ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းခြေ အကြမ်းဖက်မှုတွေ ကုလသတိပေး-ဇွန်လ ၂၃ ရက်ညပိုင်း နိုင်ငံတကာသတင်းများ
အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းခြေဒေသမှာ နောက်ထပ်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုသစ်တွေကြောင့် အခြေအနေတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ပါတယ်။
အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့အတူ အမျက်ဒေါသထွက်စေတဲ့ စကားလုံးအသုံးအနှုန်းတွေကြောင့် အစ္စရေးနဲ့ ပါလက်စတိုင်းတွေကို ပိုနက်တဲ့ ချောက်ထဲ ကျအောင် တွန်းပို့နေသလို ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးအကြီးအကဲ ဖိုလ်ကာ တုရ်ခ် က ကြေညာချက်ထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
သီတင်းတစ်ပတ်အတွင်း ပါလက်စတိုင်း ၁၄ ဦးနဲ့ အစ္စရေး ၄ ဦးတို့ သေဆုံးခဲ့အပြီးမှာ မစ္စတာ တုရ်ခ်က အခုလို ကြေညာချက် ထုတ်ပြန် သတိပေးလိုက်တာ ဖြစ်ပါတယ်။
အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်းက ကျေးရွာတွေမှာ နောက်ထပ် လူအတော်များများလည်း ဒဏ်ရာ ရခဲ့ကြသလို အိမ်တွေ၊ ကားတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အနောက်ဘက်ကမ်းဒေသ နာ့ဘလုစ်မြို့မှာ ဝင်ရောက်စီးနင်းမှုတစ်ခုအတွင်း အစ္စရေးတပ်ဖွဲ့ဝင်တွေက ကျည်ဆန်အသစ်တွေနဲ့ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ကြတဲ့အတွက် တင်းမာမှုတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။
နိုင်ငံရွှေ့ပြောင်းဝင်လာသူတွေ အလုပ်ရှာဖို့ လွယ်စေမယ့် ဥပဒေ ဂျာမနီအစိုးရ အတည်ပြု
ဂျာမနီနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းသူတွေ အပါအဝင် နိုင်ငံရွှေ့ပြောင်း ဝင်ရောက်လာသူတွေ အလုပ်ရှာဖို့ ပိုလွယ်ကူစေမယ့် ဥပဒေသစ်တစ်ခုကို ပါလီမန်က အတည်ပြုလိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အလုပ်သမား ရှားပါးမှု ဟာကွက်ကို ဖြည့်ဆည်းနိုင်ရေးမှာ နိုင်ငံရွှေ့ပြောင်း ဝင်ရောက်လာသူတွေကို အသုံးပြုနိုင်ဖို့အတွက် ဂျာမနီအစိုးရအနေနဲ့ အီးယူ ဥရောပသမဂ္ဂ ပြင်ပကလာတဲ့ နိုင်ငံရွှေ့ပြောင်းသူတွေအပေါ် ချမှတ်ထားတဲ့ ကြိုးနီစနစ်ကို ဖြေလျှော့လိုနေတာ ဖြစ်ပါတယ်။
အဲဒီဥပဒေထဲမှာ ကနေဒါမှာ ကျင့်သုံးတဲ့ အမှတ်ပေးပုံစံ စနစ်တစ်ခု ပါဝင်ပြီး နိုင်ငံရွှေ့ပြောင်း ဝင်ရောက်လာသူတွေအနေနဲ့ မိဘတွေ အပါအဝင် မိသားစုဝင်တွေကို ခေါ်ဆောင်လာနိုင်ခွင့် မက်လုံးမျိုးတွေ ထည့်သွင်းထားပါတယ်။
နိုင်ငံရေးခိုလှုံခွင့်နဲ့ ဂျာမနီနိုင်ငံထဲ ရောက်နေနှင့်ပြီးသားသူတွေလည်း ဒီဥပဒေထဲမှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
ရှေးရိုးစွဲ ဝါဒီ ဝေဖန်သူတွေကတော့ ဒီဥပဒေဟာ အရည်အချင်း ပြည့်မီတဲ့ အလုပ်သမားတွေထက် ပုံမှန်မဟုတ်တဲ့ နိုင်ငံရွှေ့ပြောင်းလာသူတွေကို ဂျာမနီနိုင်ငံထဲ ပိုလာချင်အောင် အားပေးရာ ရောက်လိမ့်မယ်လို့ ဝေဖန်နေကြပါတယ်။
ဂါနာမှာ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေအပေါ် အခွန်ကောက်မှု ကန့်ကွက်ဆန္ဒပြ
ဂါနာနိုင်ငံမှာ အမျိုးသမီးလစဉ်သုံး ဓမ္မတာ အသုံးအဆောင်တွေအပေါ် အခွန်ကောက်ခံနေတာကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသူတွေဟာ ပါလီမန်ထဲအထိ ဝင်ဆန္ဒပြဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒီပစ္စည်းတွေ စျေးကြီးလွန်းတာကြောင့် ကျောင်းသူလေးတွေ ကျောင်းပျက်ကြရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
အနီရောင်အဝတ်တွေ ဝတ်ထားကြပြီး ဓမ္မတာရာသီအပေါ် အခွန်ကောက်ခံနေတာကို ရုပ်သိမ်းပေးဖို့ ကြွေးကြော် တောင်းဆိုခဲ့ကြတဲ့ ဆန္ဒပြသူတွေကို ပါလီမန်ထဲ မဝင်နိုင်အောင် လုံခြုံရေး အရာရှိတွေက တားဆီးခဲ့ကြရပါတယ်။
ဂါနာနိုင်ငံမှာ ပြည်ပက တင်သွင်းတဲ့ အမျိုးသမီးလစဉ်သုံး ဓမ္မတာ အသုံးအဆောင်ပစ္စည်းတွေကို ၂၀ ရာခိုင်နှုန်း တင်သွင်းခွန် နဲ့အတူ ထပ်တိုးအခွန် ၁၂ ဒဿမ ၅ ရာခိုင်နှုန်း ချမှတ်ထားတာ ဖြစ်ပါတယ်။
ပါလီမန် ဥက္ကဋ္ဌ အယ်လ်ဘန် ဘက်ဂ်ဘင်န် က ဒီအခွန်စည်းမျဉ်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြောဆိုခဲ့ပြီး ဒီအခွန်ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် ထိခိုက်စေတယ်လို့ ပြောသွားပါတယ်။
ဒါပေမဲ့လည်း စက်မှုလုပ်ငန်းအဖွဲ့ တစ်ဖွဲ့ကတော့ ဒီတင်သွင်းခွန်ကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ပြည်တွင်း ထုတ်လုပ်သူတွေအတွက် စျေးကွက်ထဲမှာ ပြိုင်ဆိုင်ဖို့ ပိုအခက်အခဲ တွေ့လာစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အတိုက်အခံတွေကို ပစ်မှတ်ထားတဲ့ ဥပဒေ ကမ္ဘောဒီးယား ပါလီမန်အတည်ပြု
ကမ္ဘောဒီးယားနိုင်ငံမှာ မကြာခင် ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ မဲမပေးတဲ့လူတွေကို နောင်ရွေးကောက်ပွဲမှာ ဝင်အရွေးခံခွင့် တားမြစ်တဲ့ ဥပဒေတစ်ခုကို ပါလီမန်က အတည်ပြုလိုက်ပါတယ်။
ဒီဥပဒေဟာ တိုင်းပြည်ပြင်ပမှာ ရှိနေလို့ မဲမပေးနိုင်တဲ့ အတိုက်အခံခေါင်းဆောင်တွေ ဒါမှမဟုတ် ရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ်မှောက်ဖို့ စဉ်းစားနေသူတွေကို ပစ်မှတ်ထား ပြဌာန်းခဲ့တာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
ဒါ့အပြင် စည်းမျဉ်းဥပဒေအရ ဆိုပြီး ဇူလိုင်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အဓိက အတိုက်အခံပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ကွင်းဆင်း မဲဆွယ် ဟောပြောတာတွေ မလုပ်ဖို့ကိုလည်း တရားရုံးတွေက တားမြစ်ပိတ်ပင်ထားခဲ့ပြီး ဖြစ်ပါတယ်။
ဆယ်စုနှစ် ၄ ခုနီးပါးလောက် ရာထူး ဆုပ်ကိုင်ထားတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ဟာ အတိုက်အခံတွေအပေါ် နှိပ်ကွပ်မှုတွေ တနေ့တခြား ပိုတိုးလာနေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။