မတ် ၃ ရက်ထိပ်တန်းသတင်းများ- NLD ပါတီကနေဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်းအပါအဝင် လေးဦးကို ထုတ်ပယ်

ရေးသားခဲ့သည်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကို မနက် ၆ နာရီ ကနေ ညနေ ၆ နာရီအတွင်းသာ ဖြတ်သန်းသွားလာဖို့ ပူတာအို ပီဒီအက်ဖ် ထုတ်ပြန်

Kachin state

ဓာတ်ပုံ ရင်းမြစ်, PutaO PDF

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကို မနက် ၆ နာရီ ကနေ ညနေ ၆ နာရီအတွင်းသာ ဖြတ်သန်းသွားလာဖို့ ပူတာအို ပီဒီအက်ဖ် ထုတ်ပြန်

မြစ်ကြီးနား-ပူတာအို လမ်းမှာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ ပစ္စည်းတွေကို သယ်ဆောင်ဖို့ခွင့်မပြုကြောင်း၊ မော်တော်ယာဥ်အားလုံး မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ ဖြတ်သန်းသွားကြဖို့အပါအဝင် အချက် ၅ ချက်ပါတဲ့ထုတ်ပြန်ချက်တစ်ခုကို ပူတာအို ပီဒီအက်အဖွဲ့က မတ်လ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။ ကုန်တင်ကားတွေကို အမိုးအကာအုပ်အသုံးပြုမယ်ဆိုရင် မိုးကာအကြည်သာ အသုံးပြုရန်၊ မူးယစ်ဆေးဝါးသယ်ဆောင်ခြင်းမပြုရန်နဲ့ ခရီးသည်တင်ယာဥ်တွေ မှန်ချပြီးစီးနင်းရန် အချက်တွေပါတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို မတ်လ ၂ရက်နေ့က ထုတ်ပြန်ထားပါတယ်။

“ကားတွေကတော့ ဒီဘက်ကနေ နယ်လုံလက်မှတ်ယူရတယ်။ စာထုတ်တာက တောဘက်က(PDF)ထုတ်တာ။ နယ်လုံလက်မှတ်ကို မြစ်ကြီးနားမြို့တော်ခန်းမရှေ့မှာသွားယူရတာ။ မနေ့ကထုတ်တာ မနက်၆ ညနေ ၆ က။ ခါတိုင်းက မနက် ၅ နာရီကနေ ည ၅ နာရီ မမောင်းရတော့ဘူး။ ကားဆရာတွေက ပြေပါတယ်။ ဒီလိုပဲ မောင်းနေကျကိုး။ အချိန်အရမ်းမလွန်ရင်တော့ရပါတယ်။ အချိန်လွန်ရင်တော့ တာဝန်မယူဘူးပေါ့။ အဲဒီလိုပုံစံမျိုးပါ’လို့ ဒီလမ်းကိုအသုံးပြုတဲ့ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

"ဘိလပ်မြေတို့ ဆန် တို့ကတော့ သယ်လို့ မရဘူးလေ။ စက်သုံးဆီလည်းမရဘူး။ ဘိလပ်မြေက အစကရသေးတယ်။ အခုတော့မရတော့ဘူး။ ဘိလပ်မြေသယ်ရင် သယ်ယူခွင့် ကို စစ်ကောင်စီ နယ်လုံခွင့်ပြုချက်လက်မှတ်ယူရတယ်" လို့ ယာဉ်မောင်းတစ်ယောက်ကပြောပါတယ်။

ဘိလပ်မြေဆိုရင်ပူတာအိုဘက် မှာ တစ်အိတ်ကိုကျပ်နှစ်သောင်းပေးဝယ်နေရတယ်လို့ပြောပါတယ်။

ဒါအပြင် မြစ်ကြီးနား-ပူတာအို လမ်းမှာ စစ်ကောင်စီဂိတ်နဲ့ ကေအိုင်အေ PDF ပူးပေါင်းအဖွဲ့တွေ နဲ့တွေ့တဲ့ဂိတ်ဟာ အနည်းဆုံး ၁၀ ဂိတ်လောက်ရှိတယ်လို့ ပြောပါတယ်။

ပူတာအိုဘက်ကို အခြေခံစားသောက်ကုန်တွေ လွတ်လပ်စွာ သယ်ယူတင်ပို့ခွင့်မရရှိတာကြောင့် လက်ရှိ ပူတာအိုမှာ ဆန်ဈေးက အရင်က ၅သောင်းတနးဟာ အခု ၈သောင်းကျော် ပေးဝယ်နေရပြီလို့သိရပါတယ်။

NLD ပါတီကနေဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်းအပါအဝင် လေးဦးကို ထုတ်ပယ်

NLD

ဓာတ်ပုံ ရင်းမြစ်, NLD

NLD

ဓာတ်ပုံ ရင်းမြစ်, NLD

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင် တွေဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ကို ပါတီကနေ အပြီးအပိုင်ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ဒီနေ့ မတ်လ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖန်တီးပြီး လူထုနဲ့ ကမ္ဘာကိုလှည့်စားဖို့ ကြံဆောင်နေချိန်မှာ NLD ပါတီဝင်တချို့ဟာ ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှုမရှိတဲ့အပြင် ပါတီရပ်တည်ချက်ကိုဆန့်ကျင်၊ ပါတီအမည်ကိုအလွဲသုံးစားလုပ်ဆောင်ကာ စစ်အာဏာရှင်အလိုကျ ဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြတာကိုခိုင်လုံတဲ့အထောက်အထားတွေရရှိထားတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါကြောင့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ်မမှန်မကန် သက်သေထွက်ဆိုသူတွေနဲ့ ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီး ပါတီမူဝါဒတွေကိုဆန့်ကျင်လုပ်ဆောင်နေသူတွေကိုအရေးယူပေးဖို့ ပါတီဝင်တွေရဲ့တင်ပြချက်အရ အထက်ပါပုဂ္ဂိုလ်လေးဦးကို ပါတီကနေ အပြီးအပိုင်ထုတ်ပယ်လိုက်ပြီး ပေးအပ်ထားတဲ့ တာဝန်တွေကို ရပ်ဆိုင်းကြောင်းနဲ့ ၄င်းတို့ရဲ့ ပြောဆိုဆောင်ရွက်မှုတွေဟာ ပါတီနဲ့ မသက်ဆိုင်ကြောင်း လို့ပါရှိပါတယ်။

ဒီလေးဦးကို ထုတ်ပယ်လိုက်တာဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီက ပြန်လည်ဖွဲ့စည်းထားတဲ့ ဗဟိုအလုပ်ကော်မတီရဲ့မတ်လ ၂ ရက်နေ့အစည်းအဝေးဆုံးဖြတ်ချက်လို့ ဖော်ပြထားပါတယ်။

အခုလို ပါတီက ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကာယကံရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့အဆက်အသွယ်မရရှိခဲ့ပါဘူး။

ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိမှုနဲ့ စွပ်စွဲချက်တွေထဲက တစ်မှုဖြစ်တဲ့ ရွှေနဲ့ဒေါ်လာတွေပေးတယ်ဆိုပြီး စစ်ကောင်စီဘက်က သက်သေထွက်ဆိုခဲ့ပြီး ဒီအမှုအတွက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ငါးနှစ်ချမှတ်ခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းဟာ NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅ ဦးထဲက တစ်ဦးဖြစ်ပြီး NLD အစိုးရလက်ထက် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေထဲ သူတစ်ဦးတည်းသာ စစ်ကောင်စီရဲ့ ထောင်ဒဏ်ချမှတ်ခြင်းမခံရတာ ဖြစ်ပြီး သူ့ကိုစွဲဆိုခဲ့တဲ့ ရွေးကောက်ပွဲမသမာမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ကိုလည်း ဒဏ်ငွကျပ်တစ်သိန်းသာ ချမှတ်ခဲ့ပါတယ်။

ဒေါ်စန္ဒာမင်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပါတီရဲ့တာဝန်ပေးချက်အရ ရွေးကောက်ပွဲဝင်မပြိုင်တော့ဘဲ နေပြည်တော် ပါတီအောင်နိုင်ရေးအဖွဲ့ကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ဒေါ်စန္ဒာမင်းဟာ ဖမ်းဆီးခံရတာ မရှိခဲ့ဘဲရန်ကုန်က ပါတီဌာနချုပ်ရုံးရဲ့ ရုံးပိုင်းဆိုင်ရာ ထိန်းသိမ်းမှုလုပ်ငန်းတချို့ကို တောက်လျှောက်ဆောင်ရွက်ပေးခဲ့တာမျိုးရှိခဲ့ပြီးအဲဒီနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်တယ်ဆိုတဲ့ သတင်းတွေ၊ တစ်ခါ ပါတီရုံးပြန်ဖွင့်ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပြီးဒါတွေဟာမဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့တာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် နေပြည်တော်အချုပ်ထောင်မှာရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်တို့ သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေလည်းပြီးခဲ့တဲ့ လပိုင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမဲ့ ဒီသတင်းဟာလည်းမဟုတ်မှန်ကြောင်း ကာယကံရှင်တွေဘက်က ငြင်းဆိုခဲ့ပါတယ်။

ဘုတလင်မှာ စျေးအရှေ့ဆိုင်ခန်းတွေမီးရှို့ခံရ

Butalin, Sagaing Region

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မှာ ဒီကနေ့ မတ်လ ၃ရက် မနက်ပိုင်းက ဘုတလင်စျေးရှေ့ ဆိုင်ခန်းတန်းမီးရှို့ခံရတယ်လို့ ဒေသခံတွေနဲ့ မီးရှို့ခံရတဲ့ ဆိုင်ခန်းရှင်အချို့က ‌ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒီကနေ မနက်ပိုင်းစျေးတဝိုက်ကိုရောက်လာပြီး မီးရှို့ခဲ့တာလို့ မျက်မြင်ဒေသခံတွေကပြောပြီး ဘာကြောင့် ရှို့တယ်ဆိုတာကိုတော့ တိတိကျကျပြောတာမရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။

မနေ့က ဘုတလင်မြို့အဝင် စစ်ဆေးရေးဂိတ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးတဲ့နောက် ဒီလို မြို့ထဲမှာ ‌စျေးမီးရှို့တာဖြစ်လာတာလို့ ဒေသခံတွေက ယူဆပြောဆိုနေကြပါတယ်။

'' စိုင်ပြင်မှာလည်း ဒီလိုပဲလေ သူတို့စခန်း( စစ်ကောင်စီ) တိုက်ခိုက်ခံရတော့ စိုင်ပြင်စျေးကိုနောက်နေ့ မီးရှို့တယ်။ ဒီမှာလည်း မနက်ကတည်းက သူတို့ဆဲဆိုပြီးရောက်နေကြတော့ အားလုံးကသိတယ်။ မီးရှို့မယ်ဆိုတာ။ တကယ်လည်း ရှို့လိုက်တာပါပဲ။ သူတို့ကို လုပ်ရင် ပြည်သူထိခိုက်မယ်ဆိုပြီး ခြောက်ချင်တာလို့ပဲ ယူဆနေကြတာပေါ့'' လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စျေးမီးရှို့ခံရပြီးနောက် လမ်းပိုင်းတွေနဲ့ မြို့တွင်း အဝင်အထွက်တွေကို လည်းပိတ်ထားပြီး ပစ်တာခတ်တာတွေလည်းရှိလို့ မြို့တွင်း မှာနေသူအချို့လည်း ထွက်ပြေးတိမ်းရှောင်ကြတာလည်းရှိတယ်လို့ သိရပါတယ်။

ပင်လောင်းစစ်ရှောင် ၅၀၀၀ ခန့်ထပ်တိုး

Shan State

ဓာတ်ပုံ ရင်းမြစ်, ကြယ်တံခွန်လူမှုကူညီရေးပရဟိတအသင်း

ကရင်နီအမျိုးသားကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအဖွဲ့အကြား ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တောင်ပိုင်းမှာ ဒီကနေ့ မတ်လ ၃ ရက်အထိ တိုက်ပွဲဆက်ပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ၅၀၀၀ ခန့် ထပ်တိုးလာတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

"ဒီနေ့မှာတင် ရွာငါးရွာကနေ စစ်ရှောင်တွေ ထပ်တိုးလာတာပါ၊ နဂိုကလည်း လွိုင်ကော်၊ ဒီးမောဆိုဘက်က စစ်ရှောင်တွေကရှိနေပြီးသားကို ပင်လောင်းတောင်ဘက်ကပါ စစ်ရှောင်ထပ်တိုးလာတော့ အကူအညီအများကြီးလိုအပ်နေပါတယ်" လို့ စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီတိုက်ပွဲဟာ ဖေဖော်ဝါရီ ၂၄ ရက်တုန်းက ပင်လောင်းမြို့နယ်အတွင်းက ဆောင်းပြောင်းရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပအိုဝ်းပြည်သူ့စစ်တို့ နေရာယူတပ်စွဲထားတဲ့ စခန်းတခုကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက် တိုက်ခိုက်ရာ‌ကနေ တိုက်ပွဲတွေဆက်ဖြစ်လာတာလို့ သိရပါတယ်။

ဒီကနေ့ မတ်လ ၃ရက်နေ့မှာလည်း ဆောင်းပြောင်းရွာအနီးမှာ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလည်းရှိနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရော ကာကွယ်ရေးအဖွဲ့ဘက်ကပါ ဒီကနေ့တိုက်ပွဲနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

စစ်ကိုင်းတိုင်းထဲက စစ်ရှောင်တွေအတွက် အိမ်အလုံး တစ်ရာနဲ့ စစ်ရှောင် ကျောင်း ၁ ကျောင်း S&C အဖွဲ့ တည်ဆောက်ပေး

Sagaing Region.

ဓာတ်ပုံ ရင်းမြစ်, S&C

စစ်ကိုင်းတိုင်းထဲကနေအိမ်မီးလောင်ဆုံးရှုံးသွားတဲ့ စစ်ဘေးရှာင်ပြည်သူတွေအတွက် ဆယ်ရက်အတွင်း အိမ်အလုံး တစ်ရာနဲ့ စစ်ရှောင်စာသင်ကျောင်း တစ်ကျောင်းတို့ကို တည်ဆောက်ပေးနိုင်ခဲ့တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်လာပါတယ်။

ဒီအိမ်အလုံးတစ်ရာနဲ့ဆိုရင် စုစုပေါင်း အိမ်အလုံး ၄၀၀ ဆောက်လုပ်ပေးထားနိုင်ပြီး စစ်ရှောင်စာသင်ကျောင်း ၉ ကျောင်းထိ ဖွင့်ထားနိုင်ပြီလို့လည်း ဆိုပါတယ်။

နောက်ထပ် ကူညီထောက်ပံ့မှုအဖြစ် အခု မတ်လ အတွင်း အိမ်အလုံး ၁၀၀၊ ယက်ကန်းစင် ၁၀ စင် ၊ ကလေးများ ပညာသင်ကြားနိုင်ဖို့ နောက်ထပ် စစ်ရှောင်စာသင်ကျောင်း ၃ ကျောင်းနဲ့ S&C ကိုယ်ပိုင် ကွန်ပျူတာ သင်တန်းကျောင်း တစ်ခု ၊ မီးဘေးသင့်ရွာ 13 ရွာအတွက် စားနပ်ရိက္ခာတွေပေးဝေနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ် ။

လက်ရှိ လှူဒါန်းမှုမှာ မြေပြင်မှာ အဓိက ကြုံရတဲ့အခက်အခဲတွေနဲ့ ပတ်သက်လို့

“စားစရာရယ် အိမ်ရယ်က အလိုအပ်ဆုံးပါပဲ။ အခု အရေးတကြီးလိုအပ်နေတာကတော့ ယက္ကန်းစင်တွေ ဆုံးရှုံးသွားတဲ့ထူးကြီးရွာကတော့ တော်တော်လေး အရေးတကြီးပြန်ပြီးထူထောင်ဖို့လိုအပ်နေတာပေါ့။ စိန်ခေါ်မှုကတော့ ဘဏ္ဍာရေး ပေါ့။ ကျွန်တော်တို့ လုပ်ပေးရတာကလည်း တစ်နေရာတစ်နေရာကို သိန်းရာနဲ့ချီကုန်တာမျိုးဆိုတောလေ။ နယ်မြေတွေဆင်းတဲ့အခါမှာ လုံခြုံရေးအခက်အခဲတော့ရှိတာပေ့ါ။ စစ်ကောင်စီနဲ့ အဓိက ရင်ဆိုင်ရတာပေ့ါ။ သူတို့ ကမထင်ရင်မထင်သလို ပစ္စည်းတွေသိမ်းတယ်။ ဖမ်းတာတွေရှိတယ်။ ပကဖဘက်ကတော့ ကူညီထောက်ပံ့ရေးကိစ္စတွေနဲ့ ရောက်လာသူတွေကို အနှောင့်အယှက်ပေးတာမျိုးမရှိပေမဲ့ ပရဟိတ လုပ်ငန်းတွေမလုပ်ဖူး၊ ဒီအခြေအနေမကြုံဖူးတော့ သဘောထားလွဲတာလေးတွေရှိပါတယ်။ ဒါပေမဲ့ကြီးကြီးမားမားတော့မဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ကတော့ မျက်နှာချင်းလည်းဆိုင်လို့မရသလို ထိပ်တိုက်လည်းတိုးလို့ကိုမရပါဘူး။ ရှောင်ပြီးသွားလာလုပ်ကိုင်ပေးရတာပါ” လို့ S&C အဖွဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ခင်ဦးမှာ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင် ၂ ဦးသေဆုံး

Khin Oo, Sagaing

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးသတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, တဲစုကျေးရွာမီးလောင်မှုအပြီးမြင်ကွင်း

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ခင်ဦး မြို့နယ်ထဲကနေ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မြင်းဇောင်းကျေးရွာမှာ ယာယီ တပ်စွဲထားစဥ် မြင်းဇောင်းကျေးရွာနဲ့ ကိုက်တစ်ရာလောက်အကွာမှာရှိတဲ့ မန်ကျီးအုပ်ကျေးရွာမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ကင်းလှည့်နေချိန် စစ်ကောင်စီ စစ်ကြောင်းနဲ့တွေ့လို့ ပြည်သူ့ကာကွယ်ရေးဘက်က နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဒေသကာကွယ်ရေးအဖွဲ့တွေက မန်ကျီးအုပ်ရွာထဲမှာ ကင်းပတ်တာ။ စကစ တပ်တွေက တပ်စွဲထားတဲ့နေရာနဲ့က ကိုက် ၁၀၀ လောက်ပဲ ဝေးတော့ သူတို့ ကင်းလှည့်လာတာနဲ့ ထိပ်တိုက်တိုးပြီး နှစ်ဦး အသတ်ခံရတာပေါ့။ လက်နက် ၂ လက်လည်း ပါသွားပါတယ်။ သေတဲ့နှစ်ဦးထဲမှာ ကျေးရွာ ပအဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) ခေါင်းဆောင် ပါပါတယ်” လို့ ခင်ဦး မြို့နယ် အနောက်ဘက်ခြမ်း တာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်၊ တဲစုကျေးရွာကိုလည်း လက်နက်ကြီးလက်နက်ငယ် တွေနဲ့ပစ်ခတ်ဝင်ရောက်ခဲ့ပြီး အဲဒီရွာထဲက အိမ်ခြေ ၄၀၀ ခန့်အနက် နေအိမ် ၁၈ လုံးနဲ့ ကျေးရွာလျှပ်စစ်ထရန်စဖော်မာကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

တဲစုကျေးရွာက အရပ်အခေါ်ပျူစောထီး တွေရှိတဲ့ ပျဥ်ထောင်ရွာအနီးမှာတည်ရှိပြီး အခုတစ်ကြိမ်နဲ့ဆို သုံးကြိမ်မြောက်မီးရှို့ဖျက်ဆီးခံရတာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ မန်ကျီးအုပ်၊ သရက်ပင်စု၊ ယာတော်၊ ကျွန်းတောကြီး စတဲ့ ကျေးရွာတွေကို ဖြတ်သန်းပြီး ရေဦးဘက်ကို စစ်ကြောင်းဆက်ထိုးသွားခဲ့တဲ့နောက် ခင်ဦးမြို့နယ်ထဲမှာ မတ်လ ၃ ရက်နေ့မှာတော့ စစ်ကြောင်းထိုးနေတာတော့ မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ စစ်ကြောင်းရွာထဲကနေ ပြန်ထွက်ခွာချိန်မှအနီးနားကျေးရွာတစ်ရွာဖြစ်တဲ့ သရက်ပင်စုကဒေသခံ ၄ ဦး လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားသလို မြင်းဇောင်းက ၃ ဦးလည်း ဖမ်းသွားပြီး အခု မတ်လ ၃ ရက်နေ့အထိ အဲဒီ ၇ ဦး ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုး ဝင်ရောက်စဉ်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ယာတော်ကျေးရွာမှာ ကျည် ထိမှန်ဒဏ်ရာရသူတစ်ဦးနဲ့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရသူ ၂ ဦး ရှိခဲ့ပြီး လက်နက်ကြီး ထိမှန်ခဲ့တဲ့ထဲက တစ်ယောက်ကတော့ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ဒေသကာကွယ်ရေးနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားတာ မရှိဘဲ ထိပ်တိုက်တွေ့ရင် ခဏ တိုက်ခိုက်တာ၊ မိုင်းစွဲတိုက်ခိုက်တာတွေတော့ ရှိတယ်လို့ ခင်ဦးဒေသကာကွယ်‌ရေးအဖွဲ့တွေထံက သိရပါတယ်။

ခင်ဦးမြို့နယ်ထဲက အခုစစ်ရေးအခြေအနေနဲ့နေအိမ်တွေမီးရှို့ဖျက်ဆီးခံရမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မြန်မာ့အရေး ပိုပြီးတင်းတင်းကျပ်ကျပ်ကိုင်တွယ်ရမယ်လို့ အာဆီယံကိုမလေးရှားဝန်ကြီးချုပ် တိုက်တွန်း

Malaysia Prime Minister

ဓာတ်ပုံ ရင်းမြစ်, Reuters

မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ကူညီကြိုးပမ်းမှုမှာ အာဆီယံအဖွဲ့ဟာ သင့်တော်မှုရှိကြောင်း သက်သေပြရမယ်လို့မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က ဖိလစ်ပိုင်နိုင်ငံခရီးစဥ်အတွင်းမှာပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်သတင်းဌာန ANC နဲ့ သောကြာနေ့က ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သူက ပြောသွားခဲ့တာဖြစ်ပြီး ဒေသတွင်း တည်ငြိမ်းအေးချမ်းရေးရှိဖို့ သံတမန်နည်းလမ်းအရ ကြိုးပမ်းအားထုတ်မှုဟာ ဦးဆောင်မှုအခန်းကဏ္ဍမှာရှိတဲ့ အာဆီယံဟာ ပိုပြီး ခိုင်မာအားကောင်းဖို့ လိုအပ်ကြောင်းနဲ့ မလေးရှားနိုင်ငံဟာ မြန်မာပြည်က ရွှေ့ပြောင်းဒုက္ခသည် လူနှစ်သိန်းကို တာဝန်ယူထားရကြောင်း ရိုက်တာသတင်းက ရေးပါတယ်။

“ဒါကို ကျွန်တော်တို့ကတော့ ပြည်တွင်းရေးတစ်ခုသက်သက်လို့ မမြင်နိုင်ပါဘူး။ ဒါကြောင့် အာဆီယံမိတ်ဆွေတွေကို မြန်မာ့အရေးကို ဒီထက်ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ကျွန်တော် တောင်းဆိုတာပါ။ တစ်ခါတလေမှာ စစ်အာဏာရှင်တွေဟာ လူထုရဲ့အသံကို နားမလည်ကြပါဘူး။ ဒါကြောင့် တကယ်လို့ စစ်တပ်နဲ့ ထိတွေ့ဆက်ဆံဖို့လိုအပ်ကောင်းလိုအပ်နိုင်တယ်” လို့ သူက

ပြောပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစလို့ မြန်မာမှာ လူမှုရေးစီးပွားရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှု ကစဥ့်ကလျားအခြေအနေနဲ့ကြုံနေရပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေး ဖြေရှင်းဖို့ အထူးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းပြီး အဲဒီအဖွဲ့ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်တ်နိုမာဆုဒီက ဦးဆောင်မယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

အာဆီယံအနေနဲ့ NUG ကိုပါ ထိတွေ့ဆက်ဆံဖို့ဆိုပြီး တိုက်တွန်းတောင်းဆိုမှုတွေရှိထားသလို မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင် အဗ္ဗဒူလာက NUG အပါအဝင် မြန်မာ့အရေးဖြေရှင်းဖို့ သက်ဆိုင်ရာဘက်အသီးသီးက လူတွေနဲ့တရားဝင်ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ တိုက်တွန်းထားပေမဲ့ လက်ရှိ အင်ဒိုနီးရှားအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူပြီး ၂ လကျော်ကြာတဲ့အထိ NUG နဲ့ တရားဝင်လမ်းကြောင်းကနေ ထိတွေ့ဆက်ဆံတာမျိုး ထွက်ပေါ်လာတာမရှိသေးပါဘူး။

တစ်ဖက်မှာလည်း အာဆီယံထိပ်သီးအစည်းအဝေးတွေကနေ စစ်ခေါင်းဆောင်ကိုဖယ်ထုတ်ထားဆဲ ဖြစ်ပြီး အာဆီယံဘုံသဘောထားငါးရပ်ကိုလည်း မြန်မာစစ်ကောင်စီက လိုက်နာအကောင်အထည်ဖော်မှမရှိဘူးလို့ အာဆီယံက ပြောကြားထားတာရှိပါတယ်။

စစ်ကိုင်း ယင်းမာပင်နဲ့ ဝက်လက်မှာ ကျေးရွာနေအိမ် ရာချီမီးရှို့ခံရပြီးအနည်းဆုံး ၅ ဦး သတ်ဖြတ်ခံရ

Sagaing Region.

ဓာတ်ပုံ ရင်းမြစ်, မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ဝက်လက်မြို့နယ်မှာ နှစ်ရက်ဆက်တိုက် ကျေးရွာနေအိမ်တွေ ရာချီမီးရှို့ခံရသလို ဒေသခံတွေ အနည်းဆုံး ၅ ဦးလည်း သတ်ဖြတ်မီးရှို့ခံရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျွန်းတော်ကျေးရွာတောင်ဘက် အနီးမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များတာကြောင့် ရဟတ်ယာဉ် နှစ်စီးနဲ့ လေကြောင်းပစ်ကူတာတွေ ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့နယ်ထဲက ကုန်းရွာကျေးရွာနေအိမ်တွေကို စစ်ကောင်စီက တပ်စခန်းချရင်း အဲ့ဒီနေ့ ညနေပိုင်းနဲ့ မတ်လ ၁ ရက်နေ့ နှစ်ရက်ဆက်တိုက် နေအိမ်တွေမီးရှို့ခဲ့ရာ အလုံးပေါင်း ၆ ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်လာပါတယ်။

ဒါ့အပြင် ကုန်းရွာဒေသခံ သုံးဦးလည်း သတ်ဖြတ်မီးရှို့ခံရပြီး နေအိမ်တွင်း အလောင်းတွေ တွေ့ရကြောင်း ဒေသခံတဦးက ပြောပါတယ်။

ကုန်းရွာကျေးရွာက နေအိမ်တွေ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရသလို စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မွှေနှောက်တာကြောင့် စစ်ရှောင်တွေအတွက် လက်ရှိမှာ စားနပ်ရိက္ခာနဲ့ ဆေးကုသမှု လိုအပ်ချက်တွေ တွေ့ကြုံနေရတယ်လို့ စစ်ရှောင်ကူညီပေးသူတွေက ဆိုပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်မြို့နယ်က ကျေးရွာ သုံးရွာကိုလည်း စစ်ကောင်စီတွေက မီးရှို့ခဲ့ပြီး ကျေးရွာက အသက်ရွယ်ကြီးသူ နှစ်ဦးလည်း မပြေးနိုင်လို့ မီးလောင်သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတင် ဝက်လက်မြို့နယ် မုဆိုးခြုံရွာက ဘူတာကို စတင်မီးရှို့ ခဲ့တဲ့နောက် ဘိုတဲရွာက နေအိမ်တွေပါ မီးရှို့ခံရပါတယ်။

မတ် ၂ ရက်မှာလည်း အောင်ချမ်းသာရွာကို စစ်ကြောင်းထိုးရင်း နေအိမ်တွေမီးရှို့ သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝက်လက်မြို့နယ်ကို စစ်ကောင်စီက စစ်ကြောင်း လေးကြောင်းထိုးပြီး ဝင်ရောက်သလို ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ခပ်စိပ်စိပ် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂ ရက်က စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၁၁ ခု၊ ဖေဖော်ဝါရီ လလယ်ပိုင်းမှာ နောက်ထပ် မြို့နယ် ၃ ခုတို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဆိုသလိုဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေး ကြေညာထားတာမရှိတဲ့ မြို့နယ်တွေကိုလည်း PDFတွေ ရှိတယ်ဆိုတဲ့ သံသယနဲ့ ကျေးရွာနေအိမ်တွှေ မီးရှို့တာပါ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကိုင်းတိုင်းထဲက စစ်ရေးအခြေအနေတွေနဲ့ အရပ်သားတွေသတ်ဖြတ်ခံရတာ ကျေးရွာတွေမီးရှို့ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက မတ်လ ၃ ရက်နေ့မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ပြောခွင့်ရ ဦးအေးလှိုင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့အဆက်အသွယ်မရသေးပါဘူး။

ဆောမြို့က အဖမ်းခံရသူ ၂၆ ဦး တစ်ပတ်ကျော်ကြာတဲ့အထိ မလွတ်မြောက်သေး

Saw Township,Magway Region

ဓာတ်ပုံ ရင်းမြစ်, ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, ဆောမြို့နယ်၊ ကျောက်ထုဒေသက ကျေးရွာတစ်ရွာမြင်ကွင်း/ပုံဟောင်း

မကွေးတိုင်းဒေသကြီး၊ ဆောမြို့က အရပ်သား ၂၆ ဦးကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ဖမ်းဆီးသွားပြီး ဒီကနေ့ မတ်လ ၃ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဆောမြို့၊ ကျောက်ထုဒေသ သရက်ချဉ်ကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး မနက်အပြန်မှာ သရက်ချဉ်ကျေးရွာက ဒေသခံ ၂၆ ဦးလုံးကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဆောဒေသခံတစ်ဦးကတော့ “ အရင်က ပီဒီအက်ဖ်တွေက ပျူစောထီး ၂ ယောက်ကို အရင်ဖမ်းတယ်လို့ကြားတယ်။ အဲဒီမှာ ပီဒီအက်ဖ်တွေနဲ့ နီးစပ်သူ မိသားစုဝင်တွေဆိုပြီး ၂၆ ယောက်လုံးကို ခေါ်သွားတာပဲ။ ကနေ့ချိန်ထိ မလွတ်သေးဘူး“ လို့ ပြောပါတယ်။

သရက်ချဉ်ရွာက ဒေသခံတွေကတော့ ဘေးလွတ်ရာနေရာတွေကို ရွာလုံးကျွတ်ပြေးနေရတာတွေ ရှိတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ ဆောမြို့နယ်တဝိုက်မှာ ထိတွေ့ တိုက်ပွဲ မရှိပေမဲ့ စစ်ကြောင်းထိုးတာတွေတော့ နေ့စဉ်ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။