ယူကရိန်း သမ္မတကို သတ်ဖြတ်ဖို့ ကြံစည်မှုနဲ့ အမျိုးသမီးတစ်ဦးကိုဖမ်း

 မိုင်ကိုလာယိဗ်က စစ်ဆေးရုံတစ်ရုံကို ဇူလိုင် ၂၇ ရက် သွားရောက်ခဲ့တဲ့ ယူကရိန်း သမ္မတ ဇယ်လန်းစကီး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မိုင်ကိုလာယိဗ်က စစ်ဆေးရုံတစ်ရုံကို ဇူလိုင် ၂၇ ရက် သွားရောက်ခဲ့တဲ့ ယူကရိန်း သမ္မတ ဇယ်လန်းစကီး
ရေးသားခဲ့သည်။

ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီးကို သတ်ဖြတ်ဖို့ လုပ်ဆောင်တဲ့ ရုရှားရဲ့ အကြံအစည်နဲ့ ပတ်သက်တယ်ဆိုပြီး အမျိုးသမီးတစ်ဦးကို ယူကရိန်း လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ရေကြီးနေတဲ့ မိုင်ကိုလာယိဗ်ဒေသကို ဇွန်လတုန်းက မစ္စတာ ဇယ်လန်းကီး မလာခင် သူ့ရဲ့ ခရီးစဥ်ကို အဲဒီအမျိုးသမီးက စုံစမ်းခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

ရုရှားကို ထောက်ခံတဲ့ ဒေသခံတွေကို ရုရှားစစ်တပ်ကို ကူညီဖို့ သတင်းပေးတယ်လို့ ယူကရိန်းက စွပ်စွဲတတ်ပါတယ်။

အဲဒီအမျိုးသမီးကို ဖမ်းဆီးတဲ့ သတင်းကို သူသိထားကြောင်း မစ္စတာ ဇယ်လန်းစကီးက ပြောပါတယ်။ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲက “သစ္စာဖောက်သူတွေကို နှိမ်နင်းတိုက်ခိုက်မှု” အကြောင်း သူ့ကို ပြောပြထားလို့ မစ္စတာ ဇယ်လန်းစကီးက ပြောပါတယ်။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရုရှားဘက်က တုံ့ပြန်မှတ်ချက်ပေးတာ မရှိသေးပါဘူး။

ရုရှားတွေဆီကို သတင်းပေးဖို့ လုပ်နေစဥ်မှာ အဲဒီအမျိုးသမီးကို "လက်ပူးလက်ကြပ်" ဖမ်းဆီးခဲ့တယ်လို့ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ SBU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တောင်ပိုင်းက မိုင်ကိုလာယိဗ်ဒေသကို သွားမယ့် မစ္စတာ ဇယ်လန်းစကီး ခရီးမစခင်မှာ ခရီးစဥ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အဲဒီအမျိုးသမီးက စုံစမ်းစုဆောင်းခဲ့တယ်လို့ ယူကရိန်းလုံခြုံရေးအဖွဲ့က စွပ်စွဲပါတယ်။

အဲဒီ သံသယတရားခံ အမျိုးသမီးနဲ့ နှာခေါင်းစည်းတပ်ထားတဲ့ SBU တပ်ဖွဲ့တွေရဲ့ မီးဖိုချောင်တစ်ခုထဲက ပုံကိုလည်း ယူကရိန်းက ထုတ်ပြန်ပါတယ်။ အဲဒီအမျိုးသမီးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ မျက်နှာတွေကိုတော့ ဝါးထားပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, SBU

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ခါဟိုးခါ ဆည် ကျိုးပေါက်မှုကြောင့် ဖြစ်ခဲ့တဲ့ အပျက်အစီးတွေကို ကြည့်ဖို့ ဇွန်လမှာ မိုင်ကိုလာယိဗ်ကို မစ္စတာ ဇယ်လန်းစကီး တစ်ခေါက် သွားရောက်ခဲ့ပြီး ရုရှားဘက်က ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက် ပြီးနောက် ဇူလိုင်လမှာ မစ္စတာ ဇယ်လန်းကီး နောက်တစ်ခေါက် ထပ်သွားခဲပါတယ်။

အဲဒီ သတ်ဖြတ်ဖို့ အကြံအစည်ကို ခရီးစဥ်မတိုင်ခင်မှာ သိခဲ့ရပြီး လုံခြုံရေးအစီအစဥ်တွေကို ထပ်တိုးလုပ်ဆောင်ခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

မိုင်ကိုလာယိဗ်ဒေသကို ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဖို့ ရုရှားဘက်က လုပ်ဆောင်နေတယ်လို့ ယူကရိန်းက စွပ်စွဲပါတယ်။

အီလက်ထရောနစ် စစ်ရေး စနစ်တွေရဲ့ နေရာတွေနဲ့ ရုရှားစစ်တပ်ဘက်က ပစ်မှတ်ထားလာနိုင်တဲ့ လက်နက်ခဲယမ်းဂိုဒေါင်တွေရဲ့ နေရာတွေကို အဲဒီသံသယတရားခံအမျိုးသမီးက သတင်းပေးဖို့ လုပ်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲတာပါ။

အဲဒီ သံသယတရားခံဟာ မစ္စတာ ဇယ်လန်းစကီး ဇူလိုင်လတုန်းက သွားရောက်ခဲ့တဲ့ အိုချိုက်ကီးဗ်ဆိုတဲ့ မြို့ငယ်လေးမှာနေပြီး အဲဒီက စစ်စခန်းတစ်ခုက ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ကိုင်နေတယ်လို့ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

သံသယတရားခံကို မစ္စတာ ဇယ်လန်းစကီးရဲ့ ခရီးစဥ်အချိန်မှာတော့ မဖမ်းဆီးခဲ့ဘဲ ယူကရိန်း သမ္မတကို တိုက်ခိုက်မှာကို တားဆီးနိုင်ဖို့ လုံခြုံရေးအစီအစဥ်တွေကို လုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ခရီးစဥ်အပြီးမှာ အဲဒီအမျိုးသမီးရဲ့ လုပ်ဆောင်ချက်တွေကို ပိုသိရအောင် ယူကရိန်း ထောက်လှမ်းရေးတွေက စုံစမ်းခဲ့တယ်၊ အဲဒီအမျိုးသမီးဟာ "ရုရှားတွေရဲ့ စေခိုင်းမှုတွေကို လက်ခံရရှိထားတယ်" လို့ ယူကရိန်းလုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

အဲဒီသံသယတရားခံ အမျိုးသမီးဟာ အဲဒီဒေသထဲမှာ ကားမောင်းသွားလာပြီး ယူကရိန်း စစ်စခန်းတွေရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ ရိုက်ယူခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ချက်မှာ စွပ်စွဲဖော်ပြထားပါတယ်။

အဲဒီအမျိုးသမီးဟာ လက်နက်တွေနဲ့ တပ်ဖွဲ့တွေရဲ့ စစ်ရေး လှုပ်ရှား ပြောင်းရွှေ့မှုတွေကို တရားမဝင် သတင်းပေးပို့ ဖြန့်ဖြူးမှုနဲ့ အမှုရင်ဆိုင်ရဖွယ် ရှိပါတယ်။

တကယ်လို့ အပြစ်ထင်ရှားရင် သူဟာ ထောင်ဒဏ် ၁၂ နှစ် ကျခံရဖွယ် ရှိပါတယ်။

ရုရှားလေကြောင်းတိုက်ခိုက်မှုတွေမှာ ပစ်မှတ်ရှာဖွေနိုင်အောင် ကူညီတယ်လို့ ယူဆရသူတွေကို "ရုရှားထောက်လှမ်းရေးတွေ" လို့ စွပ်စွဲပြီး ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ တွေက ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။