ရုပ်ကြွင်းလောင်စာနဲ့ COP28 ရာသီဥတု ဆွေးနွေးပွဲ - ဒီဇင်ဘာ ၁၃ ညပိုင်း နိုင်ငံတကာ သတင်းများ

dubai

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုပ်ကြွင်းလောင်စာ မသုံးဖို့ တောင်းဆို
ရေးသားခဲ့သည်။

ဒူဘိုင်းမှာ ကျင်းပတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုအရေး ထိပ်သီးဆွေးနွေးပွဲမှာ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်ပေါ်စေတဲ့ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကနေ ပြောင်းလဲကြဖို့ ပထမဆုံးအကြိမ် ကမ္ဘာအဆင့် တောင်းဆိုခဲ့ကြပါတယ်။

ဒါကို သမိုင်းဝင် တောင်းဆိုမှုအဖြစ် ကြိုဆိုကြပြီး ဒီထဲမှာ ဆွေးနွေးပွဲ ဥက္ကဋ္ဌ ဆူလ်တန် အယ်လ် ဂျဘားလည်း ပါပါတယ်။

ဒါပေမဲ့ ဒီကြေညာချက်မှာ ရုပ်ကြွင်းလောင်စာတွေကို စွမ်းအင်စနစ်မှာ သုံးတာကိုသာ ဖော်ပြပြီး ပလတ်စတစ်နဲ့ ဓာတ်မြေသြဇာ ထုတ်လုပ်မှုတွေမှာလို စက်မှုကဏ္ဍမှာ သုံးစွဲမှုကို မဖော်ပြဘူးဆိုပြီး ဝေဖန်တာတွေလည်း ရှိပါတယ်။

ဒီလောင်စာတွေကို လုံးဝ သုံးစွဲမှု မလုပ်ဖို့ တောင်းဆိုတာလည်း မပါပါဘူး။

ရာသီဥတု ပြောင်းတဲ့ဒဏ်ကို ခံရတဲ့ ကျွန်းနိုင်ငံတွေက ကိုယ်စားလှယ်တွေကလည်း အထူး ရှုတ်ချကြပါတယ်။

မာရှယ်ကျွန်းစု နိုင်ငံက ဂျွန်ဆစ်လ်ခ်က ဒီသဘောတူညီမှုကို အပေါက်ဗရပွနဲ့ လှေကို ထုတ်စီးတာနဲ့ တူတယ်ဆိုပြီး ခိုင်းနှိုင်းပါတယ်။

တရုတ်-ဗီယက်နမ် မဟာဗျူဟာရပ်ဝန်း ထူထောင်

vietnam

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗီယက်နမ်တောင်ပိုင်းက ခေတ်မီတဲ့ ဟိုချီမင်းမြို့ကြီး

တရုတ်သမ္မတ ရှီကျင်ပင်းရဲ့ နိုင်ငံတော်ခရီးစဉ် ဒုတိယမြောက်နဲ့ နောက်ဆုံးရက်မှာ ဗီယက်နမ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း အိမ်နီးချင်း နှစ်နိုင်ငံကြား ဒါဇင်နဲ့ချီတဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တွေ ချုပ်ခဲ့ကြပြီး သံတမန်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ကိစ္စတွေ ပါဝင်ပါတယ်။

တရုတ်- ဗီယက်နမ် ဆက်ဆံရေးကို တိုးမြှင့်မယ့် မဟာဗျူဟာ ရပ်ဝန်းကို ထူထောင်ကြောင်း နှစ်နိုင်ငံ ပူးတွဲ ကြေညာခဲ့ကြပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ စက်တင်ဘာလ ခရီးမှာ ဗီယက်နမ်က အမေရိကန်ကို သံတမန်ရေးအရ အမြင့်ဆုံး အဆင့်ထိ တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက် တရုတ်ဘက်က ပိုနီးကပ်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။

ဂါဇာမှာ ကာကွယ်ဆေးတွေပြတ်

gaza

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စစ်ဒဏ်ကြောင့် ကြေမွနေတဲ့ ဂါဇာ

ဂါဇာမှာ ကလေးတွေ အတွက် ထိုးရမယ့် ကာကွယ်ဆေးတွေ ပြတ်တောက်ကုန်ပြီလို့ ဂါဇာ ကျန်းမာရေးဝန်ကြီး ဌာနက ပြောပါတယ်။

ပြည်သူ့ကျန်းမာရေးအတွက် ကပ်ဆိုက်တော့မယ်လို့လည်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက သတိပေးနေကြပါတယ်။

ကာကွယ်ဆေးတွေ အမြန်ပို့ပေးကြဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဟားမတ်စ် အုပ်ချုပ်တဲ့ ဂါဇာ ကျန်းမာရေး ဌာနက တောင်းဆိုထားပါတယ်။

အစ္စရေးနဲ့ စစ်ဖြစ်ပြီးနောက် ဂါဇာ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်း အခြေပျက် ထွက်ပြေးနေရပြီး မသန့်ရှင်းတဲ့ ခိုလှုံရာနေရာတွေမှာ လူတွေ ပြွတ်သိပ်နေကြရပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေနဲ့ ဝမ်းပျက်ဝမ်းလျှော၊ သန်းကိုက်နဲ့ ဝဲစွဲတာလို ရောဂါတွေ အများကြီး ဖြစ်နေတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဂါဇာတောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေပြီး တရက်တည်းနဲ့ အကြိမ် ၂၅ဝ ကျော် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။

အင်မရန်ခန်းကို လျှို့ဝှက်ချက်ဥပဒေနဲ့ စွဲဆို

pakistan

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရာ၀ါပင်ဒီထောင်ရှေ့က အင်မရန်ခန်းအမျိုးတွေ

ပါကစ္စတန် တရားရုံးက ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်းကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။

အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ်က ပို့လိုက်တဲ့ ကြေးနန်းစာပါ အချက်အလက်တွေကို လူအများသိအောင် ဖွင့်ချပြီး သူ့နိုင်ငံရေး အကျိုးအတွက် သုံးတယ်ဆိုပြီး မစ္စတာခန်းကို စွပ်စွဲထားပါတယ်။

မစ္စတာခန်းပါတီက လုပ်ဖော်ကိုင်ဖက်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရှား မာမွတ် ကရက်ရှီကိုလည်း ဒီအမှုနဲ့ပဲ စွဲချက်တင်ထားပြီး နှစ်ယောက်လုံးက စွဲချက်တွေကို ငြင်းဆိုကြပါတယ်။

ပြစ်မှုထင်ရှားရင် တသက်တကျွန်း နဲ့ သေဒဏ်ထိ ကျခံနိုင်လောက်တဲ့ အမှုတွေ ဖြစ်ပါတယ်။

အကျဉ်းကျနေတဲ့ မစ္စတာ ခန်း နောက်နှစ် ရွေးကောက်ပွဲ ဝင်ပြိုင်လို့ မရအောင် တရားစွဲတာလို့ ရှုမြင်နေကြပါတယ်။

အိန္ဒိယလွှတ်တော်ထဲ ၀င်သောင်းကျန်း

india

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အိန္ဒိယလွှတ်တော်ထဲ ခုန်ပေါက်၀င်လာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ပါလီမန် အောက်လွှတ်တော်ကျင်းပနေတုန်း ခန်းမထဲ ခုန်ပေါက်ဝင်လာတဲ့ ဆန္ဒပြသမား နှစ်ယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

ဒီအမျိုးသား နှစ်ယောက်က ဘူးထဲက အဝါရောင် မီးခိုးတွေနဲ့ မှုတ်ဖျန်းခဲ့ပေမယ့် အန္တရာယ်မရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။

အဲဒီနောက် လွှတ်တော်ကို ခဏ နားခဲ့ရပါတယ်။

ပါလီမန်အဆောက်အဦပြင်ဘက်မှာ ဓာတ်ငွေ့ဘူးတွေနဲ့ ဆန္ဒပြနေတဲ့ တခြားလူနှစ်ယောက်ကိုလည်း ဖမ်းထားပါတယ်။

ဒီဆန္ဒပြတဲ့ ရည်ရွယ်ရင်းကို မသိရသေးဘူး ဖြစ်နေပါတယ်။