ဒီဇင်ဘာ ၁၄ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - ဝက်လက်မြို့နယ်ထဲ စစ်တပ်ဗုံးကြဲမှု စစ်ရှောင် ၅ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Wetlet Information Network
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ဘက်ခြမ်းမှာတည်ရှိတဲ့ ထုံးဘိုရွာအနီးက စစ်ရှောင် တွေနေထိုင်တဲ့နေရာကို စစ်တပ်က မနေ့ည ၉ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာ ကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာပြီလို့ Wetlet Informational Network ကနေ သိရပါတယ်။
လေကြောင်းကကြဲချတဲ့ ဗုံးဟာ ထုံးဘိုရွာတောင်ဘက်က ရွှေဘိုမြို့နယ်၊ ကုလားမရွာကနေ နှစ်နှစ်နီးပါးကြာအောင် စစ်ပြေးရှောင်နေကြသူတွေနေထိုင်တဲ့ တောတိုက်အနီးကို ကျရောက် ပေါက်ကွဲတာကြောင့် လူသေဆုံးမှုရှိတာလို့ ဆိုပါတယ်။
မနေ့ညက နှစ်ကြိမ်ဗုံးကြဲချချိန် ၄ ဦးသေဆုံးခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာတော့ တစ်ဦးထပ်မံ သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲ အသက် ၄ နှစ်အရွယ်မိန်းကလေးငယ်နဲ့ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးလည်းပါဝင်ပါတယ်။
"ဒဏ်ရာရတဲ့သူလည်း ၁၀ ယောက်ကျော်လောက်ရှိပြီး စိုးရိမ်ရတဲ့သူတွေရှိတယ်ဗျ" လို့ Wetlet Informational Network တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း ဝက်လက်မြို့နယ်အတွင်း စစ်တပ်ဘက်က စစ်ကြောင်းထိုးသွားလာတာမရှိပေမဲ့ စစ်ကိုင်းမြို့နယ်ဘက်မှာလှည့်လည်သွားလာနေတဲ့ စစ်တပ်စစ်ကြောင်းက ဝက်လက်မြို့နယ်အနီး အထိ ရောက်ရှိနေပြီလို့ ဒီနေ့ ညနေပိုင်း Wetlet Informational Network ရဲ့ အချက်အလက်အရ သိရပါတယ်။
အခုလို ဝက်လက်လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်က ညနေ ၄ နာရီ အချိန်အထိ တစုံတရာထုတ်ပြောတာမရှိသေးပါဘူး။
ကမ္ဘောဒီးယားဘက်က BM-21 ဒုံးကျည်တွေသုံးပြီးတိုက်ခိုက်တယ်လို့ ထိုင်းပြော

ဓာတ်ပုံ ရင်းမြစ်, Thai News Pix
ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်တိုက်ပွဲဆက်ဖြစ်နေပြီး ဒီနေ့ မနက် ၁၂ နာရီဝန်းကျင်မှာ အရပ်သားတွေနေထိုင်တဲ့နေရာကို ကမ္ဘောဒီးယားက BM – 21 ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ထိုင်းပြည်သူတစ်ဦး သေဆုံးပြီး နေအိမ်တချို့မီးလောင်ပျက်ဆီးခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နယ်စပ်ခရိုင်တစ်ခုဖြစ်တဲ့ ဆီဆာကတ်၊ ကန်သာရာလတ်မြို့နယ်ထဲက ဆောင်သုန်ချိုင်ကျေးရွာကို ကမ္ဘောဒီးယားဘက်က ဒုံးကျည် ကျခဲ့တာဖြစ်ပြီး BM-21 ဒုံးကျည်လို့ လည်း ထိုင်းစစ်တပ်က ပြောပါတယ်။
တစ်ထပ်အိမ်ပေါ် ကျည်ကျလို့ အဲဒီအိမ်ထဲမှာရှိနေတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အနီးနားက အိမ်တွေလည်းပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ စစ်ဘက်နဲ့မသက်ဆိုင်တဲ့ အရပ်ဘက်နေရာတွေကို ကမ္ဘောဒီးယားက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ထိုင်းဘက်က နိုင်ငံတကာဥပဒေတွေကို ကိုးကားပြီးပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ကမ္ဘောဒီးယားအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက နယ်စပ်မှာ ထိုင်းရဲ့ တိုက်ခိုက်မှုတွေ ဒီနေ့မနက်ပိုင်းကနေ မွန်းလွဲပိုင်းအထိ ဆက်ရှိနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ ဘန်နီယေ မီယန်ချေခရိုင်ထဲမှာရှိတဲ့ ပရေချမ်းရွာထဲကို ထိုင်းစစ်တပ်က ပစ်တဲ့ လက်နက်ကြီးကျည် ၂ လုံးကျတယ်လို့ ဆိုပါတယ်။
နောက်ပြီး ထိုင်းစစ်တပ်က အဲဒီခရိုင်ထဲက သမာဆန်းရွာကို တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ ဗုံး ၂ လုံးကြဲခဲ့တယ်လို့ ကမ္ဘောဒီးယားက သတင်းထုတ်ပြန်ပါတယ်။
အစောပိုင်းတုန်းကတော့ ကမ္ဘောဒီးယားဟာ နှစ်နိုင်ငံ နယ်စပ်က မတည်ငြိမ်မှုတွေကြောင့် လုံခြုံရေးကို ထောက်ရှုပြီး ကုန်းလမ်းနယ်စပ်ဖြတ်ကျော်စခန်းတွေ အားလုံးကို နောက်ထပ် ကြေညာချက် တစ်စုံတရာ မထုတ်မချင်း ပိတ်ထားလိုက်ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်ရဲ့ကျားဖြန့်စွပ်စွဲချက် KNU ကို ချနင်းတဲ့လုပ်ရပ်လို့ KNU တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, KNU
စစ်ကော်မရှင်ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ရဲ့ အကြီးဆုံးတရားခံဖြစ်တယ်ဆိုတာ ငြင်းကွယ်လို့မရဘဲ အပြည်ပြည်ဆိုင်ရာရှေ့မှောက်မှာ ရှင်းရှင်းလင်းလင်းပေါ်လာတာကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ကို တမင်ချနင်းပစ်ဖို့ လုပ်လာတယ်လို့ KNU ပြောရေးဆိုခွင့် ရှိသူ ပဒိုစောတောနီးက တုံ့ပြန်ပါတယ်။
ဒီနေ့မနက်ပိုင်းရန်ကုန်မြို့မှာပြုလုပ်တဲ့ စစ်ကော်မရှင်ရဲ့ အမျိုးသားအဆင့်အွန်လိုင်းလိမ်လည်မှု နှိမ်နင်းရေးလုပ်ငန်းစဉ်အကြောင်း ရှင်းလင်းပွဲမှာ KNU က ကျားဖြန့်လုပ်ငန်းနဲ့ အဓိက ပတ်သက်နေပြီး ထိုင်းဘက်ခြမ်းလက်နက်ကြီးကျရောက်မှုတွေကလည်း KNU ပဲလုပ်ဆောင်ခဲ့တာလို့ စွပ်စွဲခဲ့တာပါ။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ စစ်တပ်ရဲ့ကျားဖြန့်နှိမ်နင်းရေးကသာ ဟန်ပြဆောင်ရွက်ချက်ဖြစ်ပြီး စစ်တပ်က ဖမ်းဆီးမိတဲ့ ကျားဖြန့်လုပ်ဆောင်သူအရေအတွက်ဟာ အနည်းအကျဉ်းသာဖြစ်တယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့နယ်ထဲ ကျုံဒိုးအထိထွက်ပြေးလာတာကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်မှာ ထိုင်းအာဏာပိုင်တွေလက်ထဲကို ကျားဖြန့် ၂၀ ကျော်နဲ့အတူ ပစ္စည်းတွေအပါအဝင် အားလုံးကို ပြန်လည်လွှဲအပ်လိုက်တာလည်း သာဓကအထောက်အထားအခိုင်အမာဖြစ်တယ်" လို့ သူက ပြောပါတယ်။
ဒါအပြင် မွန်ပြည်နယ်၊ သထုံဘက်မှာလည်း ကျားဖြန့်လုပ်ကိုင်သူတချို့ကို ပစ္စည်းနဲ့အတူ KNU က ဖမ်းမိတဲ့ဖြစ်စဉ်ရှိတယ်လို့လည်း သိရပါတယ်။
စစ်ကော်မရှင်ဟာ ကျားဖြန့်အဆောက်အဦတွေကို ဟန်ပြ ဖောက်ခွဲပြနေတာဖြစ်ပြီး ဗုံးမခွဲခင် ကျားဖြန့် ခေါင်းဆောင်တွေကို လုံခြုံတဲ့နေရာတွေကိုခေါ်ထုတ်ခဲ့တယ်လို့လည်း သူက စွပ်စွဲပါတယ်။
မြန်မာစစ်တပ်ဟာ ကမ္ဘာ့သတင်းခေါင်းစဉ်တွေမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park၊ ရွှေကုက္ကို နယ်မြေထဲက ကျားဖြန့်လုပ်ဝင်းတွေအပြင် မြဝတီမြို့ပေါ်က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းတယ်လို့ဆိုတဲ့စီးနင်းရှာဖွေတာတွေကို အခုလတွေအတွင်း ပြုလုပ်နေပါတယ်။
နောက်ပြီး စစ်ကော်မရှင်ဟာ အဲဒီလုပ်ငန်းမှာခိုင်းစေခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းကတဆင့် နေရပ်ပြန်ပို့နေသလို လုပ်ငန်းတွေက သိမ်းဆည်းရမိတဲ့ ဖုန်း၊ ကွန်ပျူတာနဲ့ လုပ်ငန်းသုံး အဆောက်အဦ တို့ကို ဖောက်ခွဲဖျက်ဆီးတာတွေကို လုပ်နေပါတယ်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ ဒီလုပ်ရပ်ဟာ ကျားဖြန့်လုပ်ငန်းလို ရာဇဝတ်မှုကြီးအတွက် သက်သေအထောက်အထားတွေကို ဖျက်ဆီးကာ နောက်ထပ်ရာဇဝတ်မှုထပ်ကျူးလွန်တာလို့ ဆိုပါတယ်။
အခုလို ဖုန်း၊ ကွန်ပျူတာနဲ့ အဆောက်အဦတွေကိုဖျက်ဆီးတာနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ မှာလည်း သတင်းမီဒီယာတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ "ကျွန်တော်တို့က တိတ်တိတ်လေးမလုပ်ဘူး၊ ပေါ်တင်လုပ်နေတာ။ သက်သေဖျောက်ဖျက်စရာမရှိပါဘူး။ စံနမူနာအနေနဲ့ အဆောက်အဦတွေကိုဖျက်ပြတာဖြစ်တယ်" လို့ ဆိုပါတယ်။
ထိုင်း - မြန်မာနယ်စပ်ဟာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့နေရာဖြစ်တာကြောင့် နောက်တကြိမ် ကျားဖြန့်လုပ်ငန်းတွေအဆောက်အဦထဲဝင်ရောက်မလုပ်ကိုင်နိုင်အောင် ဖျက်ဆီးတာလို့လည်း သူက ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာပါဝင်တဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကလည်း ကျားဖြန့်နှိမ်နင်းရေးဟာ စစ်ဆင်ရေးထက်ပိုပြီးအရေးကြီးတဲ့ကိစ္စအဖြစ် ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ နှိမ်နင်းရေးအတွင်း ကျားဖြန့်လုပ်ငန်းမှာလုပ်ကိုင်တဲ့ နိုင်ငံပေါင်း ၄၂ နိုင်ငံက နိုင်ငံခြားသား ၁၃,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ကျားဖြန့်ကနေ ဖမ်းမိသူတွေကို KNU တိုက်ရိုက်လွှဲတာ လက်မခံဖို့ ထိုင်းကို ပြောမယ်လို့ဆို

ကရင်အမျိုးသားအစည်းအရုံး (KNU) က စီးနင်းဖမ်းဆီးခဲ့တဲ့ မင်းလက်ပံကျားဖြန့်လုပ်ငန်းက နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံကို တိုက်ရိုက်လွှဲပြောင်းတာကို လက်မခံဖို့ ထိုင်းနဲ့ တရုတ်ကို ပြောမယ်လို့ စစ်ကော်မရှင် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ပြောပါတယ်။
စစ်ကော်မရှင်က အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု နှိမ်နင်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဒီနေ့ မနက် ၁၀ နာရီကစလို့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ကမှ နေပြည်တော်ကိုရောက်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိက အခုထိုင်းနိုင်ငံကို ရောက်ရှိနေပြီး တရုတ်-မြန်မာ- ထိုင်း သုံးနိုင်ငံပြုလုပ်မယ့်အစည်းအဝေးမှာ KNU က လွှဲပြောင်းတာတွေ လက်မခံဖို့ ပြောမယ့်အကြောင်း ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ပြောပါတယ်။
တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ရွှေကုက္ကိုကို သွားရောက်ကြည့်ရှုဖို့လည်း ရှိတယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း KNU ဟာ စစ်တပ်ရဲ့ လက်နက်ကြီးကျည် ထိုင်းဘက်ကို ကျရောက်တဲ့ပုံစံ ပုံဖော်ပြီး "KNU က ထိုင်းနဲ့ မြန်မာကြား ပြဿနာဖြစ်အောင်လုပ်နေတယ်'' လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက စွပ်စွဲပြောဆိုပါတယ်။
အဲဒီစွပ်စွဲချက်အတွက် ယူနီဖောင်းဝတ် အမျိုးသားအချို့ကို ပစ်ခတ်နေတဲ့ရုပ်သံတစ်ခုကိုလည်း သူက ဖွင့်ပြထားပါတယ်။ ရုပ်သံနဲ့ပတ်သက်တဲ့စွပ်စွဲချက်ကို ဘီဘီစီက KNU ပြောခွင့်ရသူထံ မေးမြန်းခဲ့ပေမဲ့ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာ မပေးပါဘူး။
KNU က ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတယ်လို့ သူက စွပ်စွဲပြီး KNU ခေါင်းဆောင်တွေကို ပြည်တွင်းဥပဒေအရရော နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နဲ့ ပါပူးပေါင်းပြီး အရေးယူဖို့ လုပ်မယ် ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ကြတာပါ။
ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) ထိန်းချုပ်တဲ့ ကရင်ပြည်နယ်၊ ဖလူးဒေသ၊ မင်းလက်ပံရွာမှာရှိတဲ့ Shunda Park ကို KNU က ဝင်ရောက်စီးနင်း ရှာဖွေပြီး ရာနဲ့ချီတဲ့နိုင်ငံခြားသားတွေ နေရပ်ပြန်ပို့ဖို့ ထိုင်းဘက်ကို လွှဲပြောင်းထားပါတယ်။
KNU ကတော့ ကျားဖြန့်လုပ်ငန်းတွေကို မလုပ်ကိုင်ဘူးလို့ အစောပိုင်းကတည်းက ငြင်းဆိုထားပြီး ဒီလုပ်ငန်းတွေကိုနှိမ်နင်းဖို့အတွက် နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ကြေညာထားပါတယ်။
စစ်သားတွေ တိုက်ရည်ခိုက်ရည်တိုးအောင်လုပ်ဖို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS
လက်ရှိမှာ မြန်မာစစ်တပ်အတွက်လိုအပ်တဲ့ လက်နက်တွေ၊ လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ရေယာဉ်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနေလို့ တိုက်စွမ်းအားတွေ ပြည့်ဝလာဖို့ စစ်သားတစ်ဦးချင်းရဲ့ စွမ်းရည်တိုးတက်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ စစ်လက်နက်စက်ရုံတွေကို သွားရောက်လေ့ရှိပြီး မကြာသေးခင်ကပဲ ရုရှားထုတ် အလတ်စားဘက်စုံသုံးရဟတ်ယာဥ် Mi 38 ကို ရုရှားရဲ့ ပထမဆုံးပြည်ပ ဝယ်လက်အနေနဲ့ ဝယ်ယူခဲ့ပါသေးတယ်။
မနေ့ ဒီဇင်ဘာ ၁၃ ရက်တုန်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်တွေက အရာရှိ၊ စစ်သည်တွေနဲ့ တွေ့တဲ့အချိန်မှာ အမြဲတိုက်ပွဲဝင်အသင့်(Fit for Fight)ဖြစ်နေဖို့ လိုတယ်ဆိုပြီး စစ်ခေါင်းဆောင်က ပြောလိုက်တာဖြစ်ပါတယ်။
ကိုင်တွယ်အသုံးပြုရတဲ့ လက်နက်ပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် အသုံးချနိုင် လုပ်ဖို့ကိုလည်း သူက ထည့်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလတွေမှာ မြန်မာစစ်တပ်ရဲ့ စစ်ဌာနချုပ်၊ တပ်ရင်းတပ်ဖွဲ့တွေပါလက်လွှတ်ခဲ့ရပြီး စစ်ရေး ရှုံးနိမ့်မှုအများဆုံး အခြေအနေလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ခဲ့ကြပါတယ်။
အဲဒီနောက် မြန်မာစစ်တပ်ဟာ စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ လူအင်အားဖြည့်တင်းခဲ့ပြီး ဒရုန်းလို နည်းပညာတွေကိုပါ အဆင့်မြှင့်တာတွေလုပ်ခဲ့ပါတယ်။
ဒီလို လက်နက်ခဲယမ်းနဲ့ နည်းပညာမြှင့်တင်တာဟာ စစ်ရေးအဖြေကို အပြောင်းအလဲဖြစ်စေတယ်လို့ စစ်ခေါင်းဆောင်ကိုယ်တိုင်ထုတ်ပြောခဲ့ဖူးပါတယ်။
အခုတော့ ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံက မြန်မာစစ်တပ်ဟာ အာရှဒေသတွင်းစစ်ရေးစွမ်းရည်မှာတော့ အဆင့် ၁၈ မှာရပ်တည်နေတယ်လို့ Lowy Institute ရဲ့ (Asia Power Index) ညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ လက်နက်အင်အားတွက်ချက်မှုမှာ မြန်မာစစ်တပ်က အဆင့် ၂၀ ကို ရောက်နေပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာဆို မြန်မာအောက်မှာ လာအိုနဲ့ ကမ္ဘောဒီးယားပဲရှိတော့တယ်လို့ စစ်တမ်းအရ သိရပါတယ်။
မြောက်ဦးကို ဆေးရုံလေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ အာဆီယံပြော

ဓာတ်ပုံ ရင်းမြစ်, Wai Hun Aung
ရခိုင်ပြည်နယ်အနောက်ပိုင်းက မြောက်ဦးမြို့ ခရိုင်ဆေးရုံကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချသလို အရပ်သားပြည်သူ ၃၀ ကျော် သေဆုံးခဲ့တဲ့အခုဖြစ်ရပ်အတွက် အလွန်အမင်း စိုးရိမ်ပူပန်တယ်လို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က ပြောလာပါတယ်။
အရပ်သားနဲ့ ကျန်းမာရေးအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗင်းရှင်း အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်တာဖြစ်ပြီး အာဆီယံပဋိညာဉ်နဲ့ မကိုက်ညီတဲ့လုပ်ရပ်ကိုလည်း လက်မခံနိုင်ဘူးလို့ အာဆီယံရဲ့ မနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်ညပိုင်းမှာ မြန်မာစစ်တပ်က အာရက္ခ တပ်တော် (အေအေ) သိမ်းပိုက်ထားတဲ့ မြောက်ဦးက ပြည်သူ့ဆေးရုံကို ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၃၃ ဦး သေဆုံးပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေအေရဲ့ စာရင်းအရ သိရပါတယ်။
လေကြောင်း ဗုံးကြဲခဲ့တဲ့ မြန်မာစစ်တပ်ကိုတော့ ထုတ်ပြန်ချက်ထဲမှာ နာမည်တပ် ထည့်သွင်းပြော ဆိုထားတာ မတွေ့ရပါဘူး။
ဒါပေမဲ့ မြန်မာက အဖွဲ့အစည်းပေါင်းစုံအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပြီး အရပ်သား နဲ့ အရပ်သားဆိုင်ရာအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ရပ်တန့်ဖို့ဆိုတဲ့အချက်ကို ထည့်ပြောထားပါတယ်။
ဒါအပြင် ၂၀၂၅ မေ ၂၆ ရက်တုန်းက မြန်မာက အပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးတာနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေထုတ်ပြန်ခဲ့တဲ့အတိုင်း အပြည့်အဝ ဆက်လက်အကောင်အထည် ဖော်ဖို့ကိုလည်း ပြောပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း အကောင်အထည်ဖော်မှသာ မြန်မာပြည်သူတွေ အတွက်အကျိုးပြုသလို ဒေသတွင်းငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူပြုမယ်လို့ ဆိုပါတယ်။
အခုလို မြောက်ဦးဆေးရုံကလူအစုလိုက်အပြုံလိုက် သေဆုံးမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချကြသလို ပြည်တွင်းက တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း မြန်မာစစ်တပ်က စစ်ရာဇဝတ်မှု ထပ်ကျူးလွန်တာ ဖြစ်ကြောင်း အသီးသီး သဘောထားထုတ်ပြန်နေကြပါတယ်။
ဒါပေမဲ့ စစ်တပ်ကတော့ အေအေ၊ ဒေသခံ PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)နဲ့ အရှိုချင်းစတဲ့တပ်တွေဟာ မြောက်ဦးဆေးရုံကို ဆေးရုံအသွင်အပြင်အဖြစ် အခြေပြုပြီး စစ်စခန်းအဖြစ် သုံးနေတာကြောင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒီဇင်ဘာ ၁၂ ရက်မှာ သတင်းထုတ်ပါတယ်။








