ဇန်နဝါရီလ ၂၆ ရက် ထိပ်တန်းသတင်းများ - ကချင်မှာ ပြည်သူ့စစ်စုဆောင်းမှုကြောင့် ထွက်ပြေးကြသူတွေရှိလာ

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, KNG

ရေးသားခဲ့သည်။

ကချင်ပြည်နယ် ဝိုင်းမော်၊ မိုးညှင်း၊တနိုင်းနဲ့ ပူတာအိုဘက်တွေမှာ လီဆူပြည်သူ့စစ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက စစ်သားစုဆောင်းတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားမှာပဲ စစ်ရှောင်ရတဲ့အပြင် စစ်သားသစ်စုဆောင်းမှုကနေပါထွက်ပြေးတိမ်ရှောင်ရတာတွေရှိလာနေတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံပြည်သူစစ်တပ်ဖွဲ့တွေဟာ နေရာအလိုက် တိုင်းရင်းသား မျိုးနွယ်စု တွေကိုအခြေခံဖွဲ့စည်းထားတာဖြစ်ပြီး လီဆူပြည်သူ့စစ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေကတော့ထင်ရှားတဲ့အဖွဲ့တွေဖြစ်ပါတယ်။

ဝိုင်းမော်၊ မိုးညှင်းနဲ့ တနိုင်းလီဒိုလမ်းပေါ်မှာရှိတဲ့ဝါရာဇွပ်ဌာနေပြည်သူ့စစ်နဲ့ ပူတာအိုဘက်မှာဆိုရင် ရဝမ်တိုင်းရင်းသားဖြစ်တဲ့ ဦးတန်ဂူတန်ဦးဆောင်တဲ့ ဌာနေပြည်သူ့စစ်အဖွဲ့တွေဟာ ဒီနောက်ပိုင်းမှာ လှုပ်ရှားမှုတွေများလာတာကို တွေ့ရပြီး ဒေသကာကွယ်ရေးအတွက်ဆိုပြီး ပြည်သူ့စစ်လုပ်ဖို့ စည်းရုံးနေတာလို့ ပြောကြပါတယ်။

၂၀၂၃ ခုနှစ်အောက်တိုဘာလအတွင်းမှာဆိုရင် ဝိုင်းမော်ဘက်မှာ လီဆူပြည်သူ့စစ်တွေက တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဆိုပြီး နာမည်စာရင်း ကောက်ယူစုဆောင်းခဲ့သလို သတ်မှတ်ရက်ကျော်လွန်ပြီး အမည်မသွင်းသူတွေကို နေအိမ်အရောက်ခေါ်ဆောင်နေတာတွေရှိခဲ့တာပါ။

အတင်းအဓမ္မစုဆောင်းတယ်လို့ပြောဆိုမှုတွေကို လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကငြင်းဆိုပြီး ဒေသနဲ့လူမျိုးကို ကာကွယ်ဖို့ ရပ်မိရပ်ဖတွေရဲ့ဆုံးဖြတ်ချက်နဲ့ နာမည်စာရင်းပေးသွင်းထားသူတွေကိုသာ လိုက်လံခေါ်ဆောင်တာဖြစ်တယ်လို့ဘီဘီစီကိုပြောပါတယ်။

တနိုင်းလီဒို လမ်းမပေါ်မှာရှိတဲ့ ဝါရာဇွပ်ဌာနေပြည်သူစစ်ကတော့ တပ်သားသစ်စုဆောင်းတာနဲ့ပတ်သက်ပြီးအတင်းအဓမ္မလုပ်ဆောင်ဖို့ သူတို့အဖွဲ့အနေနဲ့ မလိုကြောင်း ဝါရာဇွပ်ဌာနေပြည်သူစစ်ခေါင်းဆောင် ဦးမင်းဇင်းသန့် ကလည်း တုံ့ပြန်ထားပါတယ်။

မလေးရှား က မြေပြိုမှု မြန်မာ ၃ ဦးပျောက်ဆုံးနေ၊ ၂ ဦးရဲ့ ရုပ်အလောင်းကိုရှာတွေ့ထား

ရုပ်အလောင်းရှာဖွေလာတဲ့ မလေးရှားကယ်ဆယ်ရေးအဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Photo: X/Bernama Radio/Bomba/Syamsiah Sahat

ဓာတ်ပုံ ပုံစာ, ရုပ်အလောင်းရှာဖွေလာတဲ့ မလေးရှားကယ်ဆယ်ရေးအဖွဲ့

မလေးရှားနိုင်ငံ ၊ ပဲရပ်ပြည်နယ်၊ ကင်မရွန်းတောင်ပေါ်မြို့ ကန်ပုံဘာတူးရပ်ကွက်က မြေပြိုကျမှုမှာ မြန်မာနိုင်ငံသား ၅ ယောက် မြေပြိုပုံအောက်ရောက်သွားပြီး ၃ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ၂ ဦးရဲ့ ရုပ်အလောင်းကိုရှာတွေ့ထားတယ်လို့ Cameron Highlands ခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီရဲ့ အတည်ပြုပြာကြားချက်ကိုကိုးကားပြီး မလေးရှားသတင်းတွေကဖော်ပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံတွေထဲမှာ အသက် ၅၆ နှစ်အရွယ် တစ်ဦး၊ အသက် ၃၅ နှစ်ကျော် ၃ ဦးနဲ့ အသက် ၂၅ နှစ်အရွယ် တစ်ဦးတို့ပါဝင်ပါတယ်။ အဲဒီဒေသဟာ မလေးရှားနိုင်ငံရဲ့ မြောက်ဘက်မှာရှိပြီး မြို့တော်ကွာလာလမ်ပူကနေ ကီလိုမီတာ ၄၅၀ ကွာဝေးပါတယ်။

'' ကင်မရွန်းဟိုင်းလန်းကတော့ စိုက်ပျိုးရေးအဓိကလုပ်ကြတဲ့ဒေသပါ။ မြန်မာတွေဆိုရင် ချင်းနဲ့ ရခိုင်တိုင်းရင်းသားတွေ အများဆုံးရှိပါတယ်။ အခုရထားတဲ့သတင်းအရဆိုရင် မြန်မာတွေက မြေကြီးတွေအောက်ရောက်နေကြပြီး ၂ ယောက်ရဲ့ အလောင်းကိုတော့တွေ့ထားပါတယ် '' လို့ ကွာလာလမ်ပူရောက်မြန်မာအရေးကူညီသူတစ်ဦးကပြောပါတယ်။

ဒေသအာဏာပိုင်ကတော့ မြေပြိုမှုထဲပါသွားတဲ့ ၅ ဦးထဲမှာ အမျိုးသမီးတစ်ဦးလည်းပါဝင်ပြီး သူတို့အားလုံးဟာ အိမ် နှစ်အိမ်မှာနေထိုင်သူတွေဖြစ်တယ်လို့ပြောကြားထားသလို မြေပြိုပုံထဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ထုတ်ပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

မြေပြိုမှုဖြစ်ပွားတဲ့နေရာတွေကို ပဲရပ်၊ ဆီလန်ဂေါနဲ့ ကွာလာလမ်ပူမြို့တွေက အာဏာပိုင်တွေနဲ့ ကူညီကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်တွေ လည်း ပူးပေါင်းရှာဖွေနေတယ်လို့ ဒေသအာဏာပိုင်တွေကပြောပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က Cameron Highlands ရဲတပ်ဖွဲ့က မြေပြိုနိုင်ခြေရှိတာကို သတိပေးခဲ့ပြီးနောက်မြေပြိုကျမှုဖြစ်ပေါ်ခဲ့ချိန်မှာ မြန်မာနိုင်ငံသားတွေ ပါဝင်သွားတာပါ။ လက်ရှိမှာ အဲဒီနေရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတွေဆောင်ရွက်နေပြီး အကူအညီပေးရေးတွေဆက်လုပ်နေတယ်လို့ဆိုပါတယ်။

“ မြေပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပါတယ်။အဲဒီကိုလည်း ဝင်ရောက်သွားလာခွင့်ဖြတ်တောက်ထားပါတယ်'' လို့ ‌ဒေသအခြေအနေသိတဲ့ မလေးရောက်မြန်မာတစ်ဦးကပြောပြပါတယ်။

ကိုးကန့်တပ် နဲ့ ဝ တပ်ဖွဲ့ ခေါင်းဆောင်တွေ ပန်ဆန်းမှာတွေ့

UWSP ဒုတိယ ဥက္ကဋ္ဌ ကျောက်ကော်အန်း က ဝ မြို့တော်ပန်ဆန်းမှာ လက်ခံတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, UWSA

ဓာတ်ပုံ ပုံစာ, UWSP ဒုတိယ ဥက္ကဋ္ဌ ကျောက်ကော်အန်း က ဝ မြို့တော်ပန်ဆန်းမှာ လက်ခံတွေ့ဆုံ

ကိုးကန့်တပ် MNDAA စစ်ဦးစီးချုပ် ဖုန်တဲရင် ဦးဆောင်တဲ့ အဖွဲ့ကို ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယ ဥက္ကဋ္ဌ ကျောက်ကော်အန်း က ဝ မြို့တော်ပန်ဆန်းမှာ လက်ခံတွေ့ဆုံပါတယ်။

တရုတ်နှစ်သစ်ကူး အကြို ခရီးစဉ် လို့ ခေါင်းစဉ်တပ်ထားပေမယ့် နှစ်ဘက်ခေါင်းဆောင်ပိုင်းတွေ ပါဝင်တဲ့ တွေ့ဆုံမှုမှာ ပြောင်းလဲသွားတဲ့ အထူးဒေသ အခြေအနေတွေကို ဆွေးနွေးကြဖွယ်ရှိတယ်လို့ တိုင်းရင်းသားအရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

တွေ့ဆုံမှုအကြောင်း UWSA ရဲ့ ထုတ်ပြန်ချက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့အကြား ဆက်ဆံရေးကောင်းရှိတာကို ပြသနေပြီး နှစ်သစ်မှာ တာဝန်အသစ်တွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ပါဝင်ပါတယ်။

အထူးဒေသ(၁) တစ်ခုလုံးကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဝ ဒေသဖြစ်တဲ့ အထူးဒေသ(၂)မှာ ဟိုပန် နဲ့ ပန်လုံမြို့တွေ အသစ်တိုးလာပြီးတဲ့နောက်မှာ နှစ်ဘက်ခေါင်းဆောင်တွေ ပထမဆုံးတွေ့ဆုံကြတာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်ကလည်း ကိုးကန့်တပ် နဲ့ ဝ တပ်ဖွဲ့ ခေါင်းဆောင်တွေ ပန်ဆန်းမှာ လမုန့်ပွဲတော်အဖြစ် တွေ့ခဲ့ကြပါသေးတယ်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုးကန့်တပ် နဲ့ ဝ တပ်ဖွဲ့ ဟာ ရှည်လျားတဲ့ မဟာမိတ်ဆက်ဆံရေးရှိပြီး ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ဖြစ်ပါတယ်။

ဆီဆိုင်မြို့မှာဘာတွေဆက်ဖြစ်နေလဲ

PNLA တပ်ဖွဲ့ဝင်တွေ ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, PNLA

ဓာတ်ပုံ ပုံစာ, PNLA တပ်ဖွဲ့ဝင်တွေ ( ပုံဟောင်း)

ပအိုဝ်းဒေသတွင်းရှိ ဆီဆိုင်မြို့နဲ့ ကျေးရွာ ၄ ရွာကို ဇန်နဝါရီလ ၂၅ ရက် မှာ စစ်ကောင်စီ က ဂျက်ဖိုက်တာအပါအဝင် Y ‌12 လေယာဥ်တွေနဲ့အကြိမ် ၂၀ နီးပါး တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

PNLA အပြောအရ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဟာ ပေါင် ၅၀၀ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ဆီဆိုင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ထိန်းချုပ်ထားပြီလို့လည်း မြို့ခံတချို့ကပြောဆိုထားပေမဲ့ ပါဝင်တိုက်ခိုက်နေတဲ့တော်လှန်ရေးအင်အားစုပူး‌ပေါင်းအဖွဲ့တွေကတော့ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

လက်ရှိမှာ ဆီဆိုင်မြို့နယ်အတွင်း တယ်လီဖုန်းဆက်သွယ်ရခက်ခဲနေပြီး အဆက်အသွယ်တွေဖြတ်တောက်ခံထားရတယ်လို့သိရပါတယ်။ ဒီကနေ့မှာ စစ်တပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်က ဆီဆိုင်မြို့ကို ပြန်လည်ရရှိရေးထိုးစစ်ဆင်တာတွေလုပ်နေတယ်လို့လည်း ‌အဆက်အသွယ်ရတဲ့ ဒေသခံအချို့ကပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းထဲက ဆီဆိုင်မြို့မှာ PNLA၊ KNDF နဲ့ PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား ပြီးခဲ့တဲ့ ၄ ရက်အတွင်းတိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံအချို့ကပြောပါတယ်။

တိုက်ပွဲတွေကြောင့်ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဉ်အပါအဝင် အနီးအနားရှိ ကျေးရွာတွေက ရွာသားတွေအကုန်လုံးနီးပါး တောင်ကြီး၊ ဟိုပုံးဘက်ကို တိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်မှာ ဆိုက်ခေါင်က ဒေသခံတွေလည်း တောင်ကြီးနဲ့ ညောင်ရွှေဘက်ကိုဆက်ပြီး စစ်ရှောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆီဆိုင်က တိုက်ပွဲတွေအတွင်း အပစ်ရပ်(NCA) မှာ လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်ဆိုတဲ့ ဒေသခံတွေ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘီဘီစီက PNLA ကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ စစ်ကောင်စီအပြောအရ PNLA ဝတ်စုံဝတ်ထားသူတွေရဲ့ လက်နက်တင် ကားတန်းကို စစ်ကောင်စီအောက် ပအိုဝ်းပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်က ကြားဖြတ်ဟန့်တားရာကနေ ပစ်ခတ်မှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဖြစ်ခဲ့ပါတယ်။

အဲဒီ ပစ်ခတ်မှုအပြီးမှာ ဒေခံတွေအပြောအရ PNLA ပါဝင်တယ်ဆိုတဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ ဆီဆိုင်မြို့က တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

တစ်လအတွင်း ဓာတ်ဆီတစ်လီတာ ကို ကျပ် ၂၀၀ ကျော်မြင့်တက်

ဓာတ်ပုံ - ရန်ကုန်မြို့က စက်သုံးဆီဆိုင်တစ်ဆိုင်ရှေ့မြင်ကွင်း ( ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, ဓာတ်ပုံ - ရန်ကုန်မြို့က စက်သုံးဆီဆိုင်တစ်ဆိုင်ရှေ့မြင်ကွင်း ( ပုံဟောင်း)

ပြည်တွင်းမှာလူသုံးများတဲ့ နိုင်တီတူး- 92 ၊ နိုင်တီဖိုက် 95 ဓာတ်ဆီအမျိုးအစားစက်သုံးဆီတွေ တစ်လအတွင်းမှာ ကျပ် ၂၀၀ ကျော်ဝန်းကျင်ဈေးမြင့်တက်လာတယ်လို့ စက်သုံးဆီဆိုင်တွေက ထုတ်ပြန်တဲ့ဈေးနှုန်းတွေအရသိရပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့ စျေးနှုန်းအရ ဓာတ်ဆီ 92 ဆီအမျိုးအစားက တစ်လီတာကို ကျပ် ၂,၇၀၅ ဖြစ်ပြီး 95 ဆီအမျိုးအစားက တစ်လီတာကို ကျပ် ၂,၈၄၅ ဖြစ်လို့ တစ်လအတွင်းမှာ ကျပ် ၂၀၀ ကျော်မြင့်တက်လာတာပါ။

ဒီဇယ်ကတော့ တစ်လီတာကို ကျပ် ၂၄၅၀ဈေးရှိပြီး ပရီမီယံဒီဇယ်ကတော့ တစ်လီတာကို ကျပ် ၂၅၁၅ နဲ့ ငွေကျပ် ၂၀ မြင့်တက်ပါတယ်။

“ နောက်ပိုင်းကားတွေက ၉၅ ပဲသုံးတာများတယ်။ ကားဟောင်းတွေလောက်ပဲ ၉၂ သုံးကြတာ။အသုံးများတဲ့ဆီဈေးက အခု တစ်လီတာကို ၃,၀၀၀ နားကပ်လာပြီ။ ဆီမပြတ်ရင် ဆီဈေးကြီးမယ်ဆိုပြီးဆိုင်တွေကပြောထားတယ်။ အခုဈေးတက်လာပြီ" ရန်ကုန်မှာ အငှားယာဉ်မောင်းတဲ့ အမျိုးသားတစ်ဦးက ဘီဘီစီကို‌ပြောပါတယ်။

အခုဈေးနှုန်းတွေဟာ ရန်ကုန်ပေါက်ဈေးဖြစ်ပြီး မန္တလေးနဲ့ တခြားမြို့တွေဟာ ဈေးပိုမြင့်နေပါတယ်။