မေလ ၁၁ ရက် ထိပ်တန်းသတင်းများ - ဆိုင်ကလုန်း မိုခါ စတင်ဖြစ်ပေါ်
မိုခါဆိုင်ကလုန်း မြန်မာ့လူဦးရေ ၁၇ သန်းအပေါ် သက်ရောက်မယ်လို့ WFP ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, TN
မိုခါမုန်တိုင်းဝင်ရောက်မယ့် ရခိုင်ပြည်နယ်၊ချင်း၊စစ်ကိုင်း၊မကွေး၊ပဲခူး၊မန္တလေး နဲ့ ရှမ်းပြည်နယ်က စုစုပေါင်း လူဦးရေ ၁၇ သန်းကျော်အထိ သက်ရောက်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဒီကနေ့မှာ ထုတ်ပြန်ထားပြီး တစ်နာရီလေတိုက်နှုန်း ကွာခြားမှုရှိမှာ ဖြစ်ပါတယ်။
WFP ရဲ့ Advanced Disaster Analysis and Mapping (ADAM) က တွက်ချက်ထုတ်ပြန်ထားတာဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၆၀၊ တစ်နာရီ ကီလိုမီတာ ၉၀ နဲ့ တစ်နာရီ ကီလိုမီတာ ၁၂၀ အထိ ဖြတ်သန်းမယ်လို့ အမျိုးအစားခွဲထားပါတယ်။
အဲဒီထဲက လေတိုက်နှုန်း အမြင့်ဆုံးဖြစ်တဲ့ တစ်နာရီ ကီလိုမီတာ ၁၂၀ အထိဖြတ်သန်းမယ့်မြို့တွေထဲ ရခိုင်၊ချင်းနဲ့ စစ်ကိုင်းကမြို့တွေအမျာဆုံးပါဝင်ပြီး စုစုပေါင်း လူ တစ်သန်းခွဲကျော်အထိ သက်ရောက်မယ် လို့ WFP က ထုတ်ပြန်ထားပါတယ်။
မိုးလေဝသခန့်မှန်းတွက်ချက်သူ ဦးဝင်းနိုင်ကလည်း ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနဲ့ ဂွမြို့တွေကို မိုခါ ဆိုင်ကလုန်း တိုက်ရိုက်ဝင်မယ်လို့ ခန့်မှန်းပါတယ်။
ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းစနစ် GDACS (Global Disaster Alert and Coordination SYSTEM -) ရဲ့ မုန်တိုင်းဆိုင်ရာအချက်အလက်တွေကို ကိုးကားပြီး သူက ခန့်မှန်းတာဖြစ်ပါတယ်။
လက်ရှိထုတ်ထားတဲ့အနေအထားအရ တိုက်ရိုက်မုန်တိုင်းပြင်းအားက တစ်နာရီ မိုင် တစ်ရာကျော် (၁၀၃မိုင်) ရှိမယ်လို့ သတိပေးထားပါတယ်။
မေလ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီးတော့ မုန်တိုင်းအဖျားက အဆိုပါ မြို့လေးမြို့ကို စထိမှာဖြစ်ပြီးမုန်တိုင်းအရွယ်အစားကြီးတဲ့အတွက် စစ်တွေရဲ့မြောက်ဘက် မိုင် ၁၅၀ နဲ့ စစ်တွေရဲ့တောင်ဘက် မိုင် ၁၅၀ အကွာ အဝေးအတွင်းမှာရှိတဲ့ ကမ်းခြေဒေသတွေကတော့ မုန်တိုင်းတိုက်ရိုက် သက်ရောက်နိုင်တဲ့အခြေအနေရှိတယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
‘’မေလ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး မုန်တိုင်းရဲ့အပြင်ကွင်းတွေထိပြီး လေပြင်းအားတွေ စလာမယ်။ အဲ့ဒီ ကနေ ၁၄ ရက်နေ့ညကို မုန်တိုင်းဗဟိုဝင်မယ်။ မုန်တိုင်းဗဟိုမဝင်ခင် လေက တောင်ဘက်ကနေတိုက်မယ်။ မုန်တိုင်းဗဟို ဝင်နေချိန်နဲ့ ဝင်ပြီးချိန်မှာ လေက အနောက်တောင်ဘက်ကနေတိုက်တယ်။ မုန်တိုင်းပြင်းအားအမြင့်ဆုံးဖြစ်မယ့် အချိန်ကတော့ ၁၄ ရက်နေ့ ညနေပိုင်းလောက်မှာဖြစ်မယ်။’’ လို့ ဦးဝင်းနိုင်က ပြောပါတယ်။
ကုန်းတွင်းပိုင်းကိုဝင်မယ့် မုန်တိုင်းဟာ မေ ၁၅ ရက် မနက်ပိုင်းမှာ ချင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းထဲကို ရောက်ပြီး လေတိုက်နှုန်း တစ်နာရီကို မိုင် ၄၀ ကျော်ဖြစ်မယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မေ ၁၆ ရက်နေ့မှာ မြန်မာ၊ တရုတ်နယ်စပ်ကနေ ဖြတ်ပြီးတော့ ကူမင်းထဲကို လေဖိအားနည်းရပ်ဝန်းအနေနဲ့ထွက်သွားပြီး တစ်နာရီကို လေတိုက်နှုန်းက မိုင် ၂၀ အောက်ပဲရှိတော့မယ်လို့ ခန့်မှန်းထားပါတယ်။
‘’ဒီမုန်တိုင်းကြီးက ရခိုင်ကမ်းရိုးတန်းက စဝင်ပြီးတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း ပြီး ဟိုဘက်တရုတ်ပြည်ထိဆက်သွားမှာ” လို့ ဦးဝင်းနိုင်ကပြောပါတယ်။
မုန်တိုင်း အဖျားခတ်ခံရနိုင်တဲ့ဒေသတွေကတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့ဖြစ်ပြီး တနင်္ဿာရီတိုင်း၊ မွန်၊ ကရင်တောင်ပိုင်းပဲ လွတ်တယ်လို့ သူကပြောပါတယ်။
လေးလအတွင်း တိုက်ပွဲ တစ်ထောင်ကျော်ဖြစ်ခဲ့တယ်လို့ KNU ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, KNU
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေနယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ ၄ လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ နဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် တွေအကြား တိုက်ပွဲစုစုပေါင်း ၁၆၄၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကေအဲန်ယူက မေလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (B.G.F)တွေ ဘက်က ၁၇၃၆ ဦးသေဆုံးခဲ့ပြီး တစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ခဲ့ပြီး တပ်ရင်းမှူး ၄ ဦး နဲ့ ဒုတိယတပ်ရင်းမှူး ၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
KNLA နဲ့ KNDO ဘက်ကတော့ ၅၉ ဦးကျဆုံးပြီး နှစ်ရာနီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး နှစ်နှစ်ကျော်အတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲတွေပြန်ဖြစ်လို့ ပြည်သူလုထု လေးသိန်းကျော် စစ်ဘေးရှောင်ဖြစ်ခဲ့ရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ဒါပေမယ့် KNU က ပြည်သူ ၈၅၀၀၀ အတွက် ပဲ လစဉ်စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်လို့ စာနပ်ရိက္ခာ၊ဆေးဝါးနဲ့ နေရာထိုင်ခင်းအတွက် မလုံလောက်မှုပြသနာများတွေ ရင်ဆိုင် နေရတယ်လို့ထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီဘက်က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။
ဝံသာနု ပါတီ တည်ထောင်ခွင့်ငြင်းပယ်ခံရ

ပါတီသစ်တည်ထောင်ခွင့်လျှောက်ထားတဲ့ အဖွဲ့ ၁၃ ခုထဲက ဝံသာနု ပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်ပြီး ပါတီမှတ်ပုံတင်ဥပဒေသစ်အောက်မှာ ပထမဆုံး တည်ထောင်ခွင့် ငြင်းပယ်ခံရတာ ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးအခြေစိုက် ပါတီကို သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ စိစစ်ပြန်ကြားချက်တွေအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိလို့ ငြင်းလိုက်တာလို့ ကော်မရှင်က အကြောင်းပြချက်ပေးပါတယ်။
ဝံသာနု ပါတီ တည်ထောင်ခွင့်လျှောက်ထားသူ ၁၈ ဦးထဲမှာ တစ်ဦးက အခွန်ဆောင်ဖို့ ကျန်ရှိနေလို့ ငြင်းပယ်လိုက်တာလို့ ကော်မရှင်က အကြောင်းကြားတဲ့အကြောင်း ပါတီခေါင်းဆောင် ဦးအောင်ကြည်မြိုင်က ဘီဘီစီ ကိုပြောပါတယ်။
‘’ကျွန်တော်တို့ တည်ထောင်ခွင့် ပြန်လျှောက်မှာပါ’’ လို့ သူကပြောပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ မှာ ဘာသာရေးကို နိုင်ငံရေးအရ အလွဲမသုံးဖို့ နဲ့ နိုင်ငံခြားတိုင်းပြည်က အထောက်အပံ့မယူဖို့ အပါအဝင် ဝန်ခံချက် ၆ ချက်ပါဝင်ပြီး အဲဒီထဲက ဘယ်အချက်နဲ့ငြိစွန်းလည်းဆိုတာကိုတော့ ကော်မရှင်က တိတိကျကျမထုတ်ပြန်ပါဘူး။
ပါတီသစ်တည်ထောင်ခွင့်လျှောက်တဲ့ ၁၃ ဖွဲ့မှာ နိုင်ငံရေးပါတီ ၅ ပါတီ ကို တည်ထောင်ခွင့်ပြုပြီး ဖြစ်ပါတယ်။ ပါတီဟောင်းတွေထဲမှာ ပါတီ ၅၀ မှတ်ပုံတင်ပြန်လျှောက်ထားပြီး ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
၁၈ ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး မြန်မာမှာလုပ်မယ်

ဓာတ်ပုံ ရင်းမြစ်, cincds
ဖိလစ်ပိုင်ရေတပ်က လက်ခံကျင်းပတဲ့ ၁၇ ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး ကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မေလ ၁၀ ရက်မှာ အွန်လိုင်းကနေ တက်ရောက်ခဲ့ပါတယ်။
အာဆီယံနိုင်ငံတွေက ရေတပ်ဦးစီးချုပ်တွေ တက်ရောက်တဲ့ အဲဒီအစည်းအဝေးမှာ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၁၈ ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး အတွက် အချိန်ဇယားကို ဆွေးနွေးခဲ့ကြပြီး မှတ်တမ်းဗီဒီယို ပြသဖိတ်ကြားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။
မေလ ၁၀ ရက်အစည်းအဝေးမှာတော့ အာဆီယံရေချုပ်တွေဟာ ‘’ပင်လယ်ပြင်မှာ စုပေါင်းညှိနှိုင်းဆောင်ရွက်မှုအကျိုးရလဒ်၊ ငြိမ်းချမ်း ရေးနဲ့ တည်ငြိမ်ရေးအတွက် ဒေသတွင်းစည်းလုံးမှု’’ ခေါင်းစဉ်ကို နိုင်ငံအလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
ဗိုလ်ချုပ်ကြီးမိုးအောင်က ‘’အာဆီယံဟာ အမြဲတမ်း Driving Role က ရပ်တည်ပြီး ပြင်ပစွက်ဖက်မှုကင်းရှင်းစွာနဲ့ လမ်းကြောင်းမှန်ကို အကောင်အထည်ဖော်သွားဖို့ လိုကြောင်း၊ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပင်လယ်ရေကြောင်း ငြိမ်းချမ်း တည်ငြိမ်မှုကို မြှင့်တင်သွားရမယ် လို့ ဆွေးနွေးခဲ့ပါတယ်။
၄၂ ကြိမ်မြောက်၊ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေပြီး မြန်မာနိုင်ငံကိုယ်စားပြု ခေါင်းဆောင်ထိုင်ခုံနေရာမှာ လစ်လပ်နေတာကြောင့် နိုင်ငံရေးရာထူးရယူထားသူကို တက်ရောက်ခွင့် မပြုထားပါဘူး။
အာဆီယံထိပ်သီးအစည်းအဝေးမှာ နိုင်ငံခေါင်းဆောင်ကိုယ်စားပြုတက်ရောက်ခွင့်ပြဿနာရှိနေပေမယ့် စစ်ဘက်ဆိုင်ရာအာဆီယံအစည်းအဝေးတွေမှာတော့ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီးတွေ တက်ရောက်ခွင့်ရနေဆဲဖြစ်ပါတယ်။
ဒါပေမဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို မဖိတ်ဖို့ ပြည်တွင်းပြည်ပက အရပ်ဘက်အဖွဲ့အစည်း ခြောက်ရာကျော်စုပေါင်းပြီး မနှစ်ကဇွန်လမှာ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီနောက်တော့ ကမ္ဘောဒီးယားနိုင်ငံမှာပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာပြုလုပ်တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး မှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို မဖိတ်ကြားခဲ့ပါဘူး။
အားကောင်းတဲ့ ဆိုင်ကလုန်း မိုခါ(MOCHA) အဖြစ် ရောက်ရှိခဲ့ပြီလို့ စစ်ကောင်စီသတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
ကျောက်ဖြူအနီးက ဖြတ်သန်းနိုင်တယ်လို့ ခန့်မှန်ထား
အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့ ကြားက ဖြတ်သန်းမယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၁ရက် မနက်ပိုင်းမှာ ခန့်မှန်းထုတ်ပြန်ပါတယ်။
မေလ ၁၁ရက်နေ့ မနက် ၆ နာရီတိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်(Deep Depression)ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်ကို ရောက်ရှိခဲ့ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မိုခါ မုန်တိုင်းရဲ့ လက်ရှိလေတိုက်နှုန်းက ၁ နာရီကို ၄၅ မိုင်နှုန်းနဲ့ တိုက်ခိုက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်း ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)“မိုခါ(MOCHA)”ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu)တို့ကြားက ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီ လျှင် မိုင်(၉၀)မှ (၁၀၀)ခန့်အထိ တိုက်ခတ်နိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
အရပ်ဘက်မိုးလေဝသစောင့်ကြည့်သူတွေကတော့ မိုခါဟာ ဖျက်အားပြင်းအဆင့်ရှိတဲ့ မုန်တိုင်းဖြစ်လို့ ကမ်းရိုးတမ်းတွေနားရောက်ရှိလာတဲ့အခါ တစ်နာရီကို မိုင် ၁၀၀ ကျော်ပြင်းအားနဲ့ တိုက်ခိုက်တဲ့နှုန်းကို ခံစားရနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀) ပေမှ (၁၄) ပေခန့် အထိနဲ့ ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၇) ပေမှ (၁၀)ပေခန့် အထိ မြင့်တက်လာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက အသိပေးထုတ်ပြန်ပါတယ်။
မုန်တိုင်းကြောင့် ဒီကနေ့ကနေ မေလ ၁၅ရက်နေ့အထိ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာမယ်လို့ သိရပါတယ်။
အဲဒီ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)” ဟာ လက်ရှိအခြေ အနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနိုင်တာကြောင့် မုန်တိုင်းသတိပေးအဆင့် လိမ္မော်ရောင်အဆင့်အဖြင့် စစ်ကောင်စီ မိုးဇလကသတ်မှတ်ဖော်ပြပါတယ်။








