ဆိုတာကို နှစ်အနည်းငယ်လောက် စောင့်ပြီးမှ စဉ်းစား ဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။
“ငွေက ကောင်းချီးမင်္ဂလာတစ်ပါး ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး၊ ဒါပေမဲ့ ဒီငွေတွေကို တစ်ခုခု မလုပ်ခင် ဒါမှမဟုတ် တစ်ယောက်ယောက်ကို မကူညီခင်မှာ ကျွန်တော့်မိသားစုကို ကောင်းကောင်း ကြည့်ထားနိုင်ဖို့နဲ့ သူတို့ရဲ့ အနာဂတ် လုံခြုံမှု ရှိစေဖို့ကို အရင်ဆုံး လုပ်ဖို့ လိုပါတယ်။”








