ဖေဖော်ဝါရီ ၂၂ ရက် ထိပ်တန်းသတင်းများ - မြန်မာက နျူကလီးယားဓာတ်သတ္တုပစ္စည်းတွေကို ရောင်းချဖို့ကြိုးပမ်းမှုနဲ့ ယာကူဇာ ခေါင်းဆောင်ကို အမေရိကန်စွဲချက်တင်

ဓာတ်ပုံ ရင်းမြစ်, Social
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဆီကနေရတဲ့ လက်နက်ထုတ်အသုံးပြုနိုင်တဲ့ နျူကလီးယားဓာတ်သတ္တုပစ္စည်းတွေကို ရောင်းချဖို့ကြိုးပမ်းမှုနဲ့ စွပ်စွဲခံထားရတဲ့ ဂျပန်ရာဇ၀တ်ဂိုဏ်း ယာကူဇာ ခေါင်းဆောင်ကို အမေရိကန်တရားရေးဌာနက စွဲချက်တင်လိုက်ပါတယ်။
တာကီရှီအီဘီဆာဝါဆိုတဲ့အဲဒီယာကူဇာ ခေါင်းဆောင်ဟာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကူးသန်း ရောင်းဝယ်ရေး ပူးပေါင်းကြံစည်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သူဟာ လက်နက်တွေရဖို့ရာအတွက် အီရန်ဗိုလ်ချုပ်ကြီးလို့ ယူဆရသူတစ်ဦးကို နျူကီးယားပါဝင်တဲ့ပစ္စည်းတွေ ရောင်းချဖို့ ကြိုးပမ်းမှုနဲ့ စွဲချက်အသစ်တင်ခံလိုက်ရတာဖြစ်ပါတယ်။
အီဘီဆာဝါက သူ့မှာ နျူကလီးယားပါဝင်တဲ့ပစ္စည်းတွေရှိတဲ့အကြောင်းနဲ့ ယူရေနီယံကို ဝယ်လိုတဲ့သူ ရှိ မရှိကို အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(DEA)ရဲ့ လျှို့ဝှက်သတင်းရင်းမြစ်နဲ့ DEA ရဲ့ အသွင်ယူ ထောက်လှမ်းရေးတစ်ဦးကို ၂၀၂၀ ခုနှစ်မှာ ပြောခဲ့တယ်လို့ စွဲချက်အသစ်မှာ ပြောထားတာတွေ့ရပါတယ်။
အီဘီဆာဝါကို တင်ထားတဲ့စွဲချက်ထဲမှာဖော်ပြချက်အရ အီဘီဆာဝါဟာ Geiger ဓာတ်ရောင်ခြည် တိုင်းတာတဲ့ ပစ္စည်းတွေနဲ့ ဓာတ်ပုံတွေအပြင် “ရေဒီယိုသတ္တိကြွဒြပ်စင်များ သိုရီယမ်နဲ့ ယူရေနီယမ် ပါဝင်မှုကို ညွှန်ပြတဲ့ပစ္စည်းတွေကို ” ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။
အသွင်ယူထောက်လှမ်းရေးဟာ အီရန်ဗိုလ်ချုပ်ကြီးဆိုသူအဖြစ်အသွင်ယူထားတဲ့ လျှို့ဝှက်သတင်းပေးဆီကို ပစ္စည်းရောင်းချနိုင်ရေး အီဘီဆာဝါကို ကူညီဖို့ သဘောတူခဲ့တယ်တာလို့ စွဲချက်အရ သိရပါတယ်။
အီရန်ဟာ "နျူကလီးယားလက်နက်အတွက် လိုအပ်တယ်’’လို့ပြောပြီး အဲဒီပစ္စည်းတွေဟာ နျူကလီးယားလက်နက်အတွက် အသုံးပြုနိုင်ခြင်းရှိ မရှိ အေးဂျင့်က အီဘီဆာဝါကို မေးမြန်းခဲ့လို့ဆိုပါတယ်။
‘’ကျွန်တော်ထင်တာပဲ။ သုံးလို့ရမယ်လို့ ထင်တယ်'' လို့ အီဘီဆာဝါ ကပြောခဲ့တယ်လို့ စွဲချက်ထဲမှာ ဖော်ပြထားပါတယ်။
လက်နက်အတော်များများဝယ်ယူနိုင်ရေး ယူရေနီယံအပါအဝင် နျူကလီးယားပါဝင်ပစ္စည်းတွေကို အီဘီဆာဝါက တစ်ဆင့် အရောင်းအဝယ်လုပ်ဖို့ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့ တစ်ခုရဲ့ အမည်မဖော်လိုသူ ခေါင်းဆောင်တစ်ဦးက ၂၀၂၁ ခုနှစ်တုန်းက သူ့ကို ပြောခဲ့တယ်ဆိုပြီး အီဘီဆာဝါက ပြောထားတယ်လို့လည်း စွဲချက်အသစ်မှာဖော်ပြပါတယ်။
ဗီဒီယိုခေါ်ပြီး စကားပြောထားတဲ့ မှတ်တမ်းတစ်ခုအရ မြန်မာကလက်နက်ကိုင်အဖွဲ့မှာ နျူကလီယားဓာတ်ပါဝင်ပစ္စည်း ကီလိုဂရမ်ထောင်ပေါင်းများစွာရှိပြီး အဲဒီ လက်နက်ကိုင်ထိန်းချုပ်နယ်မြေမှာတင် “နျူကလီးယားပစ္စည်း ၅ တန်အထိ ထုတ်လုပ်နိုင်တယ်” လို့ဆိုပါတယ်။
အဲဒီဗီဒီယိုခေါ်ဆိုမှုအတွင်း၊ DEA လျှို့ဝှက်အေးဂျင့်ဟာ ပွဲစားတွေနဲ့ လက်နက်ကိုင်ခေါင်းဆောင်တို့ သဘောတူထားတဲ့အတိုင်း အီရန်ဆီက လက်နက်နဲ့ ယူရေနီယံ လဲလှယ်နိုင်မယ့်အကြောင်းသဘောတူခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ထိုင်းတရားဥပဒေစိုးမိုးရေးအဖွဲ့ဟာ ပွဲစားတွေနဲ့ အေးဂျင့်တွေကပြတဲ့ နျူကလီးယားနမူနာတွေကို ပြန်လည်ရယူခဲ့ပြီး အမေရိကန်အာဏာပိုင်တွေဆီကို လွှဲပြောင်းပေးခဲ့တယ်လို့ စွဲချက်တင်ထားတဲ့အထဲရေးသားထားပါတယ်။
ပင်လည်ဘူးမြို့မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့ စစ်ကောင်စီတပ်အကြား ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မနေ့ကတည်းက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်လည်း လေကြောင်းနဲ့ ၆ ကြိမ်ပစ်ခတ်ခဲ့သလို ဒီနေ့မှာလည်း တစ်ကြိမ်ပစ်ခတ်သွားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“မနက်က ဂျက်ဖိုက်တာ တိုက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံးတွေ ချလာတယ်။ အခုလောလောဆယ်တော့ တိုက်ပွဲဖြစ်နေတုန်းပါပဲ။ အထိခိုက်ကတော့ ပြည်သူ့ကာကွယ်ရေးဘက်က ၄ ထက်မနည်း ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်လည်း အကျအဆုံးရှိတယ်လို့ သိရတယ်။ တစ်မြို့လုံးကို စစ်တပ် နေရာယူထားတာလေ။ အခုမြို့ နေရာတော်တော်များများကို PDF တွေ စီးမိထားပြီ”လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
ပင်လည်ဘူးမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ရဲစခန်း၊ ဘုရားကုန်း၊ ကျောင်းတိုင်းကုန်း နေရာတွေသာ ကျန်တော့ပြီး အဲ့ဒီနေရာတွေကို ရယူနိုင်ဖို့ ကြိုးစားနေကြတယ်လို့လည်း သိရပါတယ်။
ပင်လည်ဘူးမြို့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကိုင်းတိုင်း(မြောက်ပိုင်း)က ပင်လယ်ဘူးမြို့မှာ ၂၀၂၂ ခုနှစ်၊ ဧပြီလတုန်းကလည်း PDF တွေက ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်မှုဖြစ်ခဲ့ပါတယ်။ အဲဒီရုံးတွေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ကောင်စီဘက်က နောက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပင်လယ်ဘူးရဲ့အခြေအနေ ဘီဘီစီ ရုပ်သံသတင်းတင်ပြချက်ကို ဒီလင့်ခ် မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
မြဝတီကနေ မဲဆောက်အဝင်ကို ထိုင်း တင်းကျပ်

ဓာတ်ပုံ ရင်းမြစ်, တက်ခရိုင်လူဝင်မှုကြီးကြပ်ရေး
မြန်မာနိုင်ငံ၊ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဝင်ရောက်နိုင်တဲ့ ချစ်ကြည်ရေးတံတား အမှတ် ၁ ကနေတဆင့် ဝင်ရောက်မှုကို ထိုင်းဘက်က ပိုတင်းကျပ်လာတယ်လို့ သိရပါတယ်။
အရင်က မြဝတီကနေ မဲဆောက်ကိုသွားရင် မှတ်ပုံတင်နဲ့စစ်ဆေးရေးဂိတ်မှာ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်လုပ်ပြီး ထိုင်းမှာ တစ်ပတ်နေထိုင်ခွင့် အလွယ်တကူ လုပ်လို့ရပေမဲ့ အခုတော့ မဲဆောက်ဘက်ခြမ်း ကနေ အာမခံပေးနိုင်တဲ့သူရှိမှပဲ သွားလာခွင့်ရတော့တယ်လို့ အလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံဘက်က ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်တဲ့ ဖေဖော်ဝါရီ ၁၀ ရက် နောက်ပိုင်းမှာ မြန်မာလူငယ်တွေ ထိုင်းဘက်ကို ပိုပြီးဝင်ရောက်လာကြသလို ထိုင်းဝန်ကြီးချုပ်ကလည်း တရားမဝင် ဝင်ရောက်လာသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောထားပါတယ်။ အဲဒီနောက်ပိုင်း မြန်မာဘက်ကနေ ထိုင်းဘက်ခြမ်းကို ဝင်ရောက်မှုကို ထိုင်းအာဏာပိုင်တွေဘက်က ပိုပြီးတင်းကျပ်လာတာလို့ သိရပါတယ်။
အရင်က မြဝတီကနေ မဲဆောက်ကို လည်ပတ်အပန်းဖြေဖို့၊ ဆေးကုဖို့၊ မိသားစုနဲ့တွေ့ဖို့ စတဲ့ အကြောင်းအရင်းတွေနဲ့ လာဖူးတဲ့သူတွေကိုကလည်း ပုံမှန်ဖြတ်သန်းခ ကျပ် ၂၀၀၀ (ဘတ်ငွေ ၄၀) ထက်ပိုပေးပြီး သွားနေရတယ်လို့ ပြောပါတယ်။
“သွားလာဖူးတဲ့သူတွေဆိုရင် ကိစ္စမရှိဘူး။ တစ်ခါမှ မလာဖူးဘူးလို့ စာရင်းမရှိထားတဲ့သူတွေဆိုရင် စစ်ဆေးရေးဂိတ်ကနေ မဲဆောက်မှာနေပြီး ရက်ပြည့်ရင်ပြန်ပါမယ်ဆိုပြီး အာမခံပေးနိုင်တဲ့သူရဲ့ ဖုန်းနံပတ်နဲ့ လိပ်စာတောင်းတယ်။ တကယ်လို့ မပြန်ဘူးဆိုရင် အာမခံတဲ့သူကို ထုတ်ပေးထားတဲ့ သက်သေခံကတ်တွေ၊ အချက်လက်တွေကိုပါ သိမ်းတယ်၊ အာမခံမယ့်သူမရှိရင် သွားလို့ရမဘူး၊ အဲ့မှာတင် ပြန်လွှတ်တယ်”လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားတွေ အများစုရှိတဲ့ တက်ခရိုင်၊ ရနောင်း၊ ပတ္တရား၊ ချွန်ဘူရီ စတဲ့ နေရာတွေက ဈေးတွေ၊ ဆိုင်တွေကိုပါ စစ်ဆေးနေတယ်လို့လည်း ပြောကြပါတယ်။
ထိုင်းနိုင်ငံမှာ သူတို့နိုင်ငံသားတွေကိုသာ လုပ်ကိုင်ခွင့်ပြုတဲ့ ဈေးဆိုင်ဖွင့်တာ၊ ကားအငှားဝန်ဆောင်မှုလုပ်ငန်း၊ ကျောက်သွေးလုပ်ငန်း၊ ဆံသလုပ်ငန်းတွေကို မြန်မာတွေလုပ်ကိုင်ခွင့်မရှိတာကြောင့် လုပ်ကိုင်တာတွေရှိမရှိ ဖမ်းဆီးအရေးယူနေတာတွေလည်း ပိုများလာတယ်လို့ သိရပါတယ်။
“ဖမ်းမိတဲ့သူတွေကို အရေးယူပြီးရင် မြန်မာဘက်ကို ပြန်ပို့တယ်၊ မြန်မာနိုင်ငံက လူငယ်တွေက အခုတော့ ဒီဘက်ကိုလွတ်အောင် မနည်းထွက်ပြေးလာတာကနေ အဖမ်းခံရပြီး ပြန်ပို့ခံရတော့ သူတို့မှာ မျှော်လင့်ချက်တွေ မဲ့နေရတယ်”လို့ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) မဲဆောက်မြို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်တဲ့နောက်ပိုင်း တရားမဝင် ဝင်ရောက်လာလို့ အဖမ်းခံရတဲ့မြန်မာနိုင်ငံသား ၁၅၀ ကျော်ရှိပြီလို့ ထိုင်းရောက်မြန်မာလုပ်သားတွေ အရေးဆောင်ရွက်ပေးနေ သူတွေက ပြောပါတယ်။
အာဏာသိမ်း သုံးနှစ်အတွင်း ရွှေဆိုင်နဲ့ဘဏ် လုယက်မှု ၈၀ ကျော်ဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံထားရတဲ့ သုံးနှစ်အတွင်း ဘဏ်အဆောက်အဦထဲကို ဝင်ရောက်လုယက်ခဲ့တဲ့ ဖြစ်စဉ် ၂၅ ခုနဲ့ ရွှေဆိုင်ထဲကို ဝင်ရောက်လုယက်တာ ၅၇ ခုရှိတာကြောင့် ဖြစ်စဉ်ပေါင်း စုစုပေါင်း ၈၂ ခုရှိတယ်လို့ အချက်လက်တွေကို စစ်တမ်းကောက်ယူထုတ်ပြန်နေတဲ့ Data For Myanmar ကနေ သိရပါတယ်။
ဘဏ်တွေနဲ့ ရွှေဆိုင်တွေကို ပစ်မှတ်ထားတဲ့ ဓားပြမှုနဲ့ လုယက်မှုတွေဟာ စစ်အာဏာမသိမ်းခင်တုန်းက အဖြစ်နည်းတဲ့ကိစ္စတွေဆိုပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သိသိသာသာ များလာခဲ့တယ်လို့ ဆိုပါတယ်။
ဘဏ်လုယက်မှုတွေက ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း အများဆုံးဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
ရွှေဆိုင်လုယက်ခံရတာတွေကတော့ ၂၀၂၂ ခုနှစ်၊ မေလကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အဖြစ်များခဲ့ပြီး တစ်လကို တစ်ကြိမ် အနည်းဆုံးဖြစ်ပွားနေတာလို့လည်း Data For Myanmar က ထုတ်ပြန်ပါတယ်။
ရွှေဆိုင်လုယက်မှုဟာ မန္တလေးမြို့မှာ အများဆုံးဖြစ်ပွားခဲ့ပြီး ၁၂ ကြိမ် တိတိရှိခဲ့ပါတယ်။ ရန်ကုန်မှာ ၆ ကြိမ်နဲ့ ဖားကန့်မှာ ၃ ကြိမ် ရှိခဲ့သလို စစ်ကိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာလည်း လုယက်မှုတွေဖြစ်ပွားခဲ့ပါတယ်။
အဲဒီထဲမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လတုန်းက လုယက်ခံရတဲ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ထဲက မြတ်မောင်ရွှေဆိုင်လည်း ပါဝင်ပါတယ်။ အခုတော့ အဲဒီရွှေဆိုင်မှာ လုံခြုံရေးတိုးထားတယ်လို့ မြင်တွေ့ရတဲ့အကြောင်း ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
“မြတ်မောင်ရွှေဆိုင်ရှေ့မှာ အရင်က လုံခြုံရေး မတွေ့ဘူး။ အလုခံပြီးနောက်ပိုင်း လုံခြုံရေး အနည်းဆုံး ၅ ယောက်လောက်ရှိတယ်။ ရွှေဝယ်မယ်ဆိုရင် အရင်က မှန်ကောင်တာထဲကို ကြည့်ပြီး လိုချင်တာ ရွေးပြီး ထုတ်ခိုင်းလို့ရတယ်။ အခု မှန်ကောင်တာရှေ့မှာ သံတန်းတွေ ခံထားပြီး မျက်နှာဖော်ရုံလောက်ပဲ ထားထားတယ်။ သူတို့လည်း နောက်ထပ် အလုခံရမှာကြောက်လို့ ပိုပြီး လုံခြုံရေးချလိုက်တာဖြစ်မယ်”လို့ သူက ပြောပါတယ်။
လုယက်သူတွေဟာ လူ တစ်ဦးတစ်ယောက်တည်းကနေ ငါးယောက်နဲ့အထက်အထိ စုဖွဲ့လုယက်တာမျိုးလို့ Data For Myanmar အချက်အလက်တွေက ဖော်ပြပါတယ်။
ရွှေဆိုင်တွေ လုယက်ခံချိန်အတွင်း ရွှေဆိုင်ဝန်ထမ်းနဲ့ ပိုင်ရှင် ၂ ယောက် သေဆုံးပြီး နောက်ထပ် ၇ ယောက် ဒဏ်ရာရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
လုယက်မှုကြောင့် ဖြစ်စဉ်ဖြစ်ပွားတဲ့ရက် ရွှေပေါက်ဈေးနဲ့ တွက်ချက်မှုအရ ခန့်မှန်းခြေ ကျပ်သန်းပေါင်း တစ်သောင်းခွဲလောက် ဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ဘဏ်လုယက်မှု ဖြစ်စဉ်တွေမှာ ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူတာပိုများပေမဲ့ ရွှေဆိုင်လုယက်မှုတွေမှာတော့ ဖြစ်စဉ်ရဲ့ ၂၀ ရာခိုင်နှုန်းကျော်သာ ဖမ်းဆီးအရေးယူတာရှိတယ်လို့ Data For Myanmar က ထောက်ပြပြောဆိုထားပါတယ်။
ရေတာရှည်မှာ စစ်တပ်လေကြောင်းပစ်ခတ်မှု ၄ ဦးသေဆုံး၊ စိုးရိမ်ဒဏ်ရာရသူတွေရှိ

ဓာတ်ပုံ ရင်းမြစ်, CJ
ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်ထဲက ကျေးရွာသုံးရွာကို ဖေဖော်ဝါရီ ၂၁ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာကြောင့် ကလေး နှစ်ယောက်အပါအဝင် ၄ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ရေတာရှည်မြို့နယ်ထဲမှာရှိတဲ့ ပတောက်ကုန်းကျေးရွာ၊ စည်ပိုင်းကျေးရွာ၊ မိချောင်းအိုင်ကျေးရွာတွေကို စစ်ရဟတ်ယာဉ်နဲ့ ၈၁ မမ ဗုံးသီး ၁၂ လုံးခန့် ကြဲချသလို စက်လက်နက်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေါင်းမင်းသား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲက ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတချို့ ဆေးရုံတက်ပြီး ကုသနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
“ဒီနေ့ကတော့ သေဆုံးသွားတဲ့သူတွေကို သင်္ဂြိုဟ်ဖို့ လုပ်နေကြတယ်။ ဒဏ်ရာရသူတွေထဲက စိုးရိမ်ရတဲ့အနေထားရှိလို့ နေပြည်တော်ဘက်က ဆေးရုံကို တင်ထားရတယ်။ အခုက လက်ရှိကျေးရွာမှာ ကျန်ခဲ့တဲ့ ဒဏ်ရာရတဲ့သူတွေလည်း ဆေးဝါးမလုံလောက်တာနဲ့ ကျန်းမာရေးဝန်ထမ်းမရှိတော့ ခက်ခဲနေကြတယ်။ ပြင်းထန်ဒဏ်ရာရထားတဲ့သူတွေကလည်း ငွေကြေးအခက်ခဲတွေရှိနေတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူ ၄ ဦးထဲမှာ အသက် ၈ နှစ်နဲ့ ၁၀ နှစ်အရွယ်ကလေး ၂ ဦးလည်းပါဝင်ပြီး တင်ပါး၊ ကျောပြင်၊ ခြေထောက်နဲ့ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ထိခိုက်ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာလို့ သိရပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲ မဖြစ်ဘဲ အဲဒီကျေးရွာတွေမှာ ကာကွယ်ရေးတပ်တွေ ရှိနိုင်တယ်လို့ ယူဆချက်နဲ့လေကြောင်းပစ်ခတ်တာ ဖြစ်နိုင်တယ်လို့လည်းပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရွာတွေကို မြေပြင်ကနေ စစ်ကြောင်းထိုးတဲ့အခါတိုင်း ကြားဖြတ်တိုက်ခိုက်ခံရတာတွေရှိတဲ့အတွက် အဲ့ဒီအနားက ကျေးရွာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရ တာဖြစ်နိုင်တယ်လို့လည်း မြေပြင် စစ်ရေးအခြေအနေသိသူတွေက ဘီဘီစီကို ပြောပါတယ်။
ရေတာရှည်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကံလှကျေးရွာကို အင်အား ၇၀ လောက်ရှိတဲ့စစ်တပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိသလို ကာကွယ်ရေးအဖွဲ့တွေဘက် ကလည်း ဒဏ်ရာရတာရှိတယ်လို့ ဒေါင်းမင်းသား ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။
စစ်မှုမထမ်းလိုသူတွေကို ကူညီပေးဖို့ တော်လှန်ရေးအင်အားစုတွေ အမေရိကန်ကို တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တိုက်ရိုက်သက်ရောက်မှုကြုံတွေ့ ရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အရေးတကြီးပေးဖို့လိုအပ်နေပြီလို့ တော်လှန်ရေးအင်အားစုတွေက အမေရိကန်အစိုးရဆီ အသနားခံစာပို့ခဲ့ပါတယ်။
စစ်မှုထမ်းဥပဒေကနေ လွတ်မြောက်အောင် တရားဝင်လမ်းကြောင်းကဖြစ်စေ၊ တရားမဝင်လမ်းကြောင်းကနေဖြစ်စေ ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်းနေထိုင်လာမယ့် မြန်မာနိုင်ငံသားတွေအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာအကူအညီတွေ စီစဉ်ပေးဖို့ ဖေဖော်ဝါရီ ၁၉ ရက် ရက်စွဲနဲ့ပေးပို့ခဲ့တဲ့ စာမှာတောင်းဆိုပါတယ်။
"အခုလိုပြေးလာကြရင် ထိုင်းမှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေမှာလူတွေပိုများလာနိုင်မယ်။ လူမှုရေးအကူအညီပိုလိုတယ်။ ဒါကိုပိုပေးဖို့ဆိုရင် အခြားဘတ်ဂျက်ပြဌာန်းချက်မလိုဘူး။ ဘားမားအက် ဥပဒေ အသုံးစရိတ် ကျလာမယ်ဆိုရင် ဒါကိုသုံးလို့ရတယ်ဆိုတာ ထည့်ပြောထားတယ်" လို့ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (LA2M)ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက ဘီဘီစီကို ပြောပါတယ်။
အခုလို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးတာမှာလည်း အမေရိကန်အစိုးရလက်အောက် က အကူအညီပေးရေးအဖွဲ့ (USAID) ကတဆင့် အကူအညီပေးတာကနေ ပိုပြီးထိရောက်မှုရှိအောင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေပါဝင်တဲ့ ညှိနှိုင်းရေးအဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့အတွက်ပါ ပြည်ပရောက်တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားတာဖြစ်ပါတယ်။
အခုလိုတောင်းဆိုစာပေးပို့တာကို အမေရိကန်အထက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးဌာနကနေ အသိအမှတ်ပြုကြောင်း တုံ့ပြန်ထားပြီလို့သိရပေမဲ့ အမေရိကန်အစိုးရဘက်ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ တစုံတရာမှတ်ချက်ပြုပြောဆိုလာတာမတွေ့ရသေးပါဘူး။
အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ထဲ မြန်မာ့အရေးဖြေရှင်းဖို့ တစိတ်တပိုင်းအနေနဲ့ပါတဲ့ ဘားမားအက်(Burma Act)ကို ပြီးခဲ့တဲ့နှစ်က အတည်ပြုထားပေမဲ့ ဒီကနေ့အချိန်အထိ သုံးစွဲခွင့်ပြုဖို့ ဘတ်ဂျက်စာရင်း အမေရိကန်အစိုးရဘက်က အတည်မပြုရသေးပါဘူး။
မြန်မာစစ်တပ်က လူထုအတွက်ပိုကြီးတဲ့ခြိမ်းခြောက်မှုဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစစ်တပ်ဟာ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်တာကြောင့် အင်အားနည်းမှုနဲ့ အင်အားလိုအပ်မှုကို ပြသလိုက်တာဖြစ်ပေမဲ့ တဖက်မှာလည်း လူထုအပေါ် ခြိမ်းခြောက်မှု ပိုကြီးမားလာတယ်လို့ ကုလ လူ့အခွင့်အရေးကျွမ်းကျင်သူက သတိပေး ပြောဆိုလာပါတယ်။
စစ်တပ်ပြုသမျှနုရမယ့်အခြေအနေကြုံလာရတဲ့မြန်မာလူထုကို အကာအကွယ်ပေးဖို့ နိုင်ငံတကာအနေနဲ့လည်း ပိုပြီးခိုင်မာတဲ့တုံ့ပြန်မှုတွေလုပ်ဖို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာကုလအထူးကိုယ်စားလှယ် တွန်အန်ဒရူးစ်က ပြောပါတယ်။
''အင်အားလိုအပ်ချက်နဲ့ အထိနာမှုကြုံနေရပေမဲ့ မြန်မာစစ်တပ်ဟာ အန္တရာယ်အရှိဆုံးဖြစ်နေပါသေးတယ်'' လို့ သူက ပြောပါတယ်။
''စစ်တပ်ဟာ လူငယ်အမျိုးသမီးနဲ့အမျိုးသားတွေကို စစ်ဘက်မှာ တာဝန်ထမ်းခိုင်းဖို့ လုပ်နေချိန်မှာပဲ အင်အားပြင်းလက်နက်ခဲယမ်းတွေကိုသုံးပြီး အရပ်သားတွေအပေါ် တိုက်ခိုက်မှုလည်း တိုးလုပ်လာနေပါတယ်'' လို့လည်း သူက ဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာစစ်တပ်လက်နက်ရရှိနေမှုကို ပိတ်ပင်ဖို့ ပိုတိုး ပိတ်ဆို့ရေး အထူးကိုယ်စားလှယ်က ထပ်မံတိုက်တွန်းထားပါတယ်။
ပြည်တွင်းမှာတော့ စစ်ကောင်စီတပ်က စစ်မှုမထမ်းမနေရဥပဒေကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အသက်သွင်းခဲ့တာကြောင့် စစ်မှုထမ်းအသက်ပြည့်မီတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသမီး၊ အမျိုးသားတွေဟာ ပြည်ပကို ထွက်ခွာဖို့ ခြေလှမ်းလာကြပြီး မန္တလေးမှာဆိုရင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့ တန်းစီကြရင်း လူအုပ်ပိမှုဖြစ်ခဲ့လို့ အမျိုးသမီး ၂ ဦးသေဆုံးခဲ့အထိဖြစ်ထားပါတယ်။













