ကျွန်မ ကနေဒါမှာ ဘဝကို တစ်ကနေပြန်စရပေမဲ့ မြန်မာနိုင်ငံအတွက် အမြဲ Speak Out လုပ်နေပါမယ်

ရေးသားခဲ့သည်။

ကနေဒါနိုင်ငံ၊ ချားလော့မြို့ကို ရောက်ရှိနေတဲ့ အလှမယ်ဟန်လေးနဲ့ဆက်သွယ်မေးမြန်းချက်

အလှမယ်ဟန်လေးဟာ ကနေဒါနိုင်ငံ ချားလော့မြို့ကို စက်တင်ဘာ၂၉ ရက်မြန်မာစံတော်ချိန် မနက် ၅ နာရီမှာ ​ရောက်ရှိခဲ့ပါပြီ။ ပတ်စ်ပို့မှားယွင်းသုံးစွဲတယ်ဆိုပြီး ထိုင်းလေဆိပ်ထဲမှာ ခြောက်ရက်ကြာနေထိုင်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အကူအညီနဲ့ အခုတော့ကနေဒါနိုင်ငံမှာ အခြေချနေထိုင်ခွင့်ရရှိခဲ့ပါပြီ။ ကနေဒါကို ရောက်ရှိသွားပြီဖြစ်တဲ့ အလှမယ်ဟန်လေးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

Han Lay

ဓာတ်ပုံ ရင်းမြစ်, Han Lay

ဘီဘီစီ-ကနေဒါကို အခု ရောက်ရှိလာတဲ့အချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ခရီးရှည်အကြောင်းပြန်ပြောပြပါဦး။

 ကျွန်မ ထိုင်းလေဆိပ်ထဲမှာပဲ ရှိနေတုန်း ပြီးခဲ့တဲ့ ၂ ရက်လောက်က ညပိုင်းမှာ UNHCR ကနေ ဖုန်းဆက်လာပြီး ကနေဒါကိုသွားခွင့်ရပြီ၊ အသင့်ပြင်ထားဖို့အကြောင်းကြားလာခဲ့ပါတယ်။ နောက်တစ်နေ့မနက်ရောက်တော့  IOM (International Organization for Migration) ၊ UNHCR နဲ့ လေကြောင်းလိုင်းက တာဝန်ရှိသူတွေရောက်လာပြီး ညွှန်ကြားချက်က်တွေပေးပါတယ်။  လိုအပ်တဲ့စာရွက်စာတမ်းတွေ ပေးတယ်။ ကနေဒါကို ရောက်တဲ့အခါ ပြရမယ့်စာရွက်စာတမ်းတွေပေ့ါ။ ကျွန်မ စက်တင်ဘာ ၂၇ ရက် မနက်ကျတော့ကိုရီးယားရောက်တယ်။

ကိုရီးယားရောက်တော့  ကိုရီးယားက လူဝင်မှုကြီးကြပ်ရေးက လူတွေလာစောင့်တယ်။ စပယ်ရှယ်ကေ့စ်အနေနဲ့စောင့်ခိုင်းထားတာပေ့ါနော်။ ပြီးတာနဲ့ ကျွန်မ ကနေဒါကို ဆက်ပြီးထွက်ခွာပါတယ်။ ကနေဒါကိုရောက်တော့ကျွန်မကိုစောင့်နေတဲ့မြန်မာ အဖွဲ့အစည်းတွေရှိပေမဲ့ ကနေဒါက တာဝန်ရှိသူတွေက ဗီအိုင်ပီကေ့စ်ဆိုပြီး  လုံခြုံရေးတွေက ခေါ်သွားတဲ့အတွက် ကျွန်မ မီဒီယာတွေနဲ့ရောတွေ့ခွင့်မရပါဘူး။ အခုတော့ ကနေဒါနိုင်ငံ၊​ တိုရွန်တိုမြို့ကနေ ချားလော့ဆိုတဲ့မြို့ကိုရောက်ပါပြီ။ အခု နှစ်ပတ် ကွာရန်တင်းဝင်နေပါတယ်။​ ကျွန်မကိုလုံခြုံရေးအခြေအနေအရ လုံးဝအစောင့်အရှောက်နဲ့ခေါ်ယူသွားတာဖြစ်လို့ ကျွန်မ ဘယ်သူနဲ့မှတော့တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့အခု ချားလော့ရောက်တဲ့အခါမှာတော့ကျွန်မအေးအေးဆေးဆေးပါပဲ။  ကျွန်မ နေထိုင်သွားတာလာတာ လွတ်လွတ်လပ်လပ်ပါပဲ။  

ဘီဘီစီ-ဒါဆို ကနေဒါမှာက မဟန်လေးက လက်ရှိ ဘယ်လိုစာရွက်စာတမ်းတွေနဲ့နေထိုင်ရပါသလဲ။ ပြီးတော့ အခုမြို့မှာရော အခြေချဖြစ်မှာပါလား။

 ကျွန်မကို ကနေဒါနိုင်ငံက ယာယီပတ်စ်ပို့စ်ကိုတစ်နှစ်သက်တမ်းနဲ့ထုတ်ပေးထားပါတယ်။ ကျွန်မက  တိုရွန်တိုမြို့ကို ပြန်ပြောင်းဖို့ စီစဥ်ထားပါတယ်။ ပုံမှန်ဆိုရင်တော့ ကနေဒါနိုင်ငံကနေ အမြဲတမ်းနေထိုင်ခွင့် ပီအာ (PR) ပေးပြီးမှ ခေါ်တာပါ။ ကျွန်မကေ့စ်ကတော့ urgent အားဂျန့် ဖြစ်သွားတဲ့အတွက် ကျွန်မ အခု ဒီကိုရောက်ပြီး သုံးရက်နေမှ ပီအာကတ် PR card ရပါမယ်။ နောက်နိုင်ငံသားတို့ နိုင်ငံကူးလက်မှတ်တို့ကတော့ နိုင်ငံအတွင်းမှာ ၂  နှစ်နေရင်ရပါတယ်။ ဆက်ပြီးလုပ်စရာရှိတာတော့ ကျွန်မ ဆက်လုပ်ရမှာပေ့ါ။ တိုရွန်တိုကိုပြန်ပြောင်းတယ်ဆိုတာကလည်း ကနေဒါမြန်မာအသိုင်းအဝိုင်းက အဲဒီမှာ ရှိတယ်။ ကျွန်မတို့ မြန်မာနိုင်ငံအတွက်အလုပ်တွေ ပိုပြီး လုပ်နိုင်အောင်ပါ။  

Han Lay

ဓာတ်ပုံ ရင်းမြစ်, Han Lay

ဓာတ်ပုံ ပုံစာ, ကနေဒါကိုမထွက်ခွာမီ ထိုင်းလေဆိပ်တွင်းမှာတွေ့ရတဲ့ဟန်လေး

ဘီဘီစီ-အခုလို နိုင်ငံတစ်ခုကို ရောက်ပြီဆိုတော့ဘဝကို ပြန်ပြီးအသစ်ကပြန်စရတော့မှာပေ့ါနော်။ အဲဒီအတွက်မဟန်လေး ဘာတွေတွေးထားတာရှိလဲ။  

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 ကျွန်မ ထိုင်းလေဆိပ်ထဲမှာ ရှိချိန်တုန်းက အခန်းထဲမှာတစ်ယောက်တည်းဝမ်းနည်းပြီး ဘာဆက်လုပ်ရမလဲမသိ ကြောက်ခဲ့ရတယ်။ တုန်လှုပ်ခဲ့ရတယ်။ အခုဆို ကျွန်မ လည်း သတင်းကြားတယ်။ ထိုင်းမြန်မာနယ်စပ်မှာဆို ပိတ်မိနေတဲ့ ကျွန်မတို့နိုင်ငံသားတွေရှိနေတယ်။ သူတို့တွေလည်း ကျွန်မ ကိစ္စဖြစ်တော့ အရမ်းစိုးရိမ်နေကြတယ်လို့သိရတယ်။ အဲဒီအတွက်ကျွန်မလည်း သူတို့အတွက် ဆုတောင်းပေးနေပါတယ်။ ဒါ့အပြင် ကနေဒါမှာရှိတဲ့မြန်မာအသိုင်းအဝိုင်းကလည်း သူတို့အတွက် ထိုင်းကိုသွားပြီးကူညီဖို့လုပ်ဆောင်မယ်လို့ ကျွန်မသိရပါတယ်။ အဲဒီတော့ သူတို့အတွက်လည်း ကျွန်မတို့ ကနေဒါရောက်မြန်မာအဖွဲ့အစည်းကလည်း အကောင်းဆုံးကြိုးစားပါ့မယ်လို့။

 ကျွန်မအတွက်တော့ဘဝကို အသစ်ကနေ ပြန်စရပေမဲ့ မြန်မာနိုင်ငံအတွက် Speak out အမြဲလုပ်နေပါမယ်။ ကနေဒါမြန်မာလူမှုအသိုင်းအဝိုင်းကလည်း ကျွန်မကို အများကြီး ဖေးမကူညီပါတယ်။ သူတို့လုပ်နေတဲ့ မြန်မာနိုင်ငံအတွက် ရန်ပုံငွေရှာဖွေတဲ့ပွဲတွေအပါအဝင် မြန်မာ့အရေးလှုပ်ရှားမှုတွေမှာ ကျွန်မ တတ်နိုင်သမျှ ပါဝင်သွားမှာပါ။ နောက်ကျွန်မရဲ့ဘဝရပ်တည်ရေးအတွက်ဆိုရင်တော့ ကျွန်မရဲ့ ကယ်ရီယာဖြစ်တဲ့ အလှမယ်အလုပ်ကိုတော့ ခဏတော့ ရပ်ထားရပါမယ်။ ဒီမှာ ဆက်ပြီးရပ်တည်နေထိုင်ဖို့က ကနေဒါနိုင်ငံက ဘွဲ့ရထားရင် အဆင်ပြေပါတယ်။ ကျွန်မ မာစတာဖြစ်ဖြစ် ဒီဂရီတစ်ခုဖြစ်ဖြစ် ထပ်တက်ရမှာပါ။ ကျောင်းကိုကျွန်မ တစ်နှစ်သို့မဟုတ် နှစ်နှစ်လောက်တော့ တက်ရပါမယ်။ ကျွန်မက စိတ်ပညာအထူးပြု BA ဆိုက်ကော်လော်ဂျီနဲ့ကျောင်းပြီးထားတော့လေ။ အဲဒီလိုကျောင်းတက်ပြီးမှပဲ ကျွန်မ ကယ်ရီယာဘက်ပြန်သွားဖို့ စဥ်းစားထားပါတယ်။

 ဘီဘီစီ-ဘဝကို တစ်ကပြန်စရမယ်ဆိုတော့မဟန်လေးရဲ့ နေ့စဥ်ဘဝအတွက်လောလောဆယ် ဘာအလုပ်တွေလုပ်ဖို့ ရှိလဲ။

ဟုတ်ကဲ့။ ကျွန်မဘဝကို new life ပြန်စရမှာဆိုတော့ ကျွန်မလည်းဘာလုပ်ရင်ကောင်းမလဲ အခုစဥ်းစားနေတာပါ။ အလှမယ်ပဲ ကိုယ်က အတွေ့အကြုံရှိတာဆိုတော့လေ။ ကနေဒါမြန်မာ အသိုင်းအဝိုင်းကလည်းကျွန်မအတွက်အများကြီး စဥ်းစားပေးနေပါတယ်။ ကနေဒါလေဆိပ်မှာ အင်္ဂလိပ်စကား ဘာသာပြန်လိုနေတယ်။ လုပ်မလားဆိုပြီး မေးနေတယ်။ ကျွန်မကို အလုပ်တွေရှာပေးထားကြပါတယ်။ ကျွန်မ အခုပဲရောက်တယ်။ အလုပ်က ရှိနေပြီဆိုတဲ့သဘော။ ဒါပေမဲ့ သူတို့ကတော့ကျွန်မကို ကျောင်းပဲဆက်တက်စေချင်တယ်။ ဒါပေမဲ့ ကျွန်မဒီကြားထဲမှာ စားဝတ်နေရေးအတွက် တစ်ခုခုတော့လုပ်ရမှာပေ့ါနော်။

Han Lay

ဓာတ်ပုံ ရင်းမြစ်, Han Lay

ဓာတ်ပုံ ပုံစာ, ကနေဒါကိုဆက်လက်ထွက်ခွာဖို့ ကိုရီးယားလေဆိပ်မှာတွေ့ရတဲ့ဟန်လေး