မြန်မာစစ်အာဏာသိမ်းမှုအောက် ပျောက်ဆုံးနေကြသူများ

ပျောက်ဆုံးနေကြသူတွေ
ရေးသားခဲ့သည်။

မြန်မာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခံရပြီး သေသလား ရှင်သလားမသိဘဲ မိသားစုနဲ့ အဆက်အသွယ်ပြတ်ပျောက်ဆုံးနေသူတွေရှိနေပါတယ်။

ဒီလို အဆက်အသွယ်မရတဲ့အတွက် မိသားစုဝင်တွေ၊ နီးစပ်သူတွေ အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ် နေတာတွေလည်းရှိပြီး အကျိုးအကြောင်း အဆက်အသွယ်ကို အမြန်ဆုံးသိချင်ကြတယ်လို့ ဆိုပါတယ်။

ဘီဘီစီက စုစည်းအတည်ပြုထားနိုင်တဲ့စာရင်းအရ စစ်ကောင်စီတပ်တွေဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေပြီး ပျောက်ဆုံးနေသူက ဒီသုံးနှစ်နီးပါးအတွင်း အနည်းဆုံးငါးဦးထိရှိနေတာပါ။

အဲဒီငါးဦးမှာ လူပုဂ္ဂိုလ် ၃ ဦးအပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့တဲ့ သံဃသမဂ္ဂက အဖွဲ့ဝင်ဆရာတော်တစ်ပါးဖြစ်တဲ့ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂဝံသနဲ့ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးခံခဲ့ရပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)၊ ၅၀၅(က) တို့နဲ့ ထောင်လေးနှစ် ချမှတ်ခံထားရတဲ့ အလင်္ကာကြယ်လို့ အသိများတဲ့ ဆရာတော်ဦးသောဘိတတို့ ပါဝင်ပါတယ်။

သူတို့ ဘယ်သူတွေလဲ၊ ဘယ်လိုပျောက်ဆုံးခဲ့ကြသလဲ

ပျောက်ဆုံးနေကြသူတွေကတော့ ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်က တိမ်းရှောင်နေရာကနေ ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ထောင်နှစ်နှစ် ချမှတ်ခံထားရတဲ့အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ကိုသက်နှင်းအောင်နဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်၊ PDF တပ်ဖွဲ့ဝင် ဒီငြိမ်းလင်းရဲ့ ယောက်ဖတော်စပ်သူ ကိုသိန်းထိုက်ဇော်( ခေါ် ) မော်ဒယ် Harry၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့က အသံတိတ်သပိတ် ဆန္ဒဖော်ထုတ်မှုကို ဓာတ်ပုံရိုက်ရင်း ဖမ်းဆီးခံရပြီးစစ်ကြောရေးမှာ သေဆုံးသွားခဲ့တယ်လို့ မှတ်ယူခံရတဲ့ ဓာတ်ပုံဆရာ ကိုစိုးနိုင်တို့လည်းပျောက်ဆုံးနေသူစာရင်းထဲ ပါဝင်ပါတယ်။

  • ကိုသက်နှင်းအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာ လွတ်ရက်စေ့ပြီး သထုံမြို့ စျေးမသွယ် အကျဥ်းထောင်ကနေ ပြန်လွတ်ရမှာဖြစ်ပေမဲ့ အခုထိမိသားစုထံပြန်ရောက်လာတာမရှိသေးသလို အကျဥ်းထောင်ဘက်ကိုလည်း ဆက်သွယ်စုံစမ်းလို့မရဘူးလို့ နီးစပ်သူတွေကပြောပါတယ်။
  • ကိုသိန်းထိုက်ဇော် ခေါ် ကိုဟယ်ရီကတော့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်မှာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ထဲမှာ ကော်ဖီဆိုင်တစ်ဆိုင်ရှေ့မှာ လူတစ်စုရဲ့ဖမ်းဆီးခေါ်ဆောင်သွားမှုကိုခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်နေသလို လက်ရှိအချိန်အထိ ဘယ်နေရာကိုရောက်နေတယ်၊ ဘယ်သူတွေကဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကို မိသားစုက မသိရှိရဘူးလို့ နီးစပ်သူတွေထံက သိရပါတယ်။
  • ကိုစိုးနိုင်ကတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့က အသံတိတ်သပိတ် ဆန္ဒဖော်ထုတ်မှုကို ဓာတ်ပုံရိုက်ရင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးသွားခဲ့တယ်လို့မှတ်ယူခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ‌တော့ ကိုစိုးနိုင်သေဆုံးပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာခဲ့ပေမဲ့ မိသားစုဝင်တွေကတော့ ဒီကနေ့ အထိ အဲဒီလိုလက်ခံထားတာ မရှိဘူးလို့ ကိုစိုးနိုင်မိသားစုနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"သေသလားရှင်သလားလည်းမသိဘူး။ ဘယ်ရောက်လို့ရောက်နေမှန်းလည်းမသိဘူး။ သတင်းထုတ်ပြန်တာမျိုးလည်းမရှိဘူး။ ကျန်ခဲ့တဲ့သူတွေပေါ့။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနောက် အထူးသဖြင့် သူ့ရဲ့မိသားစုဝင်တွေပေ့ါ။ အမျိုးသမီးနဲ့ သားဖြစ်သူကတော့ ဒီနေ့ဒီအချိန်အထိ သူ ပြန်လာနိုးပြန်လာနိုးနဲ့ မျှော်လင့်နေဆဲပေ့ါလေ။ သေသွားပါပြီလား၊ ဒါမှမဟုတ်ရင် အသက်ရှင်လျက်ပဲရှိသေးသလားဆိုတာကိုလည်း ဘာမှမရေရာတော့ ပြောလို့မရဘူးပေ့ါ" လို့ သူက ပြောပါတယ်။

ကိုသိန်းထိုက်ဇော် ခေါ် ကိုဟယ်ရီ ပျောက်ဆုံးမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ထားပေမဲဲ့ သုံးလနီးပါး ကြာတဲ့အထိ ဘာမှ ရေရေရာရာ သိရှိရတာမရှိဘူးလို့ မိသားစုနဲ့နီးစပ်သူထံက သိရှိရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အသက် ၂၈ နှစ်အရွယ်ကိုဟယ်ရီဟာ မော်ဒယ်အဖြစ် လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင်မျိုးဆက် ဖြစ်တဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်၊ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင် ကိုဒီငြိမ်းလင်းနဲ့ ယောက်ဖတော်စပ်သူလည်းဖြစ်ပါတယ်။

နောက်ထပ်ပျောက်ဆုံးနေသူနှစ်ဦးကတော့ မန္တလေးမြို့ခံ သံဃာတော်နှစ်ပါး ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့တဲ့ မန္တလေးမြို့သံဃသမဂ္ဂက အဖွဲ့ဝင် ဆရာတော်တစ်ပါးဖြစ်တဲ့

  • ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂဝံသ ကတော့ ၂၀၂၃ ခုနှစ်မတ်လမှာ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

ဆရာတော်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့လက္ကပင်ရွာက ဒေသခံရွာသား လေးဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ဖမ်းဆီးသွားပြီးနောက်တစ်ရက်မှာ ပြန်လည်တွေ့ရှိရပါတယ်။

ဒါပေမဲ့ ဆရာတော်ရဲ့ ရုပ်အလောင်းကိုတော့ ပြန်တွေ့ရတာမျိုး မရှိသလို အဆက်အသွယ်လည်းပြတ်တောက်နေပြီး စစ်ကောင်စီဘက်ကလည်း တစုံတရာ သတင်းထုတ်ပြန်တာမရှိပါဘူး။

ဒါ့ကြောင့် ဆရာတော်ဟာ သက်ရှိထင်ရှားရှိနေသလား၊ ပျောက်ဆုံးနေတာလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရှိရပါဘူး။

နောက်တစ်ဦးကတော့ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးခံခဲ့ရပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)၊ ၅၀၅ (က) တို့နဲ့ ထောင်လေးနှစ် ချမှတ်ခံထားရတဲ့

  • ဆရာတော် ဦးသောဘိတ တဖြစ်လဲ ဆရာတော်အလင်္ကာကြယ် ဖြစ်ပါတယ်။

သူဟာ အိုးဘိုထောင်ကနေ လွတ်ရက်စေ့လို့ ပြန်လွတ်လာရမှာဖြစ်ပေမဲ့ မိသားစုထံပြန်ရောက်မလာဘဲ အခု လက်ရှိ အချိန်အထိ အဆက်အသွယ်ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

ခုလို သံဃာတော်နှစ်ပါး ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ အမြန်ဆုံးအဆက်အသွယ် ပြန်ရဖို့ တရားဝင် အကြောင်းကြားစေချင်တယ်လို့ ဆရာတော်ဦးမင်းသုည( ဗုဒ္ဓတက္ကသိုလ် ) က မိန့်ပါတယ်။

"ကိုယ့်ဒကာ ဒါယိကာမတွေ၊ ကျေးဇူးရှင်ပြည်သူတွေ ဒီလိုမျိုး အိမ်တွေမီးရှို့ခံနေရတာ၊ မတရားအသတ်ဖြတ်ခံနေရတာနော်။ ဒါကို ရဟန်းအစစ်တွေမှန်ရင်ပေါ့ဗျာ။ ဒါကိုမလိုလားလို့ မိမိရဲ့ဆန္ဒအတိုင်း ထုတ်ဖော်ပြီးတော့ပြောဆိုတာပဲ။ ဒါကို မတရားဖမ်းဆီးပြီးတော့ သူတို့ (စစ်တပ်) က သတ်ပဲပစ်လိုက်သလား၊ ဘာလုပ်လိုက်တာလဲ၊ ဘယ်နေရာထားတာလဲဆိုတာ ယနေ့ထက်ထိ မတွေ့ရဘူးပေ့ါ။ ဒါကြောင့်မို့ ဒါဟာ နှစ်ပါးလုံးပျောက်ဆုံးနေတာဖြစ်တယ်။ အဲဒီတော့ ဦးပဥ္ဇင်းတို့ သိချင်တာတော့ တရားဝင်အကြောင်းကြားပါ။ ဘယ်မှာရှိနေတယ် ဆိုတာကို တရားဝင် ထုတ်ပြန်ပေးပါလို့တော့ ပြောကြားလိုပါတယ်" လို့ ဆရာတော်က မိန့်ပါတယ်။

အခုလို ပျောက်ဆုံးနေတဲ့ လူပုဂ္ဂိုလ် ၃ ဦးနဲ့ သံဃာတော် နှစ်ပါးအတွက် မိသားစုဝင် ဆွေမျိုးတွေ၊မိတ်ဆွေတွေက စိတ်ပူပန်နေကြသလို အဲဒီထဲက တချို့ မိသားစုဝင်တွေကို စစ်ကောင်စီက နေအိမ်တွေကိုဝင်ရောက်ရှာဖွေတာတွေ၊ ခြိမ်းခြောက်တာတွေ ရှိခဲ့တဲ့အတွက် မိသားစုဝင်တွေ ကိုယ်တိုင် တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုစတင်ကတည်းက စစ်ကောင်စီတပ်၊ စစ်တပ်နဲ့ဆက်စပ်သူတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်အထိဆိုရင် လူပေါင်း ၄၀၂၉ ဦးအထိရှိလာပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၉၈၄၆ ဦးအထိရှိနေတယ်လို့ ပြောထားပါတယ်။