အသရေဖျက်မှု ပြစ်မှုထင်ရှားသူ အိန္ဒိယအတိုက်အခံ ခေါင်းဆောင် ရာဟူး ဂန္ဓီကို ပြစ်ဒဏ်ဆိုင်းငံ့ -သြဂုတ်လ ၄ ရက် ညပိုင်းသတင်းများ

အိန္ဒိယ၊ ရာဟူး ဂန္ဓီ၊ အသရေဖျက်မှု၊ ပြစ်ဒဏ်ဆိုင်းငံ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မတ်လ ၂၃ ရက်နေ့က ပြစ်မှုထင်ရှားခဲ့အပြီး တစ်ရက်အကြာမှာ ရာဟူး ဂန္ဓီ အမတ်နေရာကို လက်လွှတ်ခဲ့ရ
ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံမှာ အသရေဖျက်မှုနဲ့ ပြစ်မှုထင်ရှားခဲ့သူ ထိပ်တန်း အတိုက်အခံခေါင်းဆောင် ရာဟူး ဂန္ဓီကို တရားရုံးချုပ်က ပြစ်ဒဏ် ဆိုင်းငံ့လိုက်ပါတယ်။

ဒီစီရင်ချက်ကြောင့် ရာဟူး ဂန္ဓီဟာ လွှတ်တော်အမတ် အနေနဲ့ ပါလီမန်ကို ပြန်လာခွင့် ရတော့မှာဖြစ်ပါတယ်။

ကွန်ဂရက်စ်ပါတီရဲ့ အမတ် ရာဟူး ဂန္ဓီ ဟာ အခုနှစ်အစောပိုင်းတုန်းက ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး ပါလီမန်မှာ ပါခွင့် မရတော့ပါဘူး။

၂၀၁၉ ခုနှစ်တုန်းက မိန့်ခွန်းပြောစဉ် ရာဟူး ဂန္ဓီက ဝန်ကြီးချုပ် နရန်ဒရာ မိုဒီရဲ့ မိသားစုအမည်နဲ့ ဆက်နွှယ်ပြီး ဝေဖန်ပြောခဲ့မှုတွေက အသရေဖျက် စော်ကားရာ ရောက်တယ်ဆိုပြီး ပြစ်မှုထင်ရှားခဲ့တာပါ။

ဒါ့အပြင် တရားရုံးချုပ်ရဲ့ အခုနောက်ဆုံး ဆုံးဖြတ်ချက်ကြောင့် ရာဟူး ဂန္ဓီအနေနဲ့ လာမယ့်နှစ်မှာ ကျင်းပဖို့ ရှိတဲ့ ပါလီမန် ရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်ခွင့် ရှိလာမှာ ဖြစ်ပါတယ်။

ရုရှားအစိုးရက အတိုက်အခံခေါင်းဆောင် အလက်ဆီ နဗာလ်နီ ကိုနောက်ထပ် ထောင်ဒဏ် ၁၉ နှစ် ချမှတ်

ရုရှား၊ နဗာလ်နီ၊ ထောင်ဒဏ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားအတိုက်အခံခေါင်းဆောင် နဗာလ်နီ အပေါ် စွဲချက်တွေက နိုင်ငံရေးနဲ့ ဆက်နွှယ်နေတယ်လို့ အများက ရှုမြင်

အကျဉ်းကျခံနေရတဲ့ ရုရှားအတိုက်အခံ ခေါင်းဆောင် အလက်ဆီ နဗာလ်နီကို နောက်ထပ် ထောင်ဒဏ် ၁၉ နှစ် ချမှတ်လိုက်ပါတယ်။

မော်စကိုမြို့တော်ကနေ ကီလိုမီတာ ၂၀၀ ကျော်အကွာမှာ ရှိတဲ့ လုံခြုံရေးအတင်းကျပ်ဆုံး ချထားတဲ့ အကျဉ်းထောင်တွင်းက တရားရုံးမှာ သူ့အမှုကို ကြားနာစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ နဗာလ်နီ ဟာ အစွန်းရောက်ဝါဒီ ကွန်ရက်တစ်ခု ဖွဲ့စည်းခဲ့မှု၊ အစွန်းရောက်ဝါဒီတွေရဲ့ လှုပ်ရှားမှုတွေအတွက် ငွေကြေးထောက်ပံ့ခဲ့မှု စတဲ့ စွဲချက်တွေနဲ့ ပြစ်မှုထင်ရှားခဲ့တာပါ။ သူကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။

သူ့ကို ခံဝန်နဲ့ လွှတ်ထားပေးစဉ် စည်းမျဉ်းချိုးဖောက်ခဲ့မှု၊ လိမ်လည်မှု၊ တရားရုံးကို မထီမဲ့မြင်ပြုမှု စတဲ့ စွဲချက်တွေနဲ့ မစ္စတာ နဗာလ်နီဟာ ထောင်ဒဏ် ၉ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။ သူ့အပေါ် စွဲဆိုထားချက်တွေဟာ နိုင်ငံရေးနဲ့ ဆက်နွှယ်နေတယ်လို့ အများက ရှုမြင်နေကြပါတယ်။

၂၀၂၁ ခုနှစ်မှာ ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီးကတည်းက မစ္စတာ နဗာလ်နီကို လူသူခေါင်ခိုက်တဲ့ နေရာတစ်ခုက အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ရုရှား ရေတပ်သင်္ဘောတစ်စင်းကို ဒရုန်းနဲ့ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ ယူကရိန်းပြော

ယူကရိန်း၊ ရုရှားရေတပ်၊ ဒရုန်းတိုက်ခိုက်မှု

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စစ်သင်္ဘောတွေ အပါအဝင် ရုရှား ရေတပ်သင်္ဘောတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု အနည်းဆုံး ၁၀ ခု ရှိခဲ့တယ်လို့ ဘီဘီစီရဲ့ လေ့လာချက်တွေကဆို

ယူကရိန်းအစိုးရက နိုဗိုရော့ဆီယက်စ်ခ် ဆိပ်ကမ်းမှာ ရှိတဲ့ ရုရှား ရေတပ်သင်္ဘောတစ်စင်းကို ထိခိုက်ပျက်စီးသွားအောင် သူတို့ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

TNT ယမ်း တန်ဝက်နီးပါးကို တင်ဆောင်ထားတဲ့ မောင်းသူမဲ့ရေယာဥ် တစ်စင်းကို သုံးပြီး အဲဒီ အိုလီနီဂေါစကီး ဂေါညက်ခ် သင်္ဘောကို တိုက်ရိုက် ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ ယူကရိန်း လုံခြုံရေးအဖွဲ့က ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုပုံထဲမှာ သင်္ဘောရဲ့ ဘေးကို အဲဒီဒရုန်း ထိမှန်သွားပုံကို တွေ့ရပါတယ်။

တခြားဗီဒီယိုတွေထဲမှာလည်း သင်္ဘောတစ်စင်း တိမ်းစောင်းပြီး ရေထဲ မျောပါသွားပုံကို တွေ့ရပါတယ်။

အဲဒီဆိပ်ကမ်းမှာပဲ ဒရုန်းတိုက်ခိုက်မှုတစ်ခုကို ပြန်တွန်းလှန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရုရှားဘက်က အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။

နိုဗိုရော့ဆီယက်စ်ခ် ဆိပ်ကမ်းဟာ ရုရှားအတွက် အဓိက ကုန်စည်တင်ပို့ရာနေရာဖြစ်သလို ပင်လယ်နက်ထဲ စေလွှတ်တဲ့ ရုရှား ရေတပ်သင်္ဘောတွေအတွက် အရေးပါတဲ့ ရေတပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

လူ ၃၀၀ ကျော်သေဆုံးခဲ့တဲ့ သင်္ဘောမှောက်မှုနဲ့ တရားရင်ဆိုင်ဖို့တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို အမေရိကန်နိုင်ငံကနေ လွှဲပြောင်းပေးခဲ့

တောင်ကိုရီးယား၊ ခရီးသည်တင်သင်္ဘော တိမ်းမှောက်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆီဝိုလ် ခရီးသည်တင် သင်္ဘော တိမ်းမှောက်မှုအတွင်း သေဆုံးသူအများစုဟာ လေ့လာရေးခရီးထွက်လာတဲ့ ကျောင်းသားလေးတွေ ဖြစ်

တောင်ကိုရီးယားနိုင်ငံမှာ လူသေဆုံးမှုတွေ ရှိခဲ့တဲ့ ခရီးသည်တင် သင်္ဘော တိမ်းမှောက်ခဲ့မှုနဲ့ ဆက်နွှယ်ပြီး ယူး ဟွန်ကီး ဆိုသူ တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို တရားစွဲဆို အရေးယူဖို့ အမေရိကန်နိုင်ငံကနေ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။

နယူးယောက်မြို့ကနေ လေယာဉ်နဲ့ ပါလာတဲ့ ယူး ဟွန်ကီးကို ဆိုးလ်မြို့ ရောက်ရောက်ချင်း ချက်ချင်း ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

၂၀၁၄ ခုနှစ်က လူ ၃ ရာကျော် သေဆုံးခဲ့ရတဲ့ ဆီဝိုလ် ခရီးသည်တင် သင်္ဘော တိမ်းမှောက်ခဲ့မှုနဲ့ ဆက်နွှယ်ပြီး သူ့ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

သေဆုံးသူအများစုဟာ ကျောင်းလေ့လာရေးခရီးထွက်လာကြတဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

ယူး ဟွန်ကီး ဟာ အဲဒီ ခရီးသည်တင် သင်္ဘောရဲ့ ကုမ္ပဏီကနေ ငွေတွေကို သင်္ဘောဘေးကင်းလုံခြုံအောင် လုပ်ရာမှာ သုံးရမယ့်အစား အလွဲသုံးစားခဲ့မှုနဲ့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။