စက်တင်ဘာ ၁၈ ရက် ထိပ်တန်းသတင်းများ - စစ်ကိုင်းမြို့အနီးရွာတွေ ရက်နဲ့ချီစစ်ကြောင်းထိုးခံရ

စစ်ကိုင်းမြို့အနောက်ဘက်က ကျေးရွာတွေကို စစ်တပ်က ရှာဖွေချိန် လက်နက်အချို့တွေ့ထားတယ်ဆိုပြီး တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြနေ

ဓာတ်ပုံ ရင်းမြစ်, PAN

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့အနောက်ဘက်က ကျေးရွာတွေကို စစ်တပ်က ရှာဖွေချိန် လက်နက်အချို့တွေ့ထားတယ်ဆိုပြီး တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြနေ
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်းမြို့တော် စစ်ကိုင်းမြို့အနောက်ပိုင်းက ကျေးရွာတွေဆီကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာ ဒီနေ့အပါအဝင်ဆို ၄ ရက်ထဲ ဝင်လာပြီလို့ ဒေသခံတွေက ဘီဘီစီကို ‌ပြောပါတယ်။

စစ်ကိုင်းမြို့အထွက်က သလွန်ဖြူရွာကို ပြန်လာတဲ့ ဒုရဲအုပ်တစ်ဦးနဲ့ သူ့ဇနီးတို့ သတ်ဖြတ်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်က သလွန်ဖြူ၊ ညောင်ကုန်းနဲ့ တဲကြီးရွာတွေကို စစ်ကြောင်းထိုး ရှာဖွေတာတွေလုပ်နေတာပါ။

‘‘ဟိုနေ့က ငါးထပ်ကြီးဘုရားအနီးက လက်ဖက်ရည်ဆိုင်မှာ လူငယ်တွေအဖမ်းခံရပြီးကတည်းက ညောင်ကုန်းနဲ့ သလွန်ဖြူဘက်ကို သူတို့(စစ်သားတွေ) ဆင်းသွားကြတာ။ ၄ ရက်ရှိပြီ။ ဘုရားကြီးနားက ဆိုင်တွေဆို မဖွင့်ကြတော့ဘူး’’ လို့ ဘုရားအနီးနေထိုင်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ တဲကြီးရွာအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေနဲ့ တပ်ဖွဲ့ဝင်တစ်ဦးကို အသေဖမ်းမိခဲ့တယ်လို့ ဒီကနေ့ညနေပိုင်းမှာပဲ သတင်းတွေ ဖော်ပြနေပါတယ်။

သလွန်ဖြူနဲ့ ညောင်ကုန်းရွာတွေမှာ ဒေသခံအချို့ ဖမ်းဆီးစစ်ဆေးခံနေရပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူ ၇ ဦးရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကို မနေ့ညနေပိုင်းမှာ ပြောထားပါတယ်။

ဒေသတွင်းသတင်းတွေမှာတော့ အင်အား ရာဂဏန်းပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကိုင်းမြို့ အနောက်ဘက် ကပ်လျှက်က သလွန်ဖြူ၊ ညောင်ကုန်း၊ တဲကြီး၊ ခြံကြီး၊ သဖျူး၊ နေပူကုန်း၊ သပြေပင် စတဲ့ ကျေးရွာ ၁၀ရွာခန့်ကို စီးနင်း ပိတ်ဆို့ထားပြီး သေဆုံးသူ ၁၀ ဦးထက်မနည်းရှိလာပြီဖြစ်တယ်လို့ သတင်းဖော်ပြနေကြပါတယ်။

ဒီလူသေဆုံးမှု ပမာဏကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း စစ်ကိုင်းမြို့အနောက်ပိုင်းက အခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မိုးကုတ်နဲ့မူဆယ်မှာ စစ်တပ်နဲ့ TNLA တိုက်ပွဲဖြစ်

TNLA တပ်ဖွဲ့ဝင် တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, TNLA

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) လှုပ်ရှားတဲ့ မန္တလေးနဲ့ရှမ်းပြည်နယ်အစပ် မိုးကုတ်မြို့နယ်ထဲနဲ့ ရှမ်းမြောက် မူဆယ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၃ နေရာဖြစ်ခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်လာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စက်တင်ဘာလ ၁၇ ရက်တုန်းက ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

မူဆယ်မြို့နယ်ထဲမှာဖြစ်တဲ့ တိုက်ပွဲဟာ စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်က ဟိုပေါ်ရွာ၊ နမ့်ကမ်ရွာနဲ့ လွယ်ပတ်ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့တစ်နေ့တည်းမှာပဲ မိုးကုတ်မြို့နယ်၊ ကုန်းစံရွာအနီးက တအာင်းတပ်ရှိရာကို စစ်တပ်က စစ်ကြောင်း ထိုးလာတာကြောင့် ကုန်းစံနဲ့ အထက်ညောင်ကုန်းရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က တိုက်ခိုက်ရေးတိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

‘‘မူဆယ်မြို့နဲ့ ၇ မိုင်ဝေးတဲ့ နမ့်ခမ်းအထွက် ဆိုက်ခေါင်ဘက်မှာဖြစ်တာ။ မူဆယ်ကနေ လက်နက်ကြီးနဲ့ နမ့်ခမ်းဘက်ကိုလှမ်းထုတယ်။ မနေ့ညကအထိလှမ်းပစ်နေတာ။ လက်နက်တွေပစ်တာ၊ တိုက်ပွဲရှိတာဆို ကုန်ကားတွေရောဒေသခံတွေရော တော်တော်အခက်အခဲဖြစ်တယ်။ သူတို့ကိုရှောင်ပြီးသွားရတာရော။ လမ်းမှာစစ်တာရော နဲ့ တော်တော်အဆင်မပြေဘူး’’ လို့ မူဆယ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကျောက်မဲ၊ မူဆယ်အပါအဝင် TNLA တပ်မဟာတွေ လှုပ်ရှားတဲ့နယ်မြေတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲပေါင်း အကြိမ်ရေ ၄၀ ကျော် အထိရှိတယ်လို့လည်း TNLA ဘက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ဒီအတောအတွင်း TNLA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

လက်နက်ခဲယမ်းတွေ့မှုနဲ့ မြန်မာအမျိုးသမီး ၁ ဦးကို ထိုင်းဖမ်း

ဖမ်းဆီးမိတဲ့ ကျည်အိမ်တွေနဲ့ ကျည်တွေ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ဖမ်းဆီးမိတဲ့ ကျည်အိမ်တွေနဲ့ ကျည်တွေ

ထိုင်းနိုင်ငံ၊ ဆန်ခလာဘူရီမြို့နယ်ထဲမှာ မြန်မာအမျိုးသမီးတစ်ဦးကို M16 သေနတ်ကျည်ဆံ ရာချီ၊ ကျည်ကတ် ၂၀ ကျော် လက်ဝယ်တွေ့မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဆန်လာဘူရီမြို့နယ်ထဲက ပုဂ္ဂလိက ပစ္စည်းပို့တဲ့ကုမ္ပဏီကနေ မသင်္ကာစရာ အညိုရောင်အထုပ်တစ်ထုပ်ကို တွေ့ပြီးတဲ့နောက် ရဲကို အကြောင်းကြားခဲ့လို့ အထုပ်ထဲမှာ ကျည်ဆံတွေပါတယ်ဆိုတာကို ရဲက တွေ့ရှိခဲ့တာပါ။

M16 သေနတ်ကျည် အတောင့် ၉၀၀ ကျော်နဲ့ ကျည်ဖြည့်ထားတဲ့ ကျည်ကတ် ၂၀ တို့ကို ရဲက တွေ့ခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ြပပါတယ်။

အဲဒီနောက် အထုပ်ပို့ရမယ့်လိပ်စာမှာ အထုပ်ကို သွားချပြီး စောင့်ကြည့်နေချိန် အမျိုးသမီးတစ်ဦးထွက်လာပြီး အထုပ်ကို လာကောက်ခဲ့တာကြောင့် ရဲက သူ့ကို ဖမ်းဆီးလိုက်တာလို့ သတင်းက ဆိုပါတယ်။

အမျိုးသမီးကတော့ သူ့အိမ်ရှေ့မှာ အထုပ်ချထားတာတွေ့လို့ လာထွက်ကြည့်တာဆိုပြီး ရဲကို ပြောထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ြပပါတယ်။

အခုတော့ အမျိုးသမီးကို ထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့ကပြောသလို တရားမဝင်ပြည်ဝင်မှု၊ ခွင့်ပြုချက်မရှိဘဲ နက်လက်ခဲယမ်းကိုင်ဆောင်မှုတွေနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

ဘယ်လာရုစ်မှာ စစ်ကောင်စီက ကောင်စစ်ဝန်ချုပ်ရုံးဖွင့်

ဘယ်လာရုစ်မှာ စစ်ကောင်စီက ကောင်စစ်ဝန်ချုပ်ရုံးဖွင့်

ဓာတ်ပုံ ရင်းမြစ်, Ministry of Foreign Affairs of the Republic of Belarus

ရုရှားရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့တုန်းက စစ်ကောင်စီရဲ့ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ခဲ့ကြောင်း နှစ်နိုင်ငံလုံးက သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေရဲ့ သုံးရက်တာ ခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးအယ်လယဲနိခ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန်မြှင့်မယ့်အကြောင်းအပါအဝင် နိုင်ငံတကာစာမျက်နှာစာမှာ အပြန်အလှန်ယုံကြည်နားလည်မှုနဲ့ နီးနီးကပ်ကပ်ပူးပေါင်းမယ့်အကြောင်းပါ ပြောဆိုခဲ့ကြပါတယ်။

အထူးသဖြင့် ကုလသမဂ္ဂမျက်နှာစာမှာ ဘယ်လာရုစ်နိုင်ငံရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်နဲ့ စစ်ကောင်စီအတွက် ထောက်ခံမှုတွေကို ကျေးဇူးတင်တယ်လို့လည်း ဦးသန်းဆွေက ထည့်ပြောခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ်ကတည်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့စစ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ချဖို့ မဲပေးချိန်မှာ ဘယ်လာရုစ်နိုင်ငံက ကန့်ကွက်မဲပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်နဲ့ ဘယ်လာရုစ်နိုင်ငံဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်နီးပါးကတည်းက နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ကြပြီး စစ်တပ်အတွက် လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံအဖြစ် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြထားကြပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ ရုရှား - ယူကရိန်းစစ်ပွဲမှာ သူ့နိုင်ငံနယ်စပ်ကို ဖြတ်ပြီး ယူကရိန်းထဲကို ရုရှားတပ်တွေ ဝင်ရောက်ဖို့ ခွင့်ပြုခဲ့သလို ရုရှားရဲ့ နျူကလီယားလက်နက်တွေ သူ့ပိုင်နက်ထဲထားဖို့လည်း ခွင့်ပြုထားခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။