ဇူလိုင်လ ၂၈ ရက်ထိပ်တန်းသတင်းများ - ကေအိုင်အေဌာနချုပ်အနီး နမ်ဆန်ယန်ရွာနားကိုလေကြောင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာနဲ့ ခြောက်မိုင်လောက်ပဲ ဝေးတဲ့နမ်ဆန်ယန်ရွာနားကို မနေ့ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အကြောင်း ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ဒီတိုက်ခိုက်မှုအကြောင်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဖော်ပြကြပါတယ်။
နမ်ဆန်ယန်ရွာအနီးက မဒီးယာန်နဲ့ အောင်ဂျာယန်ရွာကြားမှာ ဗုံး နှစ် လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်အချို့ပျက်စီးတာတွေရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
"ကျွန်တော်တို့နဲ့ ၁၈ မိုင်လောက်ဝေးတာတောင် အသံကြားရတယ်။ တစ်ခါ ဗုံးချ တစ်ခါ မြေကြီးတုန်တုန်သွားတယ်၊ အိမ်ခေါင်မိုးတွေဆိုလည်း တဂျစ်ဂျစ်မြည်ကုန်တာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါဟာ မြစ်ကြီးနား - ဗန်းမော်လမ်းတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကေအိုင်အေတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားခဲ့တာကြောင့် လေကြောင်းနဲ့ စစ်ကူလာပေးပြီး မနေ့ညကရော ဒီကနေ့မှာပါ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။
ညစဉ်လိုလိုလည်း နမ်ဆန်ယန်တကြောကို လေကြောင်းလာရောက်ပျံဝဲလေ့ရှိပြီး တိုက်ခိုက်မှုကတော့ အခုဖြစ်စဉ်အပါအဝင် ၂ ကြိမ်ရှိပြီလို့ သိရပါတယ်။
ဒါပေမဲ့ နမ်ဆန်ယန်က စစ်ရေးအခြေအနေကိုတော့ ကေအိုင်အေဘက်ကရော စစ်ကောင်စီကပါ တစုံတရာထုတ်ပြောထားတာမရှိသေးပါဘူး။
အခုလအစောပိုင်းကတည်းက နမ်ဆန်ယန် တကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံအကုန်လုံးနီးပါး နေရပ်ပြန်စွန့်ခွာကြရပြီး တိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။
အိန္ဒိယရဲ့ နိုင်ငံရေးရပ်တည်ချက်အမြန်ဆုံးပြောင်းလဲနိုင်အောင် လုပ်ဖို့ NUG ကို တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့
မြန်မာ့အရေးအခင်းနဲ့ပတ်သက်လို့ လက်ရှိအိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ပြောင်းလဲနိုင်ဖို့အတွက် NUG အစိုးရအနေနဲ့ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ အိန္ဒိယ - မြန်မာအရေး စောင့်ကြည့်တဲ့ India For Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။ India For Myanmar က အချက် ၆ ချက်နဲ့ တောင်းဆိုထားတာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"အိန္ဒိယအနေနဲ့က နံပါတ် ၁ စီးပွားရေးကို ဦးစားပေးတယ်။ အိန္ဒိယ - မြန်မာနယ်စပ်က မဏိပူရ်ပဋိပက္ခအတွက် နယ်စပ်လုံခြုံရေးကို စိုးရိမ်တယ်။ သူ့စိုးရိမ်မှုကို ဖြေရှင်းပေးနိုင်တာက စစ်ကောင်စီလို့ အိန္ဒိယက လတ်တလောယုံကြည်ထားပုံပါပဲ" လို့ India For Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဘီဘီစီကိုပြောပါတယ်။
ဒါကြောင့် အိန္ဒိယ - မြန်မာနှစ်နိုင်ငံနယ်စပ်တလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို စစ်ရေးအရအသာစီး ရယူနိုင်မယ့် စစ်ရေးဗျူဟာ ဖော်ဆောင်ပြီး NUG အပေါ် အိန္ဒိယက သံတမန်ဆက်ဆံရေး တိုးမြှင့်လာအောင် ဆောင်ရွက်ဖို့၊ အိန္ဒိယ - မြန်မာနယ်စပ် တရားဥပဒေစိုးမိုးရေးရအောင် NUG က အလေးထားဆောင်ရွက်နေကြောင်း ပြနိုင်ရေးကို ဦးစားပေးဖို့ဆိုတဲ့ အချက်တွေကို တောင်းဆိုထားတာပါ။
ဒါအပြင် NUG အစိုးရအနေနဲ့ မြန်မာအပေါ် တရုတ်လွှမ်းမိုးနေမှုကို တော်လှန်ရေးကာလအလွန်မှာ ပြုပြင်ပြောင်းလဲတာအတွက် ပြင်ဆင်ထားမှု၊ အိန္ဒိယနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဆောင်ရွက်ချက်တွေရှိရင် အိန္ဒိယကို ရှင်းလင်းပြတ်သားတဲ့ အသိပေးတာတွေဆောင်ရွက်ဖို့ဆိုပြီးလည်း ထည့်ပြောထားပါတယ်။
အိန္ဒိယနဲ့ စစ်ကောင်စီအကြား ထိတွေ့ဆက်ဆံမှုတွေကို အခုနှစ်အစပိုင်းကစလို့ ခပ်စိပ်စိပ်တွေ့လာနေရပြီး နှစ်ရှည်ကြန့်ကြာနေတဲ့ အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်း ပြီးစီးဖို့အပါအဝင် နယ်စပ်လုံခြုံရေးကိစ္စရပ်တွေကို ဆက်တိုက်ဆွေးနွေးနေကြတာကို တွေ့ရပါတယ်။
ဘုတလင် ညောင်ကန်ရွာကို စစ်ကောင်စီတပ်စီးနင်း၊ အနည်းဆုံး ရုပ်အလောင်း ၃ လောင်းတွေ့ရှိထား

ဓာတ်ပုံ ရင်းမြစ်, ဗကသ
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အနောက်မြောက်ခြမ်းမှာရှိတဲ့ ညောင်ကန်ရွာနဲ့ စိုင်ပြင်ရွာကို ဒီကနေ့မနက်အစောပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဝင်ရောက်စီးနင်းမှုမှာ လူ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဝင်ရောက်စီးနင်းပြီးနောက် မွန်းလွဲပိုင်းမှာ အလောင်းသုံးလောင်း တွေ့ရတယ်လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတွေက ပြောပါတယ်။
"ညောင်ကန်နဲ့ စိုင်ပြင်ရွာကို ဝင်စီးတော့ နှစ်ဖက်တိုက်ပွဲဖြစ်ကြသေးတယ်။ နောက် သူတို့ (စစ်ကောင်စီ) က ရွာတွေမီးရှို့လို့ အနောက်ကနေ လိုက်ငြှိမ်းနေရတယ်။ ညောင်ကန်ရွာထဲကနေ ၃ လောင်းရထားတယ်။ ပြောင်းခင်းထဲမှာလည်း ထပ်ပြီးအလောင်းတွေရှိတယ်ပြောတယ်။ ဒါပေမဲ့ ကျွန်တော်မျက်မြင်က ၃ လောင်းပါပဲ" လို့ ဘုတလင်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
သေဆုံးရုပ်အလောင်းတွေဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
တခါ ဘုတလင်မြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကတော့ ဒီကနေ့မနက်အစောပိုင်း သူတို့ရဲ့ ရုံးခန်းဝင်စီးနင်းခံရပြီး မြို့နယ်ဗကသဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးအပါအဝင် ဗကသအဖွဲ့ဝင်တွေ ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ ထုတ်ပြန်လာပါတယ်။ အသေးစိတ်ကိုတော့ ထပ်မံထုတ်ပြန်မယ်လို့ ဗကသက ဘီဘီစီကိုပြောပါတယ်။
စိုက်ပျိုး ရေးသိပ္ပံကျောင်းအုပ်နဲ့အဖွဲ့ကို လွတ်မြောက်နယ် မြေပို့ဆောင်ထားတယ်လို့ PDF ပြော

ဓာတ်ပုံ ရင်းမြစ်, ထားဝယ်၊ စိုက်ပျိုးရေးသိပ္ပံမိသားစုများ
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ စိုက်ပျိုးရေးသိပ္ပံ (ထားဝယ်) ကျောင်းက ကျောင်းအုပ်ကြီးဇနီးမောင်နှံနဲ့ သားဖြစ်သူအပါအဝင် ဆရာဆရာမ ၄ ဦး စုစုပေါင်း ၇ ဦးကို ဇူလိုင် ၂၀ ရက်နေ့မှာ လောင်းလုံး PDF က ကျောင်းကနေ ခေါ်ယူထိန်းသိမ်းခဲ့ပြီး အခုတော့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။
"အစက ပြန်လွှတ်ဖို့ စိတ်ကူးခဲ့တယ်။ ဒါပေမဲ့ စစ်ကောင်စီက အဲဒီ နယ်မြေတဝိုက်ကို စစ်ရေးအရ တင်းကျပ်တဲ့အနေအထားဆိုတော့ လုံခြုံရေးအရ ပြန်လွှတ်ဖို့ အင်မတန်အန္တရာယ်ကြီးမားတဲ့ အခြေအနေဖြစ်ခဲ့တယ်" လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက ပြောပါတယ်။
လောင်းလုံးမြို့နယ်ထဲမှာ ကျောင်းတွေ မဖွင့်ဖို့ ဒေသဆိုင်ရာ ကာကွယ်ရေး အဖွဲ့တွေက အသိပေးထားပေမဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းတစ်ကျောင်းထဲကပဲ ကျောင်းသားဦးရေ ၆၀ ဝန်းကျင်၊ ဆရာဆရာမ ဦးရေ ၂၀ လောက်နဲ့ ကျောင်းဆက်ဖွင့်နေတာကြောင့် အခုလို ဝင်ရောက်ထိန်းသိမ်းခဲ့တာလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒီ ၇ ဦးပြန်လည်လွတ်မြောက်ဖို့ လိုက်လံစုံစမ်းတာတွေလုပ်နေတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောထားပါတယ်။
အခုဖြစ်စဉ်ကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းဒါဇင်နဲ့ချီကလည်း ပြင်းထန်စွာရှုတ်ချတယ်လို့ ထုတ်ပြန်ထားကြပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ကလည်း စိုက်ပျိုးရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဦးသိန်းဦးကို လောင်းလုံး PDF က နေအိမ်မှာဝင်ရောက်ဖမ်းဆီးပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့ကာသေဆုံးတဲ့ ဖြစ်စဉ်ရှိခဲ့သလို အဲဒီနေ့တရက်တည်းမှာပဲ တနင်္သာရီတိုင်းလွှတ်တော် ဝန်ကြီးဌာနရုံးကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း လောင်းလုံးဘက်ကို အခုသီတင်းပတ်တွေထဲစစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက် တိုက်ပွဲတွေဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။
တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်ရောက်နေ

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အာရှရေးရာအထူးကိုယ်စား မစ္စတာ တိန့်ရှီးကျွင်း မနေ့ကစလို့ နေပြည်တော်ကိုရောက်ရှိနေပါတယ်။
မစ္စတာ တိန့်ရှီးကျွင်းဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ကနဦးတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးဆောင်ရွက်ဖို့ ဆွေးနွေးတယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြပါတယ်။
တွေ့ဆုံချိန်မှာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ မြန်မာရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နေတဲ့အပေါ် နှစ်ဖက်အမြင်ဖလှယ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အာရှနိုင်ငံအချို့က ထိပ်ပိုင်းအဆင့်ရှိသူတွေက စစ်ကောင်စီကို တောင်းဆိုထားကြပြီး အဲဒီနိုင်ငံတွေထဲ တရုတ်လည်းအပါအဝင် ဖြစ်ပါတယ်။
အာဏာသိမ်းအစောပိုင်းကာလတွေမှာလည်း မစ္စတာတိန့်ရှီးကျွင်းနေရာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာဆွန်ကောရှန်းနေပြည်တော် ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ဖူးပါတယ်။
မစ္စတာ တိန့်ရှီးကျွင်းဟာ မနှစ်နှစ်ကုန်ပိုင်းမှာ နေပြည်တော်ကိုရောက်လာခဲ့ဖူးပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။








