ဇန်နဝါရီ ၁၃ ရက် ထိပ်တန်းသတင်းများ - ကျောက်မဲမှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency
စစ်ကောင်စီ နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ယာယီအပစ်အခတ်ရပ်စဲထားပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့မှာ ဇန်နဝါရီ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်ကနေစပြီး တအာင်းတပ်-TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ကျောက်မဲမြို့အနီးက ဒေသအခေါ် ငြိမ်းချမ်းရေးကုန်းမှာ ထိတွေ့တိုက်ပွဲဖြစ်နေတာလို့ မြို့ခံတွေကပြောပါတယ်။
TNLA ဘက်ကလည်း တိုက်ပွဲသတင်းထုတ်ခဲ့ပြီး စစ်ကောင်စီက ထိုးစစ်ဆင်လို့ နှစ်နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ငြိမ်ချမ်းရေးကုန်း ကနေ ယာယီ နောက်ဆုတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးနဲ့ တိုက်ခိုက်နေတာကြောင့် ငြိမ်းချမ်းရေးကုန်းအနီးက အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးတာရှိတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကဆိုပါတယ်။
“ရဟတ်ယာဉ်အသံတွေလည်းကြားနေရတယ်” လို့ မြို့ခံက ပြောပါတယ်။
ဒေသအခြေစိုက်မီဒီယာတွေမှာတော့ TNLA က အပစ်အခတ်ရပ်စဲတဲ့ သဘောတူညီချက်မထွက်ခင်ကတည်းက ငြိမ်းချမ်းရေးကုန်းနားမှာ တပ်စွဲနေတာဖြစ်ပြီး ဒီကနေ့မှာ စစ်တပ်ဘက်ကနေ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်နေတာလို့ ဖော်ပြထားကြပါတယ်။
TNLA ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီရဲ့ ၅၀၁-၅၀၂ တပ်စခန်းက အင်အားအလုံးအရင်းနဲ့ TNLA တည်ရှိတဲ့ ငြိမ်းချမ်းရေးကုန်းကို လာရောက်ထိုးစစ်ဆင် တိုက်ခိုက်တာလို့ဖော်ပြထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်ဘက်ကတော့ ဇန်နဝါရီ ၁၁ ရက်ညပိုင်းကစပြီး အပစ်အခတ်ရပ်တဲ့ သဘောတူညီချက်အသက်ဝင်ပြီဆိုပေမယ့် စစ်ကောင်စီတပ်ဘက်က ရှမ်းပြည်နယ်မြောက်ပိုင်းတကြောမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ရှိနေခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ကြေညာထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျောက်မဲမြို့က တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ခင်ဦးမြို့မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် အရပ်သား ၃ ဦးသတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်တပ်က အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အနောက်ဘက်ခြမ်းက ရွာတွေဖြစ်တဲ့ ကျွန်းတောကြီးရွာ၊ မြင်းကျရွာနဲ့ ကားဆိပ်ကျေးရွာတွေကို မနေ့ ဇန်နဝါရီ ၁၂ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အရပ်သား ၃ ဦးကို သတ်ခဲ့တယ်လို့ ရွာခံတွေက ဘီဘီစီကို ပြောပါတယ်။
“မနေ့ က ၁၁ နာရီလောက်မှာ ရွာတွေကို မီးရှို့သွားတာ၊ ၃ ယောက်ကိုလည်း သတ်သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးတဲ့သူတွေထဲမှာ ကျွန်းတောကြီးကျေးရွာက အမျိုးသမီး ၁ ဦး နဲ့ မြင်းကျရွာက သက်ကြီးပိုင်းအမျိုးသား ၂ ဦးပါဝင်ပြီး ကားဆိပ်ကျေးရွာက ဒေသခံ ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူကပြောပါတယ်။
အမျိုးသား ၂ ဦးကတော့ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေသလို ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဆိုပေမယ့် ဘီဘီစီအနေနဲ့ သေဆုံးမှုတွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
စစ်ကြောင်းထိုးပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေဦးဘက်ကို ပြန်တက်လာတဲ့လမ်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ မနေ့ ဇန်နဝါရီ ၁၂ ရက်မှာပဲ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် ခင်ဦးအနောက်ဘက်ခြမ်းက ရွာတွေကို ရေဦးအခြေစိုက် စစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ၁၅ ကြိမ်ထက်မနည်းပစ်ကူပေးခဲ့သလို တိုက်ပွဲအတွင်းမှာလည်း နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ သိရပါတယ်။
ခင်ဦးသတင်းတွေကို ဖော်ပြတဲ့ ဒေသအခြေစိုက်မီဒီယာမှာတော့ စစ်တပ်က ရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သား ၅ ဦးကို သတ်ဖြတ်ခဲ့သလို ကျွန်းတော်ကြီးကျေးရွာက အရပ်သား နေအိမ် ၁၀ လုံးကိုလည်း မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ခင်ဦးမြို့ကအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
မြဝတီက ကျားဖြန့်တွေနှိမ်နင်းဖို့ စစ်ခေါင်းဆောင်နဲ့ ထိုင်းတပ်ချုပ်ထပ်ပြော

ဓာတ်ပုံ ရင်းမြစ်, cincds
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee တို့ အွန်လိုင်းကတဆင့် ဇန်နဝါရီ ၁၃ ရက်မှာ တွေ့ဆုံပါတယ်။
ပြီးခဲ့တဲ့ သုံးလအတွင်း ထိုင်းတပ်မတော်ခေါင်းဆောင်တွေ နဲ့ စစ်ကောင်စီ သုံးကြိမ်မြောက် တွေ့တာလည်း ဖြစ်ပါတယ်။
တပ်မတော်နှစ်ရပ်အကြားဆက်ဆံရေး တိုးမြှင့်ဖို့၊ နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေး နဲ့ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးတွေကို ဆွေးနွေးခဲ့ကြတယ် လို့ စစ်ကောင်စီ က သတင်းထုတ်ပြန်ပါတယ်။
အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီးက အွန်လိုင်းလောင်းကစား နဲ့ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
‘’ဒီဆွေးနွေးချက်တွေက အရင်ကတည်းက ထိုင်းနဲ့ ဆွေးနွေးထားတဲ့ ကိစ္စတွေပါပဲ။ တပ်က ထိုင်းနဲ့ ဆက်ဆံရေးကောင်းနေတယ် ဆိုတာကို ပြချင်တာပါ’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် မနှစ်က နိုဝင်ဘာ ၂၃ ရက်မှာ နေပြည်တော်ကိုရောက်လာပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့ပါတယ်။
အလားတူ ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က နေပြည်တော်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။








