ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူသုံးများတဲ့ တရုတ်ပစ္စည်းတွေ အရင်ထက်စျေးမြင့်လာ
မြန်မာနိုင်ငံကိုလာရောက်ရင်းနှီးမြှပ်နှံရင် အကျိုးမြတ်များမယ်လို့ ရုရှားက အရှေ့စီးပွားရေးဖိုရမ်မှာ စစ်ကောင်စီဥက္ကဋ္ဌပြော
မြန်မာနိုင်ငံကိုလာရောက်ရင်းနှီးမြှပ်နှံရင် အကျိုးမြတ်များမယ်လို့ ရုရှားက အရှေ့စီးပွားရေးဖိုရမ်မှာ စစ်ကောင်စီဥက္ကဋ္ဌပြော မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံလိုသူတွေအဆင်ပြေဖို့ လိုအပ်တဲ့ ဥပဒေတွေပြဌာန်းနေလို့ ပြည်ပရင်းနှီးမြှပ်နှံလိုသူတွေ မြန်မာနိုင်ငံကိုလာရောက်ရင်းနှီးမြှပ်နှံမယ်ဆိုရင် အကျိုးအမြတ်များမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ စက်တင်ဘာ ၇ ရက်က ရုရှားနိုင်ငံမှာလုပ်တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ထည့်သွင်းပြောဆိုသွားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ အရှေ့တောင်အာရှ၊ တောင်အာရှဒေသတွင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေလို့ ဥရောပနိုင်ငံတွေကို ကူးလူးဆက်ဆံရာမှာ အဓိကကျတဲ့နေရာမှာရှိနေတဲ့အတွက် ကုန်သွယ်မှုတွေလွယ်ကူမှာလို့ "စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့်ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ"ခေါင်းစဥ်နဲ့ မိန့်ခွန်းပြောသွားတာပါ။
စစ်ခေါင်းဆောင်က အဲဒီလိုဖိတ်ခေါ်နေတဲ့ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းပြီး တနှစ်နဲ့ရှစ်လကာလအတွင်း နိုင်ငံတွင်းက နိုင်ငံတကာရင်းနှီးမြှပ်နှံမှုတွေ တစစထွက်ခွာနေသလိုဘက်ပေါင်းစုံကစီးပွားရေးအကျပ်တည်းတွေကို ရင်ဆိုင်နေရကြောင်း ပြည်တွင်းပြည်ပအကဲခတ်တွေကထုတ်ပြောထားတဲ့အခြေအနေဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ ကုန်သွယ်ရေးလမ်းကြောင်းမှာ တချို့ နိုင်ငံကြီးတွေဟာ ဘဏာရေးလုံခြုံမှုနဲ့ယှဥ်တွဲဖြစ်ပေါ်လာတဲ့ ဒေါ်လာကို လက်နက်သဖွယ်အသုံးချပြီး နိုင်ငံငယ်တွေဟာဒေါ်လာအနိုင်ကျင့်မှုကိုခံနေရပြီး နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေမှာ နိုင်ငံကြီးတွေကို မလွန်ဆန်နိုင်တဲ့ အခြေအနေရောက်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က မိန့်ခွန်းမှာဆက်ပြောပါတယ်။
ဒါကြောင့် ရုရှားငွေကြေး ရူဘယ်အပါအဝင် တရုတ်ငွေကြေး ယွမ်နဲ့ အိန္ဒိယငွေကြေး ရူပီးတို့ကို အမေရိကန်ဒေါ်လာ အစားထိုးဆောင်ရွက်ပါက မိမိတို့ နိုင်ငံတွေအနေနဲ့ ငွေကြေးအနိုင်ကျင့်ခံရမှု အခက်အခဲတွေကို ကျော်လွှာနိုင်မယ်လို့လည်း သူ့မိန့်ခွန်းမှာဆက်ပြောသွားပါတယ်။
ရုရှားနိုင်ငံ၊ ဗလာဒီဗိုစတော့မြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF) ကိုတက်ရောက်ဖို့သွားတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒီကနေ့ စက်တင်ဘာ ၇ရက်နေ့မှာ ရုရှားသမ္မတ ပူတင်နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။
မြန်မာစစ်ခေါင်းဆောင်ကတော့ ရုရှားနိုင်ငံက သမ္မတပူတင်ရဲ့ခေါင်းဆောင်မှုကြောင့် ထိပ်တန်းနိုင်ငံဖြစ်လာတာလို့ ချီးကျူးပြောဆိုမှုတွေလည်း ထည့်ပြောသွားပါတယ်။
လက်ရှိမှာတော့ မြန်မာရောရုရှားပါနှစ်နိုင်ငံလုံး ကမ္ဘာ့နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကြား ရုန်းကန်နေရချိန်မှာ အခုလိုတွေ့ဆုံမှုဟာအထီးကျန်မှုကြား နှစ်နိုင်ငံဆက်ဆံရေး အရင်ထက်ပိုအဆင့်မြင့်သွားပြီဖြစ်ပြီး ရုရှားနဲ့မြန်မာ ပိုမိုနီးကပ်သွားပြီလို့ သုံးသပ်မှုတွေရှိလာနေပါတယ်။
တောင်ကုတ်မြို့ပေါ်က ဆရာဝန်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး
ရခိုင်ပြည်နယ်၊ တောင်ပိုင်းမြို့နယ်တစ်ခုဖြစ်တဲ့တောင်ကုတ်မြို့ပေါ်မှာပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက ဆရာဝန်တစ်ဦးကို စစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
ဖမ်းဆီးခံရသူဟာ တောင်ကုတ်ဆေးရုံမှာတာဝန်ကျနေတဲ့ ဒေါက်တာ ကျော်သူရထွန်းဖြစ်ပြီးမနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ဇနီးဖြစ်သူကိုဆေးရုံကိုလိုက်ပို့ အပြီး အိမ်ပြန်လာချိန်မှာဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဇနီးဖြစ်သူကပြောပါတယ်။
“မနေ့ကမနက်ပိုင်းမှာ ကျွန်မ ဂျူတီပါတဲ့အတွက် ဆေးရုံကိုလိုက်ပို့ပြီး အပြန် အိမ်နားကိုအရောက်မှာ ဖမ်းသွားတာလို့ ရပ်ကွက်ကလူတွေပြောပါတယ်။ မနက်ပိုင်းက ကျွန်မတို့ထွက်လာတဲ့အချိန်မှာ လူတွေထူးထူးခြားခြား မျက်နှာဖုံးတွေတပ်ထားကြတာ တွေ့ခဲ့ရတယ်။ ညနေပိုင်းအိမ်ပြန်ရောက်လို့ သူနဲ့အဆက်အသွယ်မရတော့မှ အဲ့ဒီလူတွေဖမ်းသွားတာဖြစ်နိုင်တယ်လို့ ယူဆတာပေါ့”လို့ ဒေါက်တာကျော်သူရထွန်းရဲ့ ဇနီးသည်က ပြောပါတယ်။
လက်ရှိမှာ မိသားစုတွေနဲ့လည်း အဆက်အသွယ်မရသလို ဘယ်နေရာကိုခေါ်ဆောင်သွားလည်း ဆိုတာကိုလည်း မသိရတဲ့အတွက်စိတ်ပူစိုးရိမ်နေကြပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်းအကူအညီပေးစေလိုတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
ဒေါက်တာကျော်သူရထွန်းဟာ စစ်တွေမြို့ဇာတိဖြစ်ပြီး တောင်ကုတ်မြို့မှာနေထိုင်ပြီး တာဝန်ကျတဲ့အလုပ်တွေကိုသာလုပ်ကိုင်နေတဲ့ သူဖြစ်ပြီး ဖမ်းဆီးခံရလောက်တဲ့ အထိအပြစ်လုပ်ထားတာမရှိဘူး လို့ ဇနီးသည်က ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် သူ့ကိုဖမ်းဆီးခဲ့ကြသူတွေဟာ တောင်ကုတ်အခြေစိုက် ခမရ ၅၄၄ တပ်ရင်းကဖြစ်ပြီး လာရောက်ဖမ်းဆီးစဉ်မှာ အရပ်ဝတ်တွေဝတ်ဆင်ထားပြီး ဆိုင်ကယ်တွေနဲ့ လာဖမ်းသွားတာလို့ မျက်မြင်တွေ့ရှိသူတွေကလည်းပြောပါတယ်။ဖမ်းဆီးသွားချိန်မှာလည်း အဲ့ဒီဆရာဝန်ရဲ့ကားပေါ်မှာဖမ်းဆီးတဲ့အဖွဲ့က သုံးဦးလိုက်ပါခဲ့ပြီး ဆိုင်ကယ်တွေက ကားရဲ့အရှေ့နဲ့အနောက်ကနေ ဝိုင်းပြီးခေါ်သွားတာတွေ့လိုက်ရတယ်လို့ ဖြစ်စဥ်ကို တွေ့မြင်လိုက်တဲ့ ရပ်ကွက်နေပြည်သူတွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာလည်း မြေပုံမြို့မှာ တာဝန်ကျနေတဲ့ ဆရာဝန်တစ်ဦးကိုဆေးရုံဝန်းအတွင်းမှာရှိတဲ့ နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးသေဆုံးတဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။
ရခိုင်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား နှစ်ဘက်အပစ်ခတ်ရပ်စဲထားပြီး တစ်နှစ်ကျော်အကြာမှာတော့ စစ်ကောင်စီဘက်က အေအေတပ်ဖွဲ့ဝင်တွေနဲ့ အကူအညီပေးသူတွေကို လိုက်လံဖမ်းဆီးမှုတွေပြုလုပ်လာတာကြောင့် နှစ်ဘက်တင်းမာမှုတွေစတင်ခဲ့ကြပါတယ်။
အဲ့ဒီနောက် အေအေဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ဖမ်းဆီးခဲ့ရာမှာတော့ နှစ်ဘက်အဖွဲ့အစည်းတွေအကြား အပြန်အလှန်ဖမ်းဆီးမှုတွေရှိလာခဲ့ပြီး အရပ်သားအများအပြားလည်း ဖမ်းဆီးခံခဲ့ကြရပါတယ်။
ပြီးခဲ့မေလလောက်ကစလို့ ပလက်ဝနဲ့ မောင်တာမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး အခု စက်တင်ဘာလအတွင်း မြောက်ဦးမှာ အရပ်သားတစ်ဦးနဲ့ တောင်ကုတ်မှာ ဆရာဝန်တစ်ဦးတို့ကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မြေပုံမြို့ပေါ်မှာ နတလရုံး မိုင်းခွဲခံရ ပစ်ခတ်မှုတချို့ရှိခဲ့ကြောင်း မြို့ခံတွေပြော
ရခိုင်ပြည်နယ် မြောက်ပိုင်း မြေပုံမြို့ပေါ်မှာ စက်တင်ဘာ ၇ ရက် ဒီကနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်က မိုင်းပေါက်ကွဲသံတွေကို ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး ပစ်ခတ်မှုတချို့လည်းရှိခဲ့တယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
အဲ့ဒီမိုင်းပေါက်ကွဲမှုဟာ မြေပုံမြို့ပေါ်နဲ့ တစ်မိုင်ခန့်အကွာ ကံသာထွက်ဝရပ်ကွက်အတွင်းက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ရုံးမှာပေါက်ကွဲခဲ့တာဖြစ်ပြီး အဲ့ဒီမှာစခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် နတလရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးတာတွေရှိတယ်လို့ သတင်းကြားသိရပေမယ့် ဘယ်နှစ်ယောက်သေဆုံးခဲ့တယ်ဆိုတာကို မသိရဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“မနက်ပိုင်း ၁၀ နာရီခွဲကျော်လောက်မှာပေါက်တာပါ။ မိုင်းသုံးလုံးပေါက်တယ်။ နတလရုံးမှာရှိတဲ့ စစ်တပ်ကိုမိုင်းဆွဲ တိုက်ခိုက်တာလို့သိရတယ်။ အဲ့ဒီရုံးမှာက စစ်တပ်က အခိုင်အမာစခန်းချထားတာ။ အသေအပျောက်တွေလည်းရှိ တယ်လို့တော့ကြားတယ်ဗျ။”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မြေပုံမြို့နယ်ဟာ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေအခြေစိုက်တည်ရှိတဲ့မြို့နယ်တစ်ခုမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်က ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာ အခုလို စစ်ကောင်စီတပ်တွေက မြို့နဲ့အနီးဝန်းကျင်နေရာတွေမှာ အခိုင်အမာစခန်းချနေရာယူထားကြတာဖြစ်တယ်လို့ သိရပါတယ်။
ပေါက်ကွဲသံတွေနဲ့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံတွေကို အဆက်မပြတ်ကြားခဲ့ရတဲ့အတွက် မြို့တွင်းဈေးဆိုင်တွေပိတ်သိမ်းလိုက်ကြပြီး စာသင်ကျောင်းတွေကိုပါ ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
မြို့တွင်းမှာတော့ လူတွေအသွားအလာအနည်းငယ်ခန့်တွေ့နေရသေးပေမယ့် စစ်တပ်က မြို့တွင်းဝင်ရောက်လာပြီး စစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်လာနိုင်တာကြောင့် စိုးရိမ်မှုတွေရှိနေကြတယ်လို့ ဆိုပါတယ်။
မြေပုံမြိုနယ်အတွင်းမှာ စစ်ကောင်စီနဲ့အေအေတို့အကြား နှစ်ဘက်အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ကတစ်ကြိမ် ဝက်ခေါင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီးနောက် အခုတစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လာမယ့် တစ်နှစ်အတွင်းတော်လှန်ရေးရဲ့အဆုံးအဖြတ်ကိုရယူမယ်လို့ နိုင်ငံတဝန်းအရေးပေါ်ကြေညာချက်ထုတ်တာ တနှစ်ပြည့်တဲ့နေ့မှာ NUG ပြော
စစ်ကိုင်းနဲ့ မကွေးက ဒေသကာကွယ်ရေးတပ်တွေ NUG ရဲ့ အထောက်အပံ့နဲ့ချိတ်ဆက်မှုတွေပိုမျှော်လင့်နေကြတယ်လို့ ဆို
ပြီးခဲတဲ့ ၂၀၂၁ စက်တင်ဘာ ၇ ရက် က စပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူလူထုရဲ့ ခုခံတွန်းလှန်စစ်ကို စတင်ဖို့ NUG ကနိုင်ငံတဝန်းအရေးပေါ် ကြေညာချက်ထုတ်ခဲ့တာ ဒီကနေ့ စက်တင်ဘာ၇ ရက်မှာတော့ တနှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။
တနှစ်တာကာလအတွင်းမှာ NUG ရဲ့ ကွပ်ကဲမှုအောက်က စစ်ဒေသအဆင့်နဲ့ ခရိုင်အဆင့် ဖွဲ့စည်းမှုတွေနဲ့ ဒေသတွင်း PDF တွေ၊ ပကဖတွေနဲ့ LDF တွေ စုစည်းပြီးအဆင့်ဆင့် ထိန်းကျောင်းကွပ်ကပ်မှုတွေ လုပ်ဆောင်နိုင်ပြီလို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကထုတ်ပြန်ပြောဆိုပါတယ်။
အခုလိုတနှစ်အတွင်း စစ်အာဏာသိမ်းဆန့်ကျင်မှုတော်လှန်ရေး ရေခံမြေခံကောင်းတွေကို ဆောင်ရွက်ပြီးဖြစ်လို့ လာမယ့် နှစ်ဟာ တော်လှန်ရေးတွက်အရေးအကြီးဆုံးဖြစ်သလို တော်လှန်ရေးအတွက်အဆုံးအဖြတ်ကို ရယူဖို့စိတ်ပိုင်းဖြတ်ထားတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
ဒီတစ်နှစ်ကာလအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က လက်နက်တပ်ဆင်ရေးတွက် အဓိကတောင်းဆိုနေကြပြီး ရန်ပုံငွေရရှိမှုပေါ် မူတည်ပြီး လက်နက်တပ်ဆင်မှုတွေကိုလုပ်ဆောင်နေပေမယ့် အကန့်အသတ်တွေရှိနေသေးတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
တဖက်မှာလည်း စစ်ကိုင်းနဲ့ မကွေးမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အထောက်အပံ့တွေရရှိဖို့ ပိုပြီးမျှော်လင့်တယ်လို့ စစ်ကိုင်းနဲ့ မကွေးမှာရှိတဲ့ ဒေသကာကွယ်ရေးမဟာမိတ်တပ်တွေကပြောပါတယ်။
‘’ အညာကလူတွေကတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနအပေါ်မှာ အများကြီးမျှော်လင့်တယ်။ သူတို့မျှော်လင့်သလောက်တော့ NUG ဆီကရတာနည်းနေသေးတယ်။ လက်နက်ခဲယမ်းကအစ တပ်ရင်း ကုတ်နံပါတ်တွေ အတည်ပြုတဲ့ ကိစ္စကအဆုံးပေါ့။ ဒီမှာက Local PDF တွေပိုပြီးအားကောင်းတယ်။ သူတို့က D Day မခေါ်ခင်ကတည်းက တူမီးနဲ့ လက်လုပ်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ကြတာ။ အခုထိလည်းတိုက်နေတုန်းပဲ။ သူတို့ကိုကာကွယ်ရေးဝန်ကြီးဌာနက ပိုပြီး နီးနီးကပ်ကပ် ပံ့ပိုးသင့်တယ်လို့မြင်တယ်။ အခုလည်းထောက်ပံ့နေတဲ့ လမ်းစတွေရှိလာပြီ ဆိုပေမယ့် အခုမှစရုန်းကန်ပြင်ဆင်နေရတယ်လို့မြင်တယ်။ သူတို့က အဆင့်ဆင့်ကွပ်ကဲမှုတွေနဲ့ အချိန်တစ်ခုသွားနိုင်ရင်အားသာနိုင်တဲ့ စစ်ရေးတိုက်ပွဲတွေဖြစ်လာနိုင်တယ်’’ လို့ အညာဒေသမှာ ဖွဲ့စည်းထားတဲ့ 96 Soldiers – PDF အဖွဲ့ဦးဆောင်သူ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ NUG ရဲ့နိုင်ငံတဝန်းအရေးပေါ် ကြေညာချက်အပြီးမှာလည်း စစ်ကောင်စီက စစ်ကိုင်းနဲ့ မကွေးတိုင်းဘက်ကို စစ်ဆင်ရေးတွေပိုတိုးလုပ်ဆောင်ခဲ့ပြီး စစ်ကြောင်းထိုးတာတွေ ပိုပြီး လုပ်ခဲ့တဲ့ အခြေအနေကိုလည်းတွေ့ခဲ့ရပါတယ်။
ဒီကြေညာချက်အပြီးမှာတော့ ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ တည်ငြိမ်မှုကို လိုလားတဲ့ ပြည်သူတွေရဲ့ ပူးပေါင်း ကူညီမှုနဲ့ PDF တပ်ဖွဲ့ဝင်တွေကို ဖော်ထုတ် ဖမ်းဆီးတာ၊ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းတာတွေ လုပ်နိုင်တာကြောင့် NUG ဘက်က အရှိန်ပြန်မြှင့် လိုတဲ့အတွက် အခုလို ကြေညာတာ ဖြစ်တယ်လို့လည်း အဲဒီအချိန်က စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
NUG ရဲ့ ခုခံစစ်အရေးပေါ်ကြေညာချက်နောက်ပိုင်းမှာလည်း နိုင်ငံတစ်ဝန်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေနဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ အခုချိန်ထိ အရှိန်လျော့ဘဲ ဆက်ရှိနေဆဲဖြစ်တာကိုလည်း တွေ့ရပါတယ်။
မြန်မာစစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတပူတင်တို့တွေ့ဆုံ
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ရုရှားနိုင်ငံ၊ ဗလာဒီဗိုစတော့မြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) အတွင်း ဒီနေ့ သီးခြားတွေ့ဆုံဆွေးနွေးထားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတပူတင်တို့ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဆက်ဆံရေးနဲ့ နိုင်ငံတကာအခြေအနေတွေကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားဘက်ကတော့ မြန်မာဟာ ရုရှားအတွက် ရေရှည်ယုံကြည်စိတ်ချရတဲ့မိတ်ဖက်ဆိုပြီး သမ္မတပူတင်က တွေ့ဆုံချိန်မှာ ပြောဆိုထားပါတယ်။
နျူကလီးယားဓာတ်ပေါင်းဖိုတွေ တည်ဆောက်နိုင်မယ့် သဘောတူညီချက်ကို ရုရှားနဲ့စစ်ကောင်စီလက်မှတ်ထိုး
လျှပ်စစ်ဓာတ်အားထုတ်နိုင်မယ့် အသေးစားနျူကလီးယားဓာတ်ပေါင်းဖိုတွေ တည်ဆောက်နိုင်ရေး အစပျိုးသဘောတူညီချက်တစ်ခုကို ရုရှားနိုင်ငံပိုင် Rostam နျူကလီးယားဓာတ်အားကုမ္ပဏီနဲ့ မြန်မာစစ်ကောင်စီတို့ မနေ့ စက်တင်ဘာလ ၇ ရက်မှာ လက်မှတ်ထိုးလိုက်ပါတယ်။
ရုရှားနိုင်ငံ၊ ဗလာဒီဗိုစတော့မြို့မှာ ကျင်းပနေပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်နေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)မှာ အဲဒီကုမ္ပဏီညွှန်ကြားရေးမှူးချုပ်၊ စစ်ကောင်စီလက်အောက်လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးသောင်းဟန်၊ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဦးမျိုးသိန်းကျော်တို့က လက်မှတ်ရေးထိုးခဲ့တာလို့ သိရပါတယ်။
အဲဒီသဘောတူညီချက်ဟာ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့အသုံးပြုရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလမ်းပြမြေပုံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ''ဒီလမ်းပြမြေပုံကြောင့် နျူကလီးယားကဏ္ဍမှာ ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုအတွက် နောက်ထပ်ခြေလှမ်းတွေပေါ်ထွန်းလာစေမှာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ နျူကလီးယားဓာတ်ပေါင်းဖိုငယ်တွေ ဆောက်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ ဥပဒေကြောင်းအရ မူဘောင်တစ်ရပ်ဖြစ်ထွန်းရေး အထောက်အကူဖြစ်စေမှာဖြစ်သလို သင်တန်းပေးတာ၊ နောက် မြန်မာမှာ လူထုက နျူကလီးယားစွမ်းအင်ကို လက်ခံလာရေးမှာ တိုးတက်အောင်လုပ်မယ့် အပိုင်းတွေလည်း ပါဝင်''တယ်လို့ Rosatom ကုမ္ပဏီဘက် ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ရုရှားနိုင်ငံကို ခရီးသွားရောက်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်ဟာ သူ့ခရီးစဥ်အတွင်း ရုရှားနိုင်ငံပိုင် Rosatom ကော်ပိုရေးရှင်းကို သွားရောက်ပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး သိပ္ပံနဲ့သုတေသန စမ်းသပ်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ စက်မှုကဏ္ဍတွေမှာ အသုံးပြုဆောင်ရွက်နိုင်မယ့် အခြေအနေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားဖူးပါတယ်။
အိမ်မဲမြို့မှာ EPC ရုံးပေါက်ကွဲမှုဖြစ်ပြီး လူဆယ်ချီဖမ်းဆီးခံရ
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ညပိုင်းက EPC ရုံး မှာပေါက်ကွဲမှုဖြစ်ခဲ့ပြီး နောက်ပိုင်း ဒေသခံတချို့ကို နေအိမ်တွေမှာလိုက်လံဖမ်းဆီးခဲ့လို့ လူ ၃၀ ထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
‘’ည ၉နာရီကျော်လောက်က ပေါက်တာ၊ ပေါက်ကွဲမှုအပြီး အနီးက လူတွေကိုဖမ်းသလို တချို့နာမည်ထွက်တဲ့ လူတွေ ဆန္ဒပြတုန်းကပါတဲ့ လူတွေ၊ NLD မဲဆွယ်တဲ့နေရာမှာ ပါတဲ့ လူတွေကို အိမ်တွေမှာလိုက်ဖမ်းတာ အယောက် ၃၀ လောက်ရှိတယ်။ တချို့ကိုလည်းပြန်လွှတ်တယ် ဒီနေ့အထိ ဆက်ဖမ်းပြီး စစ်နေတဲ့လူတွေလည်းရှိတယ်’’ လို့ အိမ်မဲဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီပေါက်ကွဲမှုဟာဆိုရင်အိမ်မဲမြို့နယ်အတွင်းစစ်အာဏာသိမ်းပြီးနောက်ပထမဆုံးအကြိမ်ပေါက်ကွဲမှုဖြစ်တာဖြစ်ပြီး အိမ်မဲမြို့က မြိုပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ အိမ်မဲ ပကဖက လုပ်ဆောင်တာဖြစ်တယ်လို့ ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန ကို အိမ်မဲ ပကဖက ပြောဆိုထားပါတယ်။
အိမ်မဲမြို့မှာတော့ စစ်အာဏာသိမ်းပြီးကတည်းက စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေက မီတာခတွေမပေးဆောင်ဘဲ ဆန့်ကျင်တာတွေရှိသလို မီတာမဆောင်လို့ မီးဖြတ်ခံရသူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြို့နယ် EPC ရုံးဟာ စစ်ကောင်စီကို အဓိကငွေရှာပေးနေတဲ့ ဒေါက်တိုင်တွေထဲပါလို့ ဖောက်ခွဲသတိပေးခဲ့တာဖြစ်ပြီး အလားတူဧရာဝတီတိုင်းမြောင်းမြမြို့နယ်မှာလည်း ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်နဲ့ ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်မှာ ဖောက်ခွဲမှုတွေလုပ်ခဲ့တယ်လို့ ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန မှာ ဖော်ပြထားပါတယ်။
ရွှေပြည်သာမှာ ရာအိမ်မှူးတစ်ဦးပစ်ခတ်ခံရပြီးသေဆုံး
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ မဟာမြိုင်လမ်းမမှာရှိတဲ့ ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲကို မနေ့ စက်တင်ဘာ ၆ ရက်ညပိုင်းက ဝင်ရောက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပန်းခြံ၄ရပ်ကွက်၊ ရာအိမ်မှူး ဦးအောင်ထူးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ည ၇နာရီလောက်က ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်းမှာ ရာအိမ်မှူးဦးအောင်ထူးကတော့ သေဆုံးခဲ့ကာ ရုံးအဖွဲ့ဝင်တချို့လည်း ဒဏ်ရာရခဲ့တယ်လို့ ပစ်ခတ်မှုကိုလုပ်ဆောင်တယ်ဆိုတဲ့ ရွှေပြည်သာမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ YUGA_ MO7 Eagles ကထုတ်ပြန်ထားပါတယ်။ ‘’ ရာအိမ်မှူး ဦးအောင်ထူးကတော့သေဆုံးသွားတယ်။ သူကရပ်ကွက်ထဲ အာကျယ်အာကျယ်လုပ်တဲ့အထဲတော့ ပါတယ်။ ဆိုင်ကယ်ဖမ်းရင်လည်းပါတယ်။ သတင်းပေးဟုတ်မဟုတ်တော့ အတည်မပြုနိုင်ပါဘူး’’ လို့ ရွှေပြည်သာဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင်ပစ်ခတ်မှုအပြီးမှာလည်း အနီးမှာရှိတဲ့ အလယ်တန်းကျောင်း အနီးမှာတွေ့သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ရွှေပြည်သာမြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့မှာ အမျိုးသမီးရာအိမ်မှူး တစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့သလို သြဂုတ် ၁၉ ရက်မနက်ပိုင်းမှာလည်း ရာအိမ်မှူး ဦးဝင်းဇော်ဟာ ပစ်ခတ်ခံရပြီး နေရာမှာပဲ သေဆုံးခဲ့တဲ့အကြောင်း ဒေသခံတွေကပြောဆိုထားပါတယ်။ အခုလိုပစ်ခတ်သေဆုံးမှုတွေမတိုင်ခင်မှာလည်း သြဂုတ် ၁၂ ရက်နေ့ ညပိုင်းမှာ ရွှေပြည်သာမြို့နယ်အတွင်းက ၁၀ ရပ်ကွက်ရုံးနဲ့ အုပ်ချုပ်ရေးမှူး အိမ်အနီးမှာ နှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး တစ်ဦး ဒဏ်ရာရတဲ့ဖြစ်စဥ်ဖြစ်ခဲ့ပါတယ်။ ရာအိမ်မှူးတွေပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး မြို့ပြပြောက်ကျားအဖွဲ့တွေကတော့ သူတို့လုပ်ဆောင်တာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာပဲ စစ်ကောင်စီခန့် အုပ်ချုပ်ရေးရုံးတွေက အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးတွေအပါအဝင် အုပ်ချုပ်ရေးပိုင်းက လူ၉ယောက်ထပ်မနည်းပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ အကြောင်း ဘီဘီစီရဲ့ အခုလအတွင်းသတင်းစုစည်းချက်တွေအရသိရပါတယ်။ တဖက်မှာလည်း မြို့ပြပြောက်ကျားလူငယ်တွေနဲ့ စစ်အာဏာသိမ်းသပိတ်ဆန့်ကျင်ရေးမှာပါဝင်သူတွေကိုစစ်ကောင်စီကဆက်တိုက်ဖမ်းဆီးမှုတွေ လုပ်နေပြီး ဖမ်းဆီးခံခဲ့ရသူတွေလည်းရှိခဲ့တယ်လို့သက်ဆိုင်ရာအဖွဲ့တွေကထုတ်ပြန်ပြောဆိုထားပါတယ်။
နိုင်ငံရေးအကျဥ်းသားဟောင်းကိုအောင်ဇော်ဦး တောင်ကြီးအကျဥ်းထောင်မှာကွယ်လွန်၊ စစ်ကြောရေးမှာရခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ နီးစပ်သူတွေပြော
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သလို အခု နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားတာကြောင့် ဆိုပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကိုအောင်ဇော်ဦးဟာ တောင်ကြီးမြို့ တောင်လေးလုံးအကျဉ်းထောင်ထဲမှာ စက်တင်ဘာ ၅ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။
ဒါဟာ စစ်ကြောချိန်က ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေက ယူဆထားကြပါတယ်။
ကိုအောင်ဇော်ဦးကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ မေလထဲမှာတောင်ကြီးမြို့နယ်၊ အေးသာယာရပ်ကွက်ထဲက နေအိမ်တစ်ခုမှာဖမ်းဆီးသွားတာဖြစ်ပြီး အခုနှစ် ၂၀၂၂ မေလမှ အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။
ဖမ်းဆီးခံရချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တာဖြစ်ပြီး အကျဥ်းထောင်ကိုရောက်လာချိန်မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ကျန်းမာရေးဆိုးရွားခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။
‘’ ကိုအောင်ဇော်ဦးက အရင်ကတည်းက နိုင်ငံရေးအကျဥ်းသားပဲ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့ပြီး ပထမအကြိမ်နိုင်ကျဥ်းဖြစ်တော့ လားရှိုးအကျဥ်း ထောင်မှာ ၄ နှစ်လောက်ထိန်းသိမ်းခံရဖူးတယ်။ အခုနွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး စစ်ကြောရေးမှာ ညှင်းပမ်းနှိပ်စက်ခံရတဲ့အခြေအနေတွေဖြစ်ခဲ့တာကိုလည်း ကြားသိထားရတယ်။ ထောင်ဆေးရုံကနေ အကျဥ်းထောင်ကိုရောက်လာတော့ ခြေထောက်နှစ်ချောင်းကျိုးပြီး နံရိုးသုံးချောင်းလည်းကျိုးထားတယ်။ သွားတွေလည်းကြိုးနေတယ်၊ ပါးစပ်ထဲကိုရေနွေးပူလောင်းထည့်ခံထားရတဲ့ ဒဏ်ရာတွေလည်းရှိတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကပြန်သိရတယ်’’ လို့နိုင်ငံရေးအကျဉ်းသားဟောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာတော့ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ကိုအောင်ဇော်ဦး (ခ) မိုဟာမက်ဖွာရူးက်ကို အစ္စလာမ်ဘာသာဝင်တို့ရဲ့ ထုံးတမ်းအတိုင်း မိသားစုတွေမနေ့စက်တင်ဘာ ၆ ရက်ကစျာပနပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက်ပိုင်းစစ်ကြောရေးမှာသေဆုံးသူ ဆယ်နဲ့ ချီရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောရေးမှာ ပထမဆုံး သေဆုံးခဲ့သူကတော့ ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေး ဥက္ကဌ ဦးခင်မောင်လတ် ဖြစ်ပြီး မတ်လ ၆ ရက်နေ့ညနေပိုင်းက နေအိမ်မှာဖမ်းဆီးခံရပြီး နောက်တနေ့မနက်မှာ မိသားစုကိုအလောင်းလာထုတ်ခိုင်းတဲ့ဖြစ်စဥ်ဖြစ်ခဲ့တဲ့အကြောင်း ကိုလည်း လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ကပြောပါတယ်။
အဲဒီနောက်ပိုင်း ရွှေပြည်သာ မြို့နယ် NLD "စု" အသက်မွေးပညာသင်ကျောင်း တာဝန်ခံ ဦးဇော်မြတ်လင်း၊ ဦးဇော်ထွန်း (ခေါ်) ကဗျာဆရာ ခက်သီ နဲ့ ကလေးမြို့နယ်က ကိုမင်းမင်း နဲ့ပခုက္ကူမြို့က မမာလာဝင်းတို့လည်း ဟာလည်း စစ်ကောင်စီကဖမ်းဆီးသွားပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်မှာဆိုရင်လည်း ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ၅၄ လမ်းမှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဘုန်းမြင့်အောင်ကို စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက်ပိုင်း နောက်တစ်ရက်မှာသေဆုံးသွားပြီလို့ မိသားစုကိုအကြောင်းကြားခဲ့ပြီး နာရေးကိုတော့ စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကျပ်ပြီးပြုလုပ်ခဲ့တဲ့ မြင်ကွင်းကိုလည်း မိသားစုနဲ့ နီးစပ်သူတွေရဲ့ပြောဆိုချက်နဲ့ ဘီဘီစီကသတင်းရေးသားဖော်ပြထားခဲ့ပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံရသူ ၁၂၀၀၀ ကျော်ရှိပြီး အဲဒီထဲက ၁၄၀၀ ကျော်ကို စစ်ကောင်စီက ထောင်ဒဏ်တွေချမှတ်ထားပါတယ်။
ဖမ်းဆီးခံရပြီး နောက်ပိုင်း စစ်ကြောရေးမှာသေဆုံးသူတွေရှိသလို ဖမ်းဆီးပြီးနောက်ပိုင်း မိသားစုဝင်တွေက အဆက်အသွယ်မရတဲ့ လူငယ်တွေလည်းရှိတယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေ ကပြောဆိုထားပါတယ်။
လူသုံးများတဲ့ တရုတ်ပစ္စည်းတွေ အရင်ထက်စျေးမြင့်လာ
တရုတ်ပြည်ဘက်ကနေ တင်သွင်းလာတဲ့ လူသုံးကုန်ပစ္စည်းတွေက မြန်မာနိုင်ငံသားအများစုအတွက် အဓိကထားအသုံး ပြုနေကြတာဖြစ်ပါတယ်။ တရုတ်ကုန်ပစ္စည်းအများစုကလည်း မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းတွေကနေတဆင့် မြန်မာပြည်တွင်းကို ကုန်သည်တွေကတဆင့် ဖြန့်ဖြူးရောင်းချ နေတာလည်းဖြစ်ပါတယ်။
အခုကာလမှာတော့ ကုန်သွယ်ရေးအခက်အခဲတွေနဲ့ ငွေးကြေးမတည်ငြိမ် မှုတွေကြောင့် ပစ္စည်းတွေရှားပါးတာ စျေးမြင့်လာတာတွေဆက်တိုက်ရှိလာပါတယ်။
ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း ကုန်သွယ်မှု မူဝါဒအပြောင်းအလဲတွေ၊ အာဏာသိမ်းပြီးနောက် ပိတ်ဆို့ ကန့်သတ် မှုတွေနဲ့ မြန်မာကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းမှုတွေကြောင့် အရင်တုန်းကစျေးပေါကာ ပစ္စည်းတွေပါ ပေါများခဲ့တဲ့ တရုတ်လူသုံးကုန်ပစ္စည်းတွေ အခုတော့ရှားပါးမှု၊ စျေးနှုန်းကြီးမြင့်မှုတွေ ဒီကာလအတွင်းမှာ ရှိလာပါတယ်။
ဖုန်းနဲ့ ဖုန်းအပိုပစ္စည်းအပြင် အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေရဲ့ စျေးက အရင်ထက် မြန်မာကျပ်ငွေ ၁၀၀၀ ကျော်အထိကိုမြင့်တင်ကာ ရောင်းချနေရတယ်လို့ တရုတ်ကုန်ပစ္စည်းတွေကို ရောင်းချနေတဲ့ လက်ကားအရောင်းကိုယ်စားလှယ် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
''အရင်ထက်ကို တစ်ထောင်ကျော်လောက် မြှင့်ပြီးရောင်းနေရတယ်။ အရင်လိုလည်း ဝယ်ချင်တိုင်းဝယ်လိုမရဘူး။ ပစ္စည်းတွေကလည်းရှားလာတယ်။ အရင်ဖောက်သည်တွေ ဆယ်သိန်းဖိုးဝယ်တဲ့သူတွေကလည်း အခု တစ်သိန်းဖိုးလောက်ပဲ ဝယ်တော့တာ။ ဝယ်တဲ့သူတွေလည်း မဝယ်နိုင်တော့တဲ့ ပုံစံမျိုးဖြစ်လာတယ်'' လို့ သူကပြောပါတယ်။
အခုမြင့်ပြီးရောင်းနေရတဲ့စျေးတွေက ၂၀၂၀ အစောပိုင်းမှာ လက်လီရောင်းတဲ့စျေးနှုန်းတွေထက်ကို များတဲ့ နှုန်းနဲ့ ရောင်းချနေရတာလို့ ဆိုပါတယ်။ ဒါက ငွေကြေးစျေးတခုတည်းသာမဟုတ်ပဲ ပစ္စည်းရှားပါးမှုကြောင့် ပြန်လည်ဝယ်ယူရာမှာလည်း အခက်အခဲရှိတာ၊ စျေးနှုန်းပြောင်းလဲမှုမြန်ဆန်တာမျိုးတွေကြောင့်လို့ ဆိုကြပါ တယ်။
ပြည်မဘက်မှ တရုတ်ပစ္စည်းတွေ စျေးနှုန်းကြီးမြင့်လာတာ၊ ရှားပါးတာမျိုးတွေက မူလနယ်စပ်ကုန်သွယ်ရေး မှာ ကုန်သွယ်ရေးအချိန်ကြာမြင့်မှု၊ ကျပ်ငွေစျေးကျဆင်းမှု၊ တရုတ်ဘက်က ကိုဗစ်ကာကွယ်ရေးပိတ်ပင်ထား မှုတွေကြောင့် အခုလိုဖြစ်နေတာလို့ မူဆယ်က သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူတွေထံကသိရပါတယ်။
ယွမ်ငွေစျေးနှုန်းကလည်း အရင် မြန်မာငွေ ၁၀၀ ကျော်သာရှိခဲ့ဖူးတဲ့ နှုန်းကနေ အခုအချိန်မှာတော့ မြန်မာကျပ်ငွေ ၅၀၀ နီးပါးက တရုတ်ယွမ်ငွေ တစ်ယွမ်သာရရှိတဲ့ အခြေအနေအထိရှိနေပါတယ်။
ကိုဗစ်မတိုင်ခင်နဲ့ အာဏာမသိမ်းခင်အချိန်တွေက တရုတ်ပစ္စည်းသွင်းကုန်ကားတစ်စီးက ကိုယ်မှာယူတဲ့ မြို့ကို ၃ရက်အတွင်းရောက်ရှိပေမယ့် အခုအချိန်မှာ အနည်းဆုံး ရက် ၂၀ နဲ့ ၃၀ကြားအထိ ကြာမြင့်တယ်လို့ ကုန်သည်တွေထံကသိရပါတယ်။
လက်ရှိမူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံဘက်က ကျင်စမ်းကျော့ ဂိတ်တစ်ခုကိုသာဖွင့်ထားတာ ဖြစ်သလို၊ မြန်မာကုန်ပစ္စည်းကားတစ်စီးတရုတ်ဘက်ကို ဝင်တဲ့အခါ တရုတ်ကုန်ပစ္စည်း ကားတစ်စီး ပြန်လည် ခွင့်ပြုပေးတာကြောင့် မူလကုန်သွယ်မှုရဲ့ ၁၀ပုံ ၁ပုံလောက်သာ အလုပ်ဖြစ်နေတယ်လို ကုန်သည် တွေထံကသိရပါတယ်။
စစ်ကောင်စီဘက်ကလည်း သူတို့ကိုယ်တိုယ်ကန့်သတ်ထားတဲ့ သွင်းကုန် လိုင်စင်သက်တမ်း ၁လကို ၃လအထိပြန်ခွင့်ပြုတာ၊ သွင်းကုန်အတွက် ငွေကြိုတင်ချေပြီးသား သဘောတူညီချက်ကို အတင်းအကြပ် ကန့်သတ်တာမျိုးမရှိတော့တာတွေကို ဒီစက်တင်ဘာမှာစတင်ဖြေလျော့လာနေပေမယ့် ငွေကြေးမတည် ငြိမ်မှုအပါအဝင် အခြားအခက်အခဲတွေဆက်ရှိနေတာမျိုးကြောင့် ပေါများစျေးချိုခဲ့တဲ့ တရုတ်ပစ္စည်းတွေ ရှားပါးကာ စျေးကြီးတာတွေဆက်ရှိနေဦးမယ်လို့ ကုန်သည်တွေကပြောပြကြပါတယ်။