ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် ကာကွယ်ရေး ဝန်ကြီး ရုရှားမှာ ညီလာခံတက်ဖို့ မော်စကို ရောက်လာ - သြဂုတ်လ ၁၄ ရက် ညနေခင်း သတင်းများ
ယူကရိန်းအရေး ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ အနေအထားကို အများက အာရုံစိုက်နေချိန်မှာ တရုတ်ကာကွယ်ရေး ဝန်ကြီး ရုရှားနိုင်ငံ မော်စကို မြို့ကို ရောက်လာပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ကို ရှုတ်ချဖို့ တရုတ်က ငြင်းဆန်ခဲ့ပေမယ့် တိုင်းပြည်တစ်ပြည်ရဲ့ အချုပ်အချာ အာဏာကို လေးစားရမယ်လို့ တရုတ်က ကြေညာထားတာပါ။
ရုရှားတက်ခွင့်မရတဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆော်ဒီမှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ တရုတ်က အခုလို ပြောကြားခဲ့တာပါ။
တရုတ်ကာကွယ်ရေး ဝန်ကြီး လီရှန်းဖူ ဟာ ရုရှားရဲ့ အရင်းနှီးဆုံးမဟာမိတ် ဘဲလားရုစ်ကို မသွားခင် မော်စကိုက လုံခြုံရေးညီလာခံမှာ မိန့်ခွန်းပြောဖွယ်ရှိပါတယ်။
အာဏာသိမ်းခံလိုက်ရတဲ့ သမ္မတအပေါ် အာဏာသိမ်းအဖွဲ့က တရားစွဲဖို့ ပြင်ဆင်နေပြီ
အာဏာက ဖယ်ရှားခံရတဲ့ သမ္မတ မိုဟာမက် ဘဇွန်းမ်အပေါ် နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲဆိုဖို့ လုံလောက်တဲ့ အထောက်အထားတွေ စုဆောင်းနေတယ်လို့ အာဏာသိမ်းခေါင်းဆောင်တွေက ပြောပါတယ်။
မစ္စတာ ဘဇွန်းမ်နဲ့ အပေါင်းပါတွေဟာ နီဂျဲလုံခြုံရေး ချိုးဖောက်မှုနဲ့ တရားစွဲ ခံရနိုင်တယ်လို့ အာဏာသိမ်းအဖွဲ့ ပြောခွင့်က ဗိုလ်မှူးကြီး အာမဒူ အဗ္ပဒရမန်က ဆိုပါတယ်။
မစ္စတာဘဇွန်းမ်နဲ့ သူ့မိသားစုကို နီဂျဲမြို့တော် နီယာမေက နန်းတော် မြေအောက်ခန်းမှာ ဇူလိုင်လကုန်ပိုင်း လောက်ကတည်းက ထိန်းသိမ်းထားပါတယ်လို့လဲ သူက ပြောပါတယ်။
အနောက်အာဖရိက နိုင်ငံများအဖွဲ့ အီကိုဝက်စ် အဖွဲ့ကတော့ နီဂျဲအရေး အဖြေရှာဖို့ ညှိနှိုင်းဆွေးနွေးရေး လုပ်ဆောင်ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။
ဂျာကာတာ လေထုညစ်ညမ်းမှု ကျောက်မီးသွေးစက်ရုံတွေကြောင့်လို့ သဘာ၀ပတ်ဝန်းကျင်သမားတွေကပြော
အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့တော်မှာ လေထုညစ်ညမ်းမှုကို ဖြေရှင်းနိုင်ဖို့ ကားတွေ ကာဗွန်ထုတ်မှုကို ရှောင်တခင် စစ်ဆေးသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လူဆယ်သန်းကျော် နေထိုင်တဲ့ ဂျာကာတာဟာ လေထုညစ်ညမ်းပြီး ကမ္ဘာမြို့ကြီးတွေထဲ လေအရည်အသွေး အညံ့ဖျင်းဆုံးမြို့တစ်မြို့ ဖြစ်ပါတယ်။
အာဏာပိုင်တွေကတော့ စက်ရုံတွေ၊ ကားတွေကနေထုတ်တဲ့ အန္တရာယ်ကြီးလှတဲ့ ဓါတ်ငွေ့တွေကြောင့်လို့ ထောက်ပြကြပါတယ်။
ဒါပေမဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေကတော့ အဓိက ပြဿနာဟာ ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေကြောင့်လို့ ဆိုပါတယ်။
မိုးကြီး မြေပြိုမှုကြောင့် အိန္ဒိယမှာ လူ ၃၀ နီးပါး သေဆုံး
အိန္ဒိယနိုင်ငံမြောက်ပိုင်း Himachal Pradesh ဟီမာချယ်လ် ပရာဒက်ရှ် ပြည်နယ်မှာ ရုတ်တရက် ရေကြီး၊ မြေပြိုမှုကြောင့် အနည်းဆုံး လူ ၂၉ ယောက် သေဆုံးသွားပါတယ်။
သေဆုံးသူတွေထဲက တချို့ဟာ Shimla ရှင်းမ်လား မြို့တော်မှာ ပြိုကျသွားတဲ့ ဘုရားကျောင်းထဲကဖြစ်ပါတယ်။
လက်ရှိတော့ ကယ်ဆယ်ရေးသမားတွေက ဘုရားကျောင်း အပျက်အစီးပုံထဲ ဆက်လက် ပိတ်မိပြီး အသက်ရှင်ကျန်နေသူတွေကို ကယ်ထုတ်ပေးနေပါတယ်။
နောက်ထပ် မိုးကြီး လာနိုင်တာကြောင့် လူထုအနေနဲ့ အိမ်မှာဘဲ နေကြဖို့ ဒေသန္တရ အာဏာပိုင်တွေက သတိပေးထားပြီး ကျောင်းနဲ့ ရုံးအပြင် စီးပွားရေး လုပ်ငန်းတွေလဲ ပိတ်ထားရပါတယ်။
နေမာ ကို ဒေါ်လာသန်း ၁၀၀ နဲ့ ရောင်းဖို့ PSG သဘောတူ
ပြင်သစ် ဘောလုံးအသင်း PSG ဟာ ဘရာဇီး တိုက်စစ်မှူး နေမာကို ပြောင်းရွှေ့ကြေး ဒေါ်လာ သန်းတရာနဲ့ ဆော်ဒီက Al-Hilal ကလပ်အသင်းဆီကို ရောင်းချဖို့ သဘောတူလိုက်ပါပြီ။
နေမာဟာ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ကမ္ဘာ့စျေးအမြင့်ဆုံး ဖြစ်တဲ့ ဒေါ်လာ သန်း၂၆ဝ နဲ့ PSG ကို ရောင်းချထားတာပါ။
အခုလို သဘောတူလိုက်ပေမယ့် နေမာဟာ ကျန်းမာရေး ဆေးစစ်ချက် အောင်ဖို့ လိုနေပါသေးတယ်။
Al-Hilal အပါအဝင် ဆော်ဒီက လိဂ်အသင်းတွေဟာ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ဘန်ဇီးမား တို့လို နာမည်ကြီး ကစားသမားတွေလို လိုက်လံ ဝယ်ယူလျက်ရှိပါတယ်။