ဇူလိုင် ၂၇ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - လားရှိုးတိုက်ပွဲ စစ်ကောင်စီ နဲ့ ကိုးကန့်တပ် အပြန်အလှန်ဝါဒဖြန့်

လားရှိုး မြို့တော်ခန်းမရှေ့မှာ တွေ့ရတဲ့ MNDAA တပ်ဖွဲ့ဝင်တချို့

ဓာတ်ပုံ ရင်းမြစ်, 3 Brotherhood Alliance

ဓာတ်ပုံ ပုံစာ, လားရှိုး မြို့တော်ခန်းမရှေ့မှာ တွေ့ရတဲ့ MNDAA တပ်ဖွဲ့ဝင်တချို့
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက် လားရှိုးမြို့မှာ စစ်ကောင်စီ နဲ့ ကိုးကန့်တပ် တိုက်ပွဲပြင်းထန်နေသလို ဝါဒဖြန့်တိုက်ပွဲပါ ပြင်းထန်နေပါတယ်။

ကိုးကန့်တပ် MNDAA က လားရှိုးမြို့ ကို ထိန်းချုပ်ထားနိုင်ပြီလို့ထုတ်ပြန်တာဟာ ဝါဒဖြန့်မှုလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထွက်ပြောပြီးနောက်မှာပဲ MNDAA က လားရှိုးမြို့ရဲ့ အထင်ကရ နေရာတွေ၊ အစိုးရအဆောက်အအုံတချို့နဲ့ တပ်ရင်းဌာနတချို့ရှေ့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ထုတ်ပြန်လာပါတယ်။

မြို့တော်ခန်းမ၊ မြို့လယ်အဝိုင်း၊စျေးနဲ့ဆေးရုံကြီး၊မီးသတ်၊မူးယစ်တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ ရဲစခန်း၊ အမှတ်(၄၁)ခြေလျင်တပ်ရင်း နဲ့ စစ်အင်ဂျင်နီယာတပ်တွေ ရှေ့မှာ လက်နက်အပြည့်အစုံ နဲ့ ရိုက်ကူးထားတဲ့ပုံတွေကို ဇူလိုင် ၂၇ ရက်က ထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒါက ကိုးကန့်တပ်ရဲ့ဝါဒဖြန့်မှုသာဖြစ်ပြီး အရပ်ဝတ်နဲ့ဝင်လာပြီးမှ ယူနီဖောင်းလဲ ဓာတ်ပုံရိုက်တာလို့ ပြောပါတယ်။

‘’တရုတ်ဘာသာစကား နဲ့ TiK Tok၊ We Chat တွေမှာဝါဒဖြန့်မှုအကြိမ်များစွာ လုပ်ခဲ့တယ်’’ လို့ စစ်ကောင်စီ သတင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်တပ်ထောက်ခံသူတွေကလည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မကျသေးဘူးလို့ တယ်လီဂရမ်နဲ့ Tik Tok မှာ ဆက်တိုက်ဖြန့်ဝေနေကြတာတွေ့ရပါတယ်။

ကိုကန့်တပ် MNDAA ကတော့ လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ဆက်ခံလိုက်ပြီလို့ ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ကြေညာပါတယ်။

လားရှိုးမြို့နယ်ထဲမှာတော့ တိုက်ပွဲတွေဆက်ရှိနေပြီး နှစ်ဖက်လုံးက မြို့ကိုအပြည့်အဝထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့မရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်ထဲရေးဝန်ကြီး နှစ်ကြိမ်တွေ့

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြီးခဲ့တဲ့အပတ်အတွင်း နှစ်ကြိမ်တွေ့

ဓာတ်ပုံ ရင်းမြစ်, Getty Images/MOI

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြီးခဲ့တဲ့အပတ်အတွင်း နှစ်ကြိမ်တွေ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့တဲ့အပတ်အတွင်း နှစ်ကြိမ်တွေ့ခဲ့ကြတယ် လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

‘’အာဇာနည်နေ့မတိုင်ရက်က တစ်ခါတွေ့တယ်။ ဇူလိုင် ၂၁ ရက်မှာ တခါတွေ့တယ်။ နေပြည်တော်အကျဉ်းထောင်ထဲကို (ဒုတိယ)ဗိုလ်ချုပ်ကြီးရာပြည့်က လာတွေ့တာ’’ လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

အကျဉ်းဦးစီးဌာနဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေထိုင်ရေးနဲ့ ကျန်းမာရေးအတွက် ပြည်ထဲရေးဝန်ကြီးက အဓိကတာဝန်ရှိသူဖြစ်ပါတယ်။

NLD အစိုးရလက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တို့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ကြတယ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ခဲ့သူတွေက ပြောပါတယ်။

‘’ပြည်ထဲရေးဝန်ကြီးဟောင်း (ဒုတိယဗိုလ်ချုပ်ကြီး)စိုးထွဋ်ထက်တော့ သူတို့က ပိုရင်းနှီးတာပေါ့’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဆင်းဖြစ်ပြီး NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နဲ့ အပတ်စဉ် တူပါတယ်။

မြန်မာ့အကျပ်အတည်းအတွက် သုံးနိုင်ငံတွဲဖက်ဖြေရှင်းရေးမူ ကို ထိုင်းထပ်အဆိုပြု

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီပွန်ဆာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီပွန်ဆာ

မြန်မာ့အကျပ်အတည်းကို ကြားဝင်ကူညီပေးဖို့ ထိုင်းနိုင်ငံက အသင့်ရှိနေတဲ့အကြောင်း လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

မြန်မာ့အကျပ်အတည်းကိုကိုင်တွယ်ရာမှာ အထူးသဖြင့် မြန်မာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေပါဝင်ရမှာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် အထူးကိုယ်စားလှယ်တွေ၊ အာဆီယံသုံးနိုင်ငံတွဲဖက်ဖြေရှင်းရေး (Asean Troika) နဲ့ သုံးနိုင်ငံအပြင် စိတ်ဝင်စားတဲ့ တခြားအာဆီယံနိုင်ငံတွေ(Asean Troika Plus) အထိပါ ချဲ့ထွင်သင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်က ပြောပါတယ်။

သုံးနိုင်ငံတွဲဖက်ဖြေရှင်းရေးမူဆိုတာ တစ်နှစ်တစ်ကြိမ်အလှည့်ကျယူကြတဲ့ ရှေ့က အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌနဲ့ နောက် ဥက္ကဋ္ဌသစ်တာဝန်ယူမယ့် နိုင်ငံ ၃ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို ဆိုလိုပါတယ်။

ဒီမူကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ မနှစ်ကကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို ပူးပေါင်းဆောင်ရွက်မှ သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ထိရောက်တဲ့ ရလဒ်ရှာဖွေရာမှာ တစ်ဖွဲ့ရဲ့ ကန့်သတ်ချက်၊ မျှော်လင့်ချက်၊ အထိခိုက်မခံမှုနဲ့ လက်ရှိအခြေအနေတွေကိုနားလည်မှာ လို့ မစ္စတာ မာရစ်က ဆက်လက်ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ဖို့ ဆန္ဒမရှိဘူး လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

‘’မြန်မာဟာ သူ့အကျပ်အတည်းကို သူတို့ဘာသာဖြေရှင်းရမှာဖြစ်ပေမယ့် စေ့စပ်ဆွေးနွေးမှုဖြစ်မြောက်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့တော့ ထိုင်းကအသင့်ရှိနေပါတယ်’’ လို့ သူက ထပ်ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီကလည်း မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ဖို့ စိတ်ဝင်စားတယ်လို့ ထိုင်းနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုမှာပြောဆိုခဲ့တဲ့အကြောင်း မစ္စတာ မာရစ်က ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံခဲ့ကြတာသေးတာဖြစ်ပါတယ်။

ထိုင်ဝမ် တိုင်ဖွန်းမှာပျောက်နေတဲ့ မြန်မာကိုးဦးထဲက ငါးဦးပြန်တွေ့

ပျောက်ဆုံးနေတဲ့ မြန်မာလေးဦးကို ရှာဖွေနေတဲ့ Dolphin သင်္ဘောပေါ်က မြန်မာသင်္ဘောသားတွေ

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, ပျောက်ဆုံးနေတဲ့ မြန်မာလေးဦးကို ရှာဖွေနေတဲ့ Dolphin သင်္ဘောပေါ်က မြန်မာသင်္ဘောသားတွေ

ထိုင်ဝမ်ကျွန်းမှာ တိုက်ခတ်နေတဲ့ အင်အားပြင်းမုန်တိုင်းဂမ်မီကြားမှာ ပျောက်ဆုံးနေတဲ့ မြန်မာသင်္ဘောသား ကိုးဦး ထဲက ငါးဦးပြန်တွေ့ပြီလို့ ထိုင်ဝမ်သတင်းတွေက ဖော်ပြပါတယ်။

ဇူလိုင် ၂၅ ရက်မှာ နစ်မြုပ်သွားတဲ့ ကုန်တင်သင်္ဘောပေါ်ကနေ ခုန်ချခဲ့ကြတဲ့ မြန်မာသင်္ဘောသား ကိုးဦးထဲက ပျောက်ဆုံးနေဆဲဖြစ်တဲ့ လေးဦး ကို ကမ်းခြေစောင့်တပ်က ဆက်ပြီးရှာဖွေနေပါတယ်။

ငါးဦးပြန်တွေ့တဲ့အထဲမှာ တစ်ဦးကတော့ အလောင်းပဲပြန်ရပြီး သင်္ဘောကပ္ပတိန်ဖြစ်တယ်လို့ သိရပါတယ်။

ဂမ်မီတိုင်ဖွန်းဟာ ၈ နှစ်အတွင်း ထိုင်ဝမ်ထဲ တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတွေထဲ အပြင်းထန်ဆုံးဖြစ်ပါတယ်။

အစောပိုင်းတုန်းက မုန်တိုင်းဟာ ထိုင်ဝမ်ကို ဖြတ်ကျော်ချိန် လူ ၃ ဦးသေဆုံးပြီး ရာနဲ့ချီတဲ့လူတွေ ဒဏ်ရာရရှိ ထားပါတယ်။

အဲဒီမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တုန်းကတော့ ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးတယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောပါတယ်။

မိုးမောက်နဲ့ မံစီမှာ တိုက်ပွဲပြင်းထန်၊ ဒေသခံတချို့ ပိတ်မိ

KIA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, KIA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ကချင်ပြည်နယ်၊ မိုးမောက်မြို့အခြေစိုက် အမှတ် (၄၃၇) ခြေမြန်တပ်ရင်း ကို ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ အာရက္ခတပ်တော် (အေအေ)လည်း ပါဝင်ပြီး ဇူလိုင် ၂၄ ရက် ကတည်းက တိုက်ခိုက်နေတာလို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

“လေးရက်ရှိပြီပေါ့။ အခုထိ တိုက်နေတုန်းပါပဲ” လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိသလို လေကြောင်းကနေ တိုက်ခိုက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

မိုးမောက်မြို့ရဲ့ အနောက်ဘက် ဗန်းမော်မြို့မှာလည်း မြို့ပြင်မှာရှိတဲ့ ဗန်းမော်တက္ကသိုလ်အနီးမှာ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဇူလိုင် ၂၆ ရက်ကစပြီး စစ်ရေးတင်းမာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပေမယ့် ဗိုလ်မှူးကြီးနော်ဘူကတော့ “ဗန်းမော်မြို့ထဲမှာတော့ တိုက်ပွဲမဖြစ်သေးပါဘူး”လို့ တုံ့ပြန်ထားပါတယ်။

ဗန်းမော်တက္ကသိုလ်အနီးမှာတော့ စစ်တပ်ရော PDF ဘက်ကပါ တပ်စွဲပြီး စစ်ပြင်နေကြတဲ့အနေအထားလို့ PDF ဘက်က ဘီဘီစီကိုပြောပါတယ်။

အလားတူ ဗန်းမော်မြို့ တောင်ဘက်က မံစီမြို့နယ်မှာလည်း KIA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဗန်းမော်မြို့ထဲက ဒေသခံတွေ စစ်ရှောင်မရဘဲ ပိတ်မိနေတဲ့ အခြေအနေလို့ ဗိုလ်မှူးကြီး နော်ဘူက ထပ်ပြီးရှင်းပြပါတယ်။

ဗန်းမော်မြို့က တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီမြို့တို့ ကြားမှာ တည်ရှိတာဖြစ်ပြီး မိုးမောက်မြို့နဲ့ ၁၀ မိုင်ဝန်းကျင်သာ ကွာဝေးပါတယ်။

စစ်ကောင်စီကတော့ ကချင်ပြည်နယ်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ရန်ကုန်၊ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းမှာ ရေကြီးရေလျှံမှုတွေ ဆက်ဖြစ်နေ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ အုတ်တံတိုင်းပြိုကျပြီးနောက် ရှင်းလင်းရေးလုပ်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Services Department

ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ အုတ်တံတိုင်းပြိုကျပြီးနောက် ရှင်းလင်းရေးလုပ်နေတဲ့မြင်ကွင်း

ရန်ကုန်အပါအဝင် ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်းတို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု နဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နေတဲ့အကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်မှာမိုးများနေပြီး စမ်းချောင်းမြို့နယ်ထဲက ကျွန်းတောလမ်းမှာ အုတ်တံတိုင်းပြိုကျလို့ အိမ်စီကား (၆) စီးအပေါ် ပိမိခဲ့ပါတယ်။

တိုက်ကြီးမြို့နယ်က အဖျောက်-ဥတို လမ်းပိုင်းတချို့မှာလည်း ရေကြီးရေလျှံဖြစ်နေပါတယ်။

ဒါ့အပြင် ကွမ်းခြံကုန်းမြို့ထဲက ကညင်ကုန်းကျေးရွာနဲ့ ညောင်နီကျေးရွာတို့မှာလည်း ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ ပြိုလဲပျက်စီးခဲ့ပါတယ်။

မိုးရွာသွန်းတဲ့အချိန် လေပြင်းတိုက်ခတ်မှုတွေကြောင့် မြို့နဲ့ ကျေးရွာတချို့မှာ သစ်ပင်ကြီးတွေ လဲကျပြီး လမ်းပေါ်ပိတ်ဆို့နေသလို နေအိမ်ပေါ် သစ်ပင်ပိတာတွေလည်း ကြုံတွေ့နေရပြီး မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းမှာလည်း မိုးကြီးပြီး ပဲခူးမြစ်ရေ မြင့်တက်လာတာကြောင့် ရပ်ကွက်တချို့မှာ သဲအိတ်တွေနဲ့ တာဖို့နေကြရပါတယ်။

အလားတူ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က လိင်ကုန်းတာတမံ ရေမလျှံမှုစေရေး သဲအိတ်တွေ နဲ့ တာဖို့နေကြရပါတယ်။

မကွေးတိုင်း မင်းဘူးမြို့ ကမ်းနားလမ်းမှာ လေပြင်းတိုက်လို့ သစ်ပင်လဲကျမှုတွေဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ဖယ်ရှားခဲ့ကြရပါတယ်။

နိုင်ငံအနှံ့ တိုင်းနဲ့ပြည်နယ်ဒေသကြီး (၅) ခုထက်မနည်းမှာ ဇူလိုင်နောက်ဆုံးအပတ်အတွင်း ရေကြီးရေလျှံမှုတွေအပြင် ရန်ကုန်တိုင်းအတွင်းမှာတော့ လေဆင်နှာမောင်းတိုက်ခတ်မှုတွေနဲ့ပါ ကြုံတွေ့နေရတာဖြစ်ပါတယ်။

သံတွဲဒေသခံတွေ ရေဘေးလွတ်ရာ အမြန်ဆုံးပြောင်းရွှေ့ကြဖို့ အရေးပေါ်ထုတ်ပြန်

ရခိုင်၊ သံတွဲမှာ ရေကြီးနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရခိုင်၊ သံတွဲမှာ ရေကြီးနေတဲ့မြင်ကွင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့က သူဌေးချောင်းဆည်ရေဟာ စိုးရိမ်ရေမှတ် အနီရောင်အဆင့်ထက် ကျော်လွန်နေတာကြောင့် ဆည်ကျရေစီးကြောင်းတစ်လျှောက်က ရွာတွေမှာ နေထိုင်ကြတဲ့ဒေသခံတွေ ချက်ချင်းပြောင်းကြဖို့ အာရက္ခတပ်တော် (အေအေ) က အရေးပေါ်ထုတ်ပြန်ပါတယ်။

ဒေသခံတွေအနေနဲ့ နီးစပ်ရာ ကုန်းမြင့်နဲ့ ရေဘေးလွတ်တဲ့နေရာတွေကို အမြန်ဆုံးပြောင်းရွှေ့ကြဖို့ အေအေက သတိပေးပါတယ်။

သူဌေးချောင်း ဆည်ကျရေစီးဆင်းတဲ့လမ်းတစ်လျှောက်မှာရှိတဲ့ ချင်းကွင်း၊ ဘုရားမော်၊ ဆူးပုပ်ကုန်း၊ မန်ကျည်းချောင်း၊ တလိုင်းတဲ၊ ရွှေလှေ၊ လင်းသီ၊ ကျောင်းကုန်း၊ ဇီးကျွန်း၊ အောက်နတ်မော်၊ ပြင်ယောင်း၊ သဗြုချိုင်၊ နတ်မော် နဲ့ အင်တိုင်းကြီး အစရှိတဲ့ ရွာက ဒေသခံတွေ အမြန်ဆုံးရွှေ့ဖို့ လိုအပ်တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

သံတွဲမြို့ပေါ်ရပ်ကွက်အားလုံး ရေလွှမ်းနေပြီး ဒီရေကျတဲ့အချိန်လောက်ပဲ ရေခဏပြန်ကျတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မိုးကြီးရင် ရေကပြန်ကြီးမှာပဲ။ ဖုန်းလိုင်းတွေလည်းပြတ်နေတော့ သံတွဲကို ကယ်ဆယ်ရေးတွေ လာဖို့က အရမ်းခက်ခဲတယ်” လို့ သူကဆက်ပြောပါတယ်။

တောင်ကုတ်မှာတော့ “မနေ့ကတော့ ဆန်နဲ့ ထမင်းထုတ်တွေ လိုက်ဝေထားတယ်။ ဒီနေ့လည်း ရသလောက် ကယ်ဆယ်ရေးတွေလုပ်နေတယ်” လို့ တောင်ကုတ်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

ဒါ့အပြင် ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော် ဆက်သွယ်ထားတဲ့ ဂွတောင်ကြားလမ်းပိုင်းတချို့မှာလည်း မိုးရွာသွန်းမှုကြောင့် မြေသားတွေ အက်ကွဲပျက်စီးနေပြီး အချိန်မရွေးပြိုကျနိုင်တာကြောင့် အဲဒီလမ်းပိုင်းကို ဖြတ်သန်းအသုံးမပြုကြဖို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဇူလိုင် ၂၅ ရက်ကစပြီး ရခိုင်ပြည်နယ်ထဲက သံတွဲ၊ တောင်ကုတ်၊ ဂွအပါအဝင် ကရင်ပြည်နယ်က မြဝတီ၊ ဘားအံနဲ့ နိုင်ငံအနှံ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး (၅) ခုထက်မနည်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

သပိတ်ကျင်းမှာ တစ်ပတ်အတွင်း အကြိမ် ၅၀ ထက်မနည်း လေကြောင်းတိုက်ခိုက်ခံရ

ချောင်းကြီးရွာ လေကြောင်းတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Bo Linn Yone

ဓာတ်ပုံ ပုံစာ, ချောင်းကြီးရွာ လေကြောင်းတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ချောင်းကြီးကျေးရွာကို တစ်ပတ်အတွင်း လေကြောင်းကနေ အကြိမ် (၅၀) ထက်မနည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သပိတ်ကျင်းအခြေစိုက် ဗိုလ်လင်းယုန်ပြောက်ကျားတပ်ဖွဲ့ (PDF) က သတင်းထုတ်ပြန်လာပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေအပေါ်ကို ဗုံးကျရောက်ခဲ့တာကြောင့် ဒေသခံတချို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တစ်ပတ်အတွင်း Y-12 လေယာဉ်နဲ့ (၂၆) ကြိမ်၊ Mi-35 လေယာဉ်နဲ့ (၁၄) ကြိမ်၊ တိုက်လေယာဉ်နဲ့ (၁၁) ကြိမ် စုစုပေါင်း ၅၁ ကြိမ် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဇွန်လကုန်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ချောင်းကြီးရွာမှာရှိတဲ့ စစ်ကောင်စီတပ် ရဲစခန်းကို တိုက်ခိုက်ပြီးတဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ မြေပြင်မှာရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် “လူနေအိမ်တွေလည်း ရစရာမရှိအောင် ပျက်စီးကုန်ပြီ” လို့ သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း အသက် (၁၄) နှစ်အရွယ်ကလေးငယ်တစ်ဦး၊ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံတချို့ ကျည်စထိမှန်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဘက်က အတည်ပြုပြောပြပါတယ်။

ရွာခံတွေ စစ်ရှောင်သွားကြလို့ လူသူမရှိတဲ့အိမ်တွေထဲ ဖောက်ထွင်းဝင်ရောက်နေတဲ့အချိန် လက်နက်ကြီးကျပြီး သေဆုံးတဲ့သူတချို့လည်း ရှိတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

ရွာထဲက ဒေသခံအများစုကတော့ ချောင်းကြီးရွာတောင်ပိုင်းက ကျည်တောက်ပေါက်ရွာ၊ လက်ပံလှရွာနဲ့ မန္တလေးမြို့ဘက်ထိ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်ဆို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆင်းလာတာ၊ ဘာမှယူဖို့အချိန်မရဘူး” လို့ ရွာခံကရှင်းပြပါတယ်။

ချောင်းကြီးရွာက ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) တွေထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့ မြောက်ဘက်ခြမ်းမှာ ရှိပြီး စဉ့်ကူးနဲ့ (၁၅) မိုင်ကျော်သာ ကွာဝေးပါတယ်။

စစ်ကောင်စီကတော့ ချောင်းကြီးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။