ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေ ၇ ရက် ဘီဘီစီရဲ့ထိပ်တန်းသတင်းများစုစည်းချက် - သုံးရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်
ဒီကနေ့ ခင်ဦး မှာ တိုက်ပွဲပြင်းထန် ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ ရွှေတောကြီးကျေးရွာမှာဒီနေ့ မေ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသကာကွယ်ရေးတပ်ဘက်က တစ်ယောက် သေဆုံး၊ တစ်ယောက်ဒဏ်ရာရတယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ဘက်ကနေ ဧရာဝတီမြစ်ကို ကူးလာတဲ့၊ အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက ခင်ဦးမြို့နယ် ရွှေတောကြီးကျေးရွာကို ဝိုင်းပြီး ပစ်ခတ်ချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။
“တိုက်ပွဲ တစ်နာရီဝန်းကျင်လောက်ဖြစ်သွားတယ်။ လူအင်အားမမျှတော့ ကာကွယ်ရေးအဖွဲ့က ဆုတ်ခွာခဲ့ရတယ်။ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ လက်နက်တွေနဲ့ တရစပ်ပစ်တော့ တစ်ယောက်ထိသွားတယ်။ အလောင်းလည်း ပြန်မကောက်နိုင်သေးဘူး”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ရွှေတောကြီးရွာ ကပ်ရပ်က ကဘွက်ရွာကို ဒီနေ့မနက် ၁၁ နာရီခွဲကနေ စပြီးမီးရှို့တာကြောင့် နေ့လယ် ၂ နာရီခွဲလောက်အထိ ဆက်လောင်နေတဲ့အတွက် မီးရှို့ခံရတဲ့ နေအိမ် များနိုင်တယ်လို့လည်း ပြောပါတယ်။
စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာပေါင်း ၁၀ ရွာဝန်းကျင်က စစ်ဘေးရှောင် သုံးထောင်လောက် ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အကူညီတွေလိုအပ်နေတယ်လို့လည်း ပြောပါတယ်။
အကယ်ဒမီပေးပွဲကအပြန် ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာကွယ်လွန်
ဇာတ်ပို့သရုပ်ဆောင်ဦးအောင်သာဟာ ဒီကနေ့ မေလ ၇ ရက်မနက်ပိုင်း မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲပြုလုပ်ခဲ့တဲ့ နေပြည်တော်ကနေ ရန်ကုန်ကို ပြန်ဖို့ ရုပ်ရှင်အစည်းအရုံးကစီစဉ်ပေးတဲ့ အဝေးပြေးယာဉ်ပေါ် ထိုင်နေစဉ် ရုတ်တရက်သတိလစ်သွားရာကနေ ဆေးရုံမှာကွယ်လွန်သွားခဲ့တယ်လို့ နီးစပ်ရာအနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
"သတိလစ်သွားလို့ ဆေးရုံရောက်သွားတဲ့အခါမှာ သူ့မှာ နဂိုကတည်းက နှလုံးကြီးနေတာကိုတွေ့ရတယ်။ နေပြည်တော်ကုတင် ၁၀၀၀ ကွယ်လွန်တော့ နှလုံးရောဂါနဲ့ ကွယ်လွန်တာပါပဲ" လို့ နီးစပ်သူတဦးက ဘီဘီစီကိုပြောပါတယ်။
ဇာတ်ပို့ဇာတ်ရံအလွှာက သရုပ်ဆောင်ဦးအောင်သာ ကွယ်လွန်သွားတာကြောင့် နီးစပ်သူတွေကနေ ဆက်လက်ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
လူမှုကွန်ယက်စာမျက်နှာမှာတော့ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်အထိရှိတဲ့ နေပြည်တော်မှာ နာရီနဲ့ချီ အကယ်ဒမီပေးပွဲတက်ရောက်ပြီးနောက် အပူလွန်ကဲကာ Heat stroke ကြောင့် ကွယ်လွန်သွားတာလို့ ရေးသားနေကြပေမဲ့ ဘီဘီစီဘက်ကတော့ ဒီအချက်အလက်ကို သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။
ကွယ်လွန်သူ သရုပ်ဆောင်ဦးအောင်သာဟာ အသက် ၆၉နှစ်အရွယ်ရှိပြီဖြစ်ပြီး ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာနေထိုင်သူလို့လည်း သိရှိရပါတယ်။
အဆိုတော်လင်းလင်းရဲ့ The Way ရုပ်ရှင် ဆု သုံးဆုရ
မိုဘိုင်းလ်ဖုန်းနဲ့ဖန်တီးထားတဲ့ အဆိုတော်လင်းလင်းရဲ့ The Way ရုပ်ရှင်ဟာ Festigious နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲမှာ အကောင်းဆုံးဂီတရုပ်ရှင် (Best Musical Film) ဆုအပါအဝင် အကောင်းဆုံး ပထမအကြိမ်ရုပ်ရှင်ဒါရိုက်တာဆု Best First Time Director (Feature)နဲ့ အကောင်းဆုံးသီချင်းဆု (Best Song) ကို ရရှိခဲ့ပါတယ်။
The Way ရုပ်ရှင်ဟာ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားနေတဲ့ အနုပညာရှင်တွေဟာ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံမှာခိုလှုံနေရတဲ့ အခြေအနေနဲ့ ရုပ်ရှင်ဖန်တီးဖို့ စက်ကိရိယာမစုံလင်တဲ့ကြားက ဖန်တီးရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ဆိုပါတယ်။
Festigious နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲဟာ အင်ဒီရုပ်ရှင်တွေနဲ့ ကျားမတန်းတူညီမျှရေးရုပ်ရှင်တွေကို မြေတောင်မြှောက်ပေးနိုင်ဖို့ လစဉ်ဆုရွေးချယ်ချီးမြှင့်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
The Way ရုပ်ရှင်ဟာ နောက်ထပ်ရုပ်ရှင်ပြိုင်ပွဲတခုဖြစ်တဲ့ world film carnival Singapore မှာလည်း ထူးချွန်ဆု သုံးဆုရရှိထားခဲ့ပါတယ်။
အဲ့ဒီရုပ်ရှင်ကိုဖန်တီးပြီး ပါဝင်ခဲ့ကြတဲ့ အဆိုတော်လင်းလင်းနဲ့ သရုပ်ဆောင်ချစ်သုဝေတို့ ဇနီးမောင်နှံကို အာဏာသိမ်းဆန့်ကျင်လို့စစ်ကောင်စီက ဖမ်းဝရမ်းကြေညာထားသလို သူတို့ရဲ့ နေအိမ်တွေကိုလည်း ချိပ်ပိတ်ထားခဲ့ပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပိတောက်ကတဲ့ ဂီတဇာတ်ကားက ဆု ၄ ဆုအထိ ရရှိ
မနေ့ မေလ ၆ ရက်ညနေပိုင်း၊ နေပြည်တော် လဟာပြင်ကဇာတ်ရုံမှာ အာဏာသိမ်းစစ်ကောင်စီက ဦးစီးကျင်းပခဲ့တဲ့ ၂၀၁၉ခုနှစ်၊ ၂၀၂၀ပြည့်နှစ်၊ ၂၀၂၂ ခုနှစ်တွေအတွက် သုံးနှစ်တာစုပေါင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။
ဆုအမျိုးအစား ၁၂ မျိုးကို သုံးနှစ်တာအတွက် ဆုပေါင်း ၂၂ ဆုချီးမြှင့်ခဲ့ရာမှာ အဆိုတော်သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင် ထုတ်လုပ်တဲ့ ပိတောက်ကတဲ့ ဂီတ ဇာတ်ကားက ဆု ၄ ဆု နဲ့ အများဆုံးဆုရရှိခဲ့ပါတယ်။
ဒီဆုပေးပွဲကို တက်ရောက်လာတဲ့ အကယ်ဒမီရရှိပြီးသား အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ရွှေရင်ထိုးတွေပေးအပ်တဲ့အထိ စစ်ကောင်စီ က စည်စည်ကားကားဖြစ်အောင် ကျင်းပတဲ့အခြေအနေပါ။
တဖက်မှာတော့ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားသူတွေဘက်က အဲ့ဒီအကယ်ဒမီဆုပေးပွဲကို သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့သလို ပွဲကျင်းပတဲ့ မနေ့မနက်ပိုင်းမှာလည်း ဗဟန်းမြို့နယ်က ရုပ်ရှင်အစည်းအရုံးဝန်းထဲ ဗုံးပေါက်ကွဲမှုလည်းဖြစ်ခဲ့ပါတယ်။
ချောင်းဦးမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ အရပ်သား ၈ ယောက် အသတ်ခံရ
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မေ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင် ၅ ယောက်နဲ့ ဒေသခံအရပ်သား ၃ ယောက် စုစုပေါင်း ၈ ယောက် သေဆုံးခဲ့တယ်လို့ Chaung U Revolution က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေက ကျီးကုန်းကျေးရွာအစပ်မှာ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ချောင်းဦး PDF လေ့ကျင့်ရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး နောက်တန်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စခန်းခွဲမှူး အပါအဝင် တပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့ပါတယ်။
“စခန်းဝင်စီးပြီးတော့ ရွာထဲကိုဝင်တော့ ရွာထဲက ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ယောက်လည်း ဖမ်းမိသွားတယ်။ သူတို့နှစ်ယောက်ကိုလည်း သတ်လိုက်တယ်။ ကာကွယ်ရေးအဖွဲ့တွေက ခေါင်းဖြတ်သတ်ခံရတယ်။ လမ်းမှာလည်း စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက် အသတ်ခံရတယ်”လို့ ချောင်းဦးမြို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ကျီးကုန်းရွာကနေ အမြင့်ကျေးရွာကို ဆက်သွားချိန်မှာ လမ်းမှာတွေ့တဲ့ အမျိုးသား ၂ ယောက်ကိုလည်း သတ်ခဲ့တယ်လို့ ပြောပါတယ်။
အမြင့်ကျေးရွာ ရဲစခန်းမှာ တပ်စွဲခဲ့တဲ့ အဲဒီစစ်ကြောင်းဟာ မေ ၆ ရက်မှာ ချောင်းဦးမြို့နယ် တောင်ဘက်ကျေးရွာကို စစ်ကြောင်းထိုးခဲ့ပြီး ဒီနေ့ မေ ၇ ရက်မှာတော့ တောင်ဖီလာကျေးရွာဘက်ကို ထွက်သွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးတာ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ သေဆုံးတာနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မြင်းမူ၊လက်ထုတ္တောရွာ အိမ်ခြေ ၆၀၀ နီးပါးမီးရှို့ခံရ
မုံရွာနဲ့ဆက်စပ်လမ်းမကြီးတွေဘေးက ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးနေ
အခု မေလပထမအပတ်အတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ ဆက်စပ်နေတဲ့ ကားလမ်းမကြီးနဘေးက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းတွေဆက်တိုက်ထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၅ ရက်နေ့ကစလို့ မုံရွာ - မန္တလေးလမ်းပေါ်မှာရှိတဲ့ မြင်းမူမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေထဲကို စစ်ကြောင်းထိုးရာကနေ မနေ့ မေလ ၆ ရက်မနက်မှာတော့ လမ်းမကြီးဘေးမှာရှိတဲ့ လက်ထုတ္တောရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့တယ်လို့ ရွာခံတွေက ပြောကြပါတယ်။
လက်ထုတ္တောရွာက အိမ်ခြေ ၆၀၀ နီးပါးလည်း မီးလောင်ကျွမ်းခဲ့ပြီး ဒီကနေ့မေလ ၇ ရက်မနက်အထိ မီးငြှိမ်းသတ်နေရဆဲလို့ ဆိုပါတယ်။
"ချောင်းဦးဘက်ကနေ လမ်းမတကြော မိုင်းရှာဖို့ဆင်းလာတဲ့ တပ်ဖွဲ့တွေပါ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တဖွဲ့က မိုင်းဆွဲတာခံလိုက်ရပြီးတော့ ရွာတွေထဲ အခုလိုဝင်မွှေတော့တာပဲ။ လက်ထုတ္တောရွာက ရွာလည်းကြီးတယ်၊ ရွာခံတွေကလည်း ရုတ်တရက်ဆိုတော့ မပြေးဖြစ်ကြဘူး။ အဲ့ဒါ မနေ့က သူတို့ပြန်ထွက်မှ ရွာထဲသေချာကြည့်တော့ အမျိုးသား ရုပ်အလောင်း ၁လောင်းတွေ့ရပြီး အမျိုးသား ၃ ယောက် ထိခိုက်ဒဏ်ရာရထားတယ်" လို့ မြေပြင်အခြေအနေသိရှိသူ တယောက်က ပြောပါတယ်။
လက်ထုတ္တောရွာထဲက စစ်ကြောင်းကတော့ မနေ့ မေလ ၆ ရက်နေ့ကတည်းက နတ်ရေကန်ရွာကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။
တခါ မုံရွာ-ဘုတလင်-ဒီပဲယင်း-ရေဦး ကားလမ်းမကြီးတကြောက ရွာတွေထဲကိုလည်း စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းထက်မနည်းက ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းကနေ ဒီကနေ့ မေလ ၇ ရက်အထိ စစ်ကြောင်းထိုးတာတွေရှိနေတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
"ဒီကနေ့မနက်မှာပဲ ဒီပဲယင်းနဲ့ ရေဦးအစပ်မှာရှိတဲ့ စစ်ကြောင်းက ရေဦး၊ မုတ်စီရွာဘက်ကို ဝင်သွားပြီ။ ဒီပဲယင်းနဲ့ ဘုတလင်အစပ်က စစ်ကြောင်းကလည်း အခုမနက်မှာပဲ ဘုတလင်ဘက်ခြမ်းဝင်သွားတယ်။ ဒီပဲယင်းဒေသထဲ ၄ ရက်လောက်စစ်ကြောင်းထိုးခဲ့တဲ့ ဒီရွှေ့လျားစစ်ကြောင်းတွေက အကုန်ပြန်ထွက်သွားပြီ၊ အထိုင်စစ်ကောင်စီအဖွဲ့တွေပဲကျန်မယ်" လို့ ဒီပဲယင်းဒေသခံတဦးက ပြောပါတယ်။
ဒီပဲယင်းကနေ ဘုတလင်ဘက်ထွက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့မနက်ပိုင်းမှာပဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ တရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူး။
အလားတူ စစ်ကောင်စီဘက်ကလည်း အခုလိုမုံရွာတကြော ကားလမ်းမကြီးနဘေးကျေးရွာတွေထဲ စစ်ကြောင်းထိုးနေတာနဲ့ပတ်သက်လို့ ဒီကနေ့မေလ ၇ ရက်နေ့လယ်ပိုင်းအထိ တစုံတရာ သတင်းမထုတ်ပြန်သေးသလို ဘီဘီစီဘက်ကလည်း မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
ချားလ်စ်ဘုရင် နဲ့ တွေ့ဆုံချိန် မြန်မာအကျဥ်းထောင်တွေထဲကသူ့မိတ်ဆွေတွေရဲ့ အခြေအနေကို သတင်းစကားပါးခဲ့တယ်လို့ မစ္စတာရှောင်တာနယ်ပြော
သြစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်ဟာ တတိယမြောက် ချားလ်စ်ဘုရင်နဲ့ တွေ့ဆုံခဲ့ပြီး အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း အကျဉ်းထောင်တွေမှာ
အကျဥ်းချခံထားရတဲ့ သူ့ မိတ်ဆွေတွေကို ပေးခဲ့တဲ့ ကတိအတိုင်း သတင်းစကားပါးခဲ့တယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာရေးပါတယ်။
မနေ့က ကျင်းပတဲ့ ချားလ်စ်ဘုရင် ရဲ့ နန်းတက်ပွဲနေ့မှာ ဝင်ဆာရဲတိုက်မှာ နိုင်ငံတကာကဖိတ်ကြားထားတဲ့ဧည့်သည်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တယ်လို့နားလည်ရပြီး အသေးစိတ်ကိုတော့ မစ္စတာရှောင်တာနယ် ကိုဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
'' အင်းစိန်ထောင်အပါအဝင် နိုင်ငံထဲက အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ကျွန်တော့်မိတ်ဆွေတွေ ကြုံနေရတဲ့ အခြေအနေကို သူတို့ကို ပေးခဲ့တဲ့ ကတိအတိုင်း သတင်းစကားပါးခဲ့ပါတယ်"လို့ မစ္စတာရှောင်ကရေးသားထားတာပါ။
ချားလ်စ်ဘုရင် ကလည်း မြန်မာနိုင်ငံက အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး နောက်ကွယ်ကနေ ပံ့ပိုးကူညီမှုကောင်းတွေကိုလုပ်နေတယ်လို့လည်း မစ္စတာရှောင် ကပြောထားပါတယ်။
အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ဟာနှစ်နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
လွတ်မြောက်လာတဲ့သူ့ကို စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးခဲ့ပြီး သြစတြေးလျကို ချက်ချင်းပြန်လည် ပို့ဆောင်ခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီက သူ့ကိုဖမ်းဆီးမှုပုံစံ၊ စစ်ကြောရေးမှာသူကြုံခဲ့ရတဲ့ အခြေအနေတွေနဲ့ ၊ထောင်တွင်းမှာကြုံရတဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို သူ့ရဲ့လူမှုကွန်ရက်မှာရေးခဲ့သလို သြစတေးလျမီဒီယာတွေမှာလည်းဖြေကြားခဲ့တာပါ။ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်တိုင်းမှာလည်း မြန်မာနိုင်ငံတွင်းအခြေအနေကို အမြဲပြောဆိုလေ့ရှိနေတာဖြစ်ပါတယ်။
အိမ်နီးချင်းသံတမန်ရေးပုံစံနဲ့ မြန်မာ့အရေး တရုတ်ဦးဆောင်လာတယ်လို့ ISP သုံးသပ်
အခုလ မေလ ၂ ရက်တုန်းက တရုတ်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် မစ္စတာချင်ဂန်းရဲ့ နေပြည်တော်ခရီးစဉ်အပါအဝင် အခုနှစ်ထဲ တရုတ်ဘက်က စစ်ကောင်စီနဲ့ ခပ်စိပ်စိပ် ထိတွေ့ဆက်ဆံမှုတွေဟာ နိုင်ငံချင်းဆက်ဆံရေးအဆင့်မှာ တရုတ်ရဲ့ မူဝါဒအထိုင်သစ် ပြန်ချတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးစောင့်ကြည့်လေ့လာတဲ့ ISP Myanmar က ဒီကနေ့မှာပဲ စာတမ်းထုတ်ပြန်လာပါတယ်။
မြန်မာ့အရေးအတွက် နိုင်ငံရေးထွက်ပေါက်သစ်ကို မြန်မြန်ရှာစေချင်တာဟာ တရုတ်ရဲ့ မူဝါဒချဉ်းကပ်မှုအသစ်မှာ အဓိကကျလာပုံရတယ်လို့ ISP က သုံးသပ်ပါတယ်။ မြန်မာ့အရေးမှာ အနောက်နိုင်ငံတွေက အမြဲအာရုံစိုက်ဝင်ပါနေရာကနေ အာဆီယံဗဟိုပြုဖြစ်တဲ့ ဒေသတွင်းအရေးဖြစ်အောင် တရုတ်က ထိန်းညှိခဲ့ရာကနေပါ နောက်ထပ်တဆင့်အနေနဲ့ အိမ်နီးချင်းနိုင်ငံအချင်းချင်း ဝိုင်းကူရမယ့်ကိစ္စ၊ အိမ်နီးချင်းသံတမန်ရေး အားထုတ်မှုဖြစ်အောင် ဦးတည်လာတယ်လို့ ထောက်ပြထားပါတယ်။
ဒါကတော့ အလွတ်သဘော Track 1.5 အစည်းအဝေးတွေကနေ အဖြေရှာဖို့ အထူးသဖြင့် မြန်မာ့အကျပ်အတည်းသက်ရောက်မှုကို ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်တွဲလုပ်လာတာတွေ ဖြစ်တယ်လို့ ISPက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီဟာ ကိုယ့်ထွက်ပေါက် ကိုယ်မရှာနိုင်တာ ဒါမှမဟုတ် ထွက်ပေါက်ရှာဖို့ ငြင်းဆန်နေတဲ့ သဘောဖြစ်နေတာကြောင့် တရုတ်ဟာ ဦးသန်းရွှေလို စစ်ခေါင်းဆောင်ဟောင်းတွေအပါအဝင် အင်အားစုပေါင်းစုံကို တွေ့ဆုံဟန်ချက်ညှိပြီး သူတွန်းချင်တဲ့လမ်းကြောင်းကို ထွင်နေပုံရတယ်လို့ ISP က ကနဦးသုံးသပ်ထားကြောင်း ဖော်ပြပါတယ်။
နိုင်ငံရေးအခင်းအကျင်းမှာသာမက တရုတ်နဲ့နီးစပ်တယ်လို့ ရည်ညွှန်းခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု EAOs တွေကတဆင့်ပါ မဟာဗျူဟာကျတဲ့ သူ့ရဲ့ စီမံကိန်းတွေ လုံခြုံရေး၊ ပထဝီနိုင်ငံရေးအရ လွှမ်းမိုးဖြန့်ကျက်နိုင်ရေးနဲ့ မြန်မာနိုင်ငံထဲက ပဋိပက္ခမီးတွေ နယ်စပ်မကူးလာနိုင်အောင် တရုတ်က ကန့်ထားနိုင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ဟာ သူ့အကျိုးစီးပွားတွေကိုပဋိပက္ခနဲ့ ခွာတဲ့ လုပ်ဆောင်ချက်ကို အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့အပြင် သူတို့ရဲ့ မဟာဗျူဟာမြောက် အခင်းအကျင်းတွေအားလုံး အဆင်သင့်ဖြစ်ချိန်မှာ အခုလိုမြန်မာနိုင်ငံခရီးစဉ်တွေ ဆက်တိုက်ဖြစ်လာတာလို့ ISP က သုံးသပ်ပါတယ်။
ISP Myanmar ရဲ့ အချက်အလက်အရ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ တရုတ်အကြား ထိတွေ့ဆက်ဆံမှု ၁၄ ကြိမ်ရှိခဲ့ပြီး အခုနှစ် ၂၀၂၃ ငါးလတာအတွင်း ၇ ကြိမ်အထိ ဆက်ဆံရေးရှိထားပါတယ်။
အာဏာသိမ်းအစောပိုင်းကာလတွေထဲ ရုရှားနဲ့ ထိတွေ့ဆက်ဆံမှု ပိုများတာကြောင့် တရုတ်နဲ့ စစ်ကောင်စီကြား ဆက်ဆံရေးအေးစက်နေပြီလို့ သုံးသပ်မှုတွေရှိခဲ့ပြီးနောက် အခုနှစ်တွေထဲ စစ်ကောင်စီဘက်ကလည်း တရုတ်နဲ့ တရင်းတနှီးပြန်လည်ဆက်ဆံလာတာကို ပြည်တွင်းနိုင်ငံရေးအကဲခတ်တွေ ထောက်ပြထားကြပါတယ်။
၃ ရက်အတွင်း မုန်တိုင်းငယ်ကနေ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်
မနက်ဖြန် မေလ ၈ ရက်မှာ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်း မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး အဲဒါက ပိုအားကောင်းလာကာ မေလ ၉ ရက်မှာ မုန်တိုင်းငယ်အဖြစ်ရောက်နိုင်တယ်လို့ ဒီကနေ့ မေလ ၇ ရက် မနက်ပိုင်း မှာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီမုန်တိုင်းငယ်ဟာ မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး မေလ ၁၀ ရက်မှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း မှာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်ကို အားကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။
မိုချာလို့နာမည်ပေးမယ့် အဲဒီမုန်တိုင်းအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ဖို့ စစ်မှုဇုန်တွေ၊ ရုံးတွေနဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေကြား ရုံးတွင်းစာအနေနဲ့သတိပေးမှုတွေရှိနေပြီး အဲဒီစာတွေထဲဖော်ပြချက်အရ မုန်တိုင်းရဲ့ စက်ဝန်းအချင်းက မိုင် ၈၀ အတွင်းရှိနိုင်ပြီး လေတိုက်နှုန်းက တစ်နာရီ ၁၂၅ မိုင်အထိရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ဒီရုံးတွင်းစာတွေ လူမူကွန်ရက်မှာ ပျံ့နှံ့ ပြီးတဲ့နောက် နာဂစ်လို့ ပြင်းအားမြင့် မုန်တိုင်းဖြစ်မှာကို လူထုကြားစိုးရိမ်စိတ်တွေရှိနေပါတယ်။
မိုးလေဝသကြိုတင်တွက်ချက်တာတွေအရ လာမယ့် မေလ ၉ ရက်ကနေ ၁၄ ရက်နေ့အထိ ပြည်တွင်းမှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်နိုင်တဲ့အကြောင်း အရပ်ဘက် မိုးလေဝသစောင့်ကြည့်သူတွေက ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြောလာကြပါတယ်။
အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ တနာရီကို မိုင် ၁၀၀ ကျော်အထိ တိုက်ခိုက်နိုင်တယ်လို့ အရပ်ဘက်မိုးလေဝသစောင့်ကြည့်သူတွေက ပြောပါတယ်။
ဒီကနေ့ တိုင်းတာချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း နဲ့ အနောက်အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော် တို့မှာ တိမ် အသင့်အတင့် ဖြစ်ထွန်းနေတဲ့ အခြေအနေလို့ဆိုပါတယ်။
ဒီကနေ့ ညနေအထိ ခန့်မှန်းချက်တွေ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ လို့ဆိုပါတယ်။
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း မည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက် အနေနဲ့ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ပြောဆိုပါတယ်။
၂၀၂၃ ပြည်သူ့ဂုဏ်ရည်ဆု ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း ရရှိ
၂၀၂၃ ခုနှစ် ၊၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ချီးမြှင့်လိုက်တယ်လို့ အဲဒီဆုရွေးချယ်ရေးအဖွဲ့ကကြေညာပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ CDMလှုပ်ရှားသူတို့ကို ဦးဆောင်ကိုယ်စားပြုခဲ့သူ ဦးကျော်မိုးထွန်းကိုပေးအပ်တာလို့ ဆိုပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုရှင်အတွက် ဂုဏ်ပြုပွဲကိုတော့ အမေရိကန်နိုင်ငံ လောစ်အိန်ဂျယ်လိစ် ဌာနခွဲမှ တာဝန်ယူကာ မေလ ၂၁ ရက် မှာ အမေရိကန် နိုင်ငံ Performing Arts Centre မှာကျင်းပသွားမယ်လို့သိရပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ပြည့် နှစ်က စတင်ပြီး နှစ်စဉ် ချီးမြှင့်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံကလူမှုအဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ဆောင်ရွက်နေသူ တွေကို ပြည်ပရောက်မြန်မာတွေက ပေးအပ်တဲ့ဆုဖြစ်ပါတယ်။
ပထမဆုံး ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ရရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အစိုးရဌာန တခုဖြစ်တဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အပါအဝင် ကျောင်းဆရာမတွေ၊ ရဲဝန်ထမ်းတွေနဲ့ လူမှုအကျိုးပြုလုပ်ငန်းလုပ်ကိုင်သူတွေ နဲ့ လူမှုရေးအသင်းအဖွဲ့တွေကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။