ရာဖာနယ်စပ်ဂိတ်တစ်ဖက်ခြမ်းက အကူအညီတွေ ဂါဇာထဲမှာ အကြီးအကျယ်လိုအပ်နေ - အောက်တိုဘာ ၂၀ ရက် ညခင်း သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီဂျစ် နယ်စပ်မှာ စောင့်နေတဲ့ အရေးပေါ် စားစရာ ၊ ရေနဲ့ ဆေးဝါးတွေ တင်ဆောင်ထားတဲ့ ဒါဇင်နဲ့ချီတဲ့ ထရပ်ကားတွေကို ဂါဇာထဲ ဝင်ခွင့်ပေးပါလို့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က ပန်ကြားလိုက်ပါတယ်။
"ဒီထရပ်ကားတွေ ခပ်မြန်မြန် ခပ်များများ ဂါဇာထဲ ဝင်ရောက်ပို့ဆောင်ပေးဖို့ လိုပါတယ်၊ ဒါဟာ အရှည်သဖြင့် လုပ်သွားရမယ့်ကိစ္စပါ ၊ ယာဉ်တန်းတစ်ခုထဲကို ဝင်ခွင့်ပေးတာမျိုး မဟုတ်ဘဲ ဖြစ်သင့်တဲ့ အရေအတွက်မျိုး ၊ ဂါဇာလူထု လုံလောက်တဲ့ အနေအထားမျိုးကို နေ့စဉ်ဝင်ခွင့်ပေးစေချင်ပါတယ်"လို့ မစ္စတာ ဂူးတားရက်စ် က ပြောပါတယ်။
ရာဖာ နယ်စပ်ဂိတ် ရောက်စဉ် သူက ပြောကြားခဲ့ရာမှာ ဒီလော်ရီကားတွေဟာ ဂါဇာအရပ်သားတွေ အတွက် သေရေးရှင်ရေးတမျှ အရေးကြီးပြီး လောင်စာဆီ ဆိုရင် ရေနဲ့ မီးရဖို့ အတွက် အရေးပါ ပါတယ် လို့ ကုလအကြီးအကဲက ပြောပေမဲ့ အစ္စရေးကတော့ သူ့ရဲ့ ပြောဆိုချက်တွေကို သဘောမတူပါဘူး။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ အပစ်ရပ်ပေးဖို့ကိုလည်း မစ္စတာ ဂူတားရက်စ်က မေတ္တာရပ်ခံလိုက်ပါတယ်။
တကယ်လို့ ဂါဇာထဲ လူမှုအကူအညီတွေ ဝင်ပေးဖို့ အစ္စရေးနဲ့ သဘောတူချက်ရရင်တောင် ပထမဆုံးအနေနဲ့ ထရပ်ကား အစင်း ၂၀ ဝန်းကျင်ဘဲ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
အီဂျစ်ကတော့ သူတို့ဘက်က နယ်စပ်ဂိတ်ကို ဖွင့်ပေးလိုက်ပြီ ဖြစ်ပေမဲ့ ဂါဇာဘက်အခြမ်းကိုတော့ အစ္စရေးက မဆုံးဖြတ်ရသေးဘူးလို့ ဆိုကြောင်း အစောပိုင်းတုန်းက ပြောကြားထားပါတယ်။
လက်ရှိဂါဇာအရေးမှာ နှစ်ဖက်သေဆုံးမှု
တစ်ချိန်တည်းမှာ အစ္စရေးရဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အခုအခါ သေဆုံးသူပေါင်း လေးထောင်ကျော်ပြီလို့ ဂါဇာမှာ ရှိတဲ့ ဟားမတ်စ် ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
အစ္စရေးဘက်မှာလည်း အောက်တိုဘာ ၇ ရက်တုန်းက ဟားမတ်စ် အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူပေါင်း ၁၄၀၀ ရှိခဲ့ပါတယ်။
မနေ့ည တုန်းက ဂရိ အော်သိုဒေါ့စ် ဘုရားကျောင်း တိုက်ခိုက်ခံရမှု ဖြစ်ခဲ့ပြီးနောက် တစ်ညတည်းမှာတင် ပါလက်စတိုင်း ၁၈ ယောက် အသတ်ခံရပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
လူမှုကယ်ဆယ်ရေး အဖွဲ့တွေကတော့ ဂါဇာအခြေအနေက ကပ်ဘေးထက် ဆိုးရွားတဲ့ အခြေအနေ ဆိုက်နေတယ်လို့ ဆိုပါတယ်။
ဆေးရုံတွေမှာလည်း ဆေးဝါးနဲ့ လောင်စာဆီ ပြတ်တောက်နေပြီး စားစရာလည်း နည်းလာကာ တချို့လူတွေဆို ရေဆိုးတွေသောက်နေရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အရပ်သား တစ်သန်းလောက် အိုးအိမ်စွန့်ခွာ ပြေးနေရပြီး တချို့ဆို ဂါဇာတောင်ပိုင်းမှာ နေစရာ ရှာမရ တာကြောင့် မြောက်ပိုင်းကို ပြန်ပြောင်းလာနေရတယ်လို့ ဆိုပါတယ်။
လက်ဘနွန်နဲ့ အစ္စရေးကြားက နယ်စပ်မြို့မှာ နေရပ်စွန့်ဖို့ အစ္စရေးစစ်တပ် ကြေညာထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အစ္စရေးမြောက်ပိုင်း Kiryat Shmona မြို့သူမြို့သား အားလုံး နေရပ်စွန့်ခွာကြဖို့ အစ္စရေး စစ်တပ်က ပန်ကြားထားပါတယ်။
လက်ဘနွန်နဲ့ နယ်စပ်တလျှောက် ဟစ်ဇဘိုလာ တိုက်ခိုက်ရေးသမားတွေနဲ့ အစ္စရေး စစ်တပ် တိုက်ပွဲ ဖြစ်နေတာပါ။
လူဦးရေ နှစ်သောင်းလောက်ရှိတဲ့ အဲဒီမြို့သူမြို့သား အများစုကတော့ ဟစ်ဇာဘိုလာရဲ့ လက်နက်ကြီးဒဏ်ကြောင့် မြို့ကို စွန့်ခွာသွားကြပြီ ဖြစ်ပါတယ်။
ဟားမတ်စ်နဲ့ အစ္စရေး ပဋိပက္ခ ကျယ်ပြန့်လာတာကြောင့် အခုလို စိုးရိမ်ချက်တွေ ထွက်ပေါ်လာတာပါ။
အစ္စရေး ဝင်ရောက်အခြေချတဲ့ ဂါဇာ အနောက်ဘက်ကမ်း ဒေသမှာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အစ္စရေး စစ်သားတွေနဲ့ အခြေချသူတွေလက်ချက်ကြောင့် ပါလက်စတိုင်း အယောက် ၈၀ ကျော် သေဆုံးခဲ့တဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှု တဟုန်ထိုး ကျဆင်းနေတဲ့ အခြေအနေကို ကုလသမဂ္ဂက သတိပေးထားပါတယ်။
အစ္စရေးကတော့ ညဘက်မှာ အိမ်တွေကို ဝင်ရောက် စီးနင်းပြီး လူတွေကို ဖမ်းဆီးနေတာ အဖမ်းခံရသူပေါင်း ကိုးရာကျော် ရှိလာပြီ ဖြစ်ပါတယ်။
ဂါဇာအရေး အဖြေရှာဖို့ ညီလာခံကျင်းပမယ်
ဂါဇာအပစ်ရပ်ရေးအတွက် လာမယ့်စနေနေ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကျင်းပမယ့် ညီလာခံကို ကမ္ဘာခေါင်းဆောင်တွေနဲ့ အတူ တက်ရောက်သွားမယ်လို့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်က အတည်ပြု ပြောကြားလိုက်ပါတယ်။
အီဂျစ်သမ္မတ စီစီ က ဦးဆောင်ပြီးကျင်းပတဲ့ ဒီညီလာခံမှာ နှစ်နိုင်ငံပူးတွဲနေထိုင်ရေးကို အခြေခံတဲ့ အစ္စရေး ပါလက်စတိုင်း ပဋိပက္ခ အဆုံးသတ်ရေး အတွက် ဆွေးနွေး အဖြေရှာသွားကြမှာပါ။
ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်နဲ့ အတူ တခြား အာရပ်တိုင်းပြည်တွေနဲ့ ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိပါတယ်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီလည်း တက်ရောက်မယ်လို့ သတင်းရရှိပါတယ်။
ဂါဇာအရေးမှာ တင်းမာမှုလျော့ပါးအောင် လုပ်ပေးဖို့ တရုတ်ကို အမေရိကန် ပန်ကြား

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိ အရှေ့အလယ်အပိုင်း ပဋိပက္ခဖြစ်ရတဲ့ ဇစ်မြစ်ဟာ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေး အာမခံချက်မရှိလို့ ဖြစ်ရတာလို့ တရုတ်နိုင်ငံက ပြောပါတယ်။
ရုရှား အထူးသံနဲ့ ကာတာမှာ တွေ့ဆုံပြီးနောက် တရုတ် အထူးသံ ကြိုင်ဂျွန်က ပြောကြားလိုက်တာပါ။
အခုနှစ်အတွင်း အရှေ့အလယ်ပိုင်း နိုင်ငံရေးမှာ တရုတ်ရဲ့ ပါဝင်မှု တိုးလာနေပါတယ်။
အမေရိကန်ကလည်း တရုတ်အနေနဲ့ တင်းမာမှုလျော့ပါးအောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။
ဂါဇာအရေး ပြန့်မသွားအောင် သံခင်းတမန်ခင်း အရ ဆက်လက် ကြိုးပမ်းနေကြပြီး ဗြိတိန် ဝန်ကြီးချုပ် ရစ်ရှီဆူနက်လည်း အစ္စရေးနဲ့ ဆော်ဒီအာရေဗျကို သွားရောက်ခဲ့ပြီးနောက် ဒီနေ့ ကြာသပတေးနေ့မှာတော့ အီဂျစ်ကို ရောက်နေပါတယ်။
ယူကရိန်းနဲ့ အစ္စရေးကို ထောက်ပံ့ကူညီပေးဖို့ ကွန်ဂရက်က အတည်ပြုပေးပါလို့ သမ္မတဘိုင်ဒန် ပန်ကြား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို စစ်ဘက်ဆိုင်ရာ အကူအညီ ဒေါ်လာဘီလီယံ ပေါင်းများစွာ ထပ်ပေးမယ်လို့ ပြောကြားပြီးနောက် သူ့တိုင်းပြည်ကို အထောက်အပံ့ပေးမယ့် မစ္စတာဘိုင်ဒန်ရဲ့ မိန့်ခွန်းက ခွန်အားဖြစ်စေတယ်လို့ ဆိုပြီး ယူကရိန်းသမ္မတ ဇလန်းစကီးက ကြိုဆိုလိုက်ပါတယ်။
ယူကရိန်း အနေနဲ့ အမေရိကန်က ရတဲ့ ကူညီထောက်ပံ့မှု အားလုံးအတွက် ကျေးဇူးတင်ကြောင်းနဲ့ သူတို့နှစ်နိုင်ငံ ပေါင်းပြီး အကြမ်းဖက်သမားတွေရဲ့ ဒီမိုကရေစီ ဖျက်စီးမယ့်အရေးကို လက်ခံခွင့်ပြုမှာ မဟုတ်ဘူးလို့ မစ္စတာ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းကို အကူအညီသစ်တွေ ထပ်ပေးဖို့နဲ့ အစ္စရေးကို ပေးမယ့် အကူအညီတွေ အတွက် ကွန်ဂရက်အနေနဲ့ အတည်ပြုပေးဖို့ မစ္စတာ ဘိုင်ဒန်က မနေ့ ကြာသပတေးနေ့က ရုပ်မြင်မိန့်ခွန်းမှာ ထည့်သွင်းပြောသွားခဲ့တာပါ။
ဒါပေမယ့် လတ်တလော အမေရိကန်မှာ အောက်လွှတ်တော် ဥက္ကဌ ရာထူး လစ်လပ်နေတာကြောင့် သမ္မတဘိုင်ဒန်ရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းမရ ဖြစ်နေပါတယ်။








