မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ရှင်ဒေဝီ ထောင်ဒဏ်တစ်သက်ချမှတ်ခံရ

မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ရှင်ဒေဝီ

ဓာတ်ပုံ ရင်းမြစ်, Shin Daewe

ဓာတ်ပုံ ပုံစာ, မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ရှင်ဒေဝီ
ရေးသားခဲ့သည်။

မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ရှင်ဒေဝီကို ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်မှာ ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်းတရားရုံးရဲ့ စစ်ခုံရုံးကနေ ထောင်ဒဏ်တစ်သက်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပြောပါတယ်။

ရှင်ဒေဝီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှာ မြောက်ဥက္ကလာ၊ အောင်မင်္ဂလာအဝေးပြေးကွင်းမှာ အွန်လိုင်းကမှာယူထားတဲ့ ရိုက်ကူးရေးဒရုန်းကို သွားယူချိန်မှာ စစ်ဆေးဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၅၀ နှစ်အရွယ် ရှင်ဒေဝီဟာ စစ်ကြောရေးမှာ နှစ်ပတ်ကြာနေခဲ့ရပြီး ရိုက်နှက်စစ်ဆေးမေးမြန်းခံရတဲ့အခြေအနေရှိခဲ့တယ်လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အဲဒီနောက် အင်းစိန်ထောင်တွင်းကို ပြောင်းရွှေ့ခံရပြီး ‌နှစ်လအတွင်းမှာပဲ ထောင်တွင်း စစ်ခုံရုံးက ထောင်ဒဏ်တစ်သက်ချမှတ်လိုက်တာလို့ ထောင်တွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရှင်ဒေဝီကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့ပြီးအခုလိုထောင်ဒဏ် ချမှတ်လိုက်တာလို့ သိရပါတယ်။

'' ဖမ်းမိတဲ့နေရာက စစ်အုပ်ချုပ်ရေးအမိန့်ကြေညာထားတဲ့ မြောက်ဥက္ကလာမြို့နယ်ဆိုတော့ ထောင်တွင်း စစ်ခုံရုံးကနေ အမိန့်ချလိုက်တာပါ။ အမိန့်ချခံရတာကိုလည်း မိသားစုဝင်တွေက ထောင်တွင်း သတင်းရင်းမြစ်တွေကြောင့်သိရတာပါ'' လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

၁၉၈၈ ခုနှစ်ကတည်းက စစ်အာဏာသိမ်းမှုကို ထင်ထင်ပေါ်ပေါ် ဆန့်ကျင်သူ ရှင်ဒေဝီဟာ လူမှုစီးပွားအကျပ်အတည်းကြောင့် ထွက်ပေါ်လာတဲ့ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းအကြောင်း ရုပ်ရှင်မှတ်တမ်းတင်ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ သံဃာတွေ ဦးဆောင်တဲ့မြန်မာပြည်တွင်းက ၂၀၁၇ လူထုဆန္ဒပြမှုကို စစ်တပ်က လက်နက်နဲ့အင်အားသုံး ပစ်ခတ်ခဲ့တဲ့အကြောင်း သူ့မှတ်တမ်းရုပ်ရှင်နဲ့ နိုင်ငံတကာကို သိစေခဲ့တဲ့ အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက မိခင်သတင်းဌာနဒီဗီဘီအတွက် မြန်မာပြည်တွင်းကနေ သတင်းတွေ ပေးပို့သူခဲ့ ဖြစ်ပြီး လူထုကို စစ်တပ်က အင်အားသုံးဖြိုခွင်းချိန်အတွင်းမှာ သူရော၊ ခင်ပွန်းသည်ပါ သီတင်းပတ်ချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ရိုက်ကွင်းတစ်ခုက ရုပ်ရှင်ဖန်တီးသူ ရှင်ဒေဝီ

ဓာတ်ပုံ ရင်းမြစ်, Shin Daewe

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၁၀ ခုနှစ်အထိ သတင်းထောက်လုပ်ခဲ့ပြီးနောက်ပိုင်းမှာ ပရော်ဖ်ဖက်ရှင်နယ်မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်လာပါတယ်။ ၂၀၂၃ အောက်တိုဘာမှာ စစ်တပ်က သူ့ကို မဖမ်းဆီးခင်အချိန်အထိ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။

ရှင်ဒေဝီရဲ့မှတ်တမ်းရုပ်ရှင်အချို့ဟာ ပြည်တွင်းကလူ့အခွင့်အရေးရုပ်ရှင်ပွဲတော်တွေနဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေရရှိထားသူဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ သူရိုက်ကူးခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းက ပညာမသင်ကြားနိုင်တဲ့ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ရဲ့ ဘဝအကြောင်း ၁၅ မိနစ်စာ မှတ်တမ်းရုပ်ရှင် ‘’Now I am 13’’ ဟာ ကိုတာကီနာဘာလူ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ငွေဆု ရရှိခဲ့သလို ၂၀၁၄ ခုနှစ်မှာပြုလုပ်တဲ့ ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။

မန္တလေးဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအကြောင်း ရိုက်ကူးခဲ့တဲ့ "Brighter Future" မှတ်တမ်းရုပ်ရှင်ဟာ Art of Freedom Film Festival ရုပ်ရှင်ပြပွဲမှာ မှတ်တမ်းရုပ်ရှင်ဆုရခဲ့ပါတယ်။

မန္တလေးအခြေစိုက် ပန်းပုဆရာတစ်ဦးရဲ့ ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ''ရာဟုလာ'' မှတ်တမ်းမှတ်တမ်းရုပ်ရှင်ဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ အသိအမှတ်ပြုခံရပြီးထင်ရှားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ ကချင်ဒုက္ခသည်စခန်းအကြောင်း ရိုက်ကူးထားတဲ့ Take Me Home ဟာလည်း ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုရရှိခဲ့တာပါ။

'' သူနေကောင်းအောင်နေမယ်၊ သူ့အမျိုးသားကိုလည်း ကျန်းမာအောင်နေဖို့မှာတယ်။ သူကိုယ်တိုင်လည်းစိတ်ဓာတ်ကြံ့ခိုင်ပါတယ်''လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။