မတ် ၁၆ ရက် နိုင်ငံတဝန်း ထူးခြားသတင်းများအနှစ်ချုပ်
ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင် သုံးသိန်းကျော်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတာကြောင့် လူပေါင်း သုံးသိန်းကျော်က နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး လိုအပ်ချက်တွေလည်း တိုးလာနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ လူနေရပ်ကွက်ထဲကို ပြီးခဲ့တဲ့ မတ် ၉ ရက်က လက်နက်ကြီးကျတာကြောင့် ရိုဟင်ဂျာ ၈ ယောက်ထက်မနည်း သေဆုံးပြီး ကလေးသူငယ် ၅ ယောက်အပါအဝင် ၁၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး ဒါဟာ စစ်တွေမြို့လယ်အတွင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ တုန်းကလည်း စစ်တွေဈေးကြီးထဲကို လက်နက်ကြီးကျလို့ အရပ်သား ၂၁ ယောက် သေဆုံးသလို ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် AA က သိမ်းပိုက်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီရေတပ်က မတ် ၁၄ ရက်က လက်နက်ကြီးနဲ့ပစ်တာကြောင့် သုံးယောက်သေဆုံးပြီး ဆယ်ယောက်ကျော် ဒဏ်ရာရတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးကနေ သိရပါတယ်။
သေဆုံးသူတွေဟာ ပေါက်တောမြို့နယ်၊ ဆယ်သိန်းတန်ကျေးရွာကနေ ပုဏ္ဏားကျွန်းကို ကိစ္စတစ်ခုကြောင့် ရောက်လာသူတွေဖြစ်ပြီး လက်နက်ကြီးကြောင့် တစ်ယောက်က နေရာတင် သေဆုံးသလို နောက်နှစ်ယောက်ကတော့ ဆေးရုံပို့နေချိန်မှာ သေဆုံးတာလို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ပုဏ္ဏားကျွန်း စစ်ဘေးရှောင်တွေအတွက်လည်း အရေးပေါ် အသုံးအဆောင်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း မတ်လ ၁၆ ရက် မနက်ပိုင်းက ပုဏ္ဏားကျွန်းဘက်ကနေ စစ်တွေမြို့ပေါ်ကို အေအေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦး အပြင်းအထန်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ လိုအပ်ချက်တွေနဲ့ သွားလာခွင့်ကန့်သတ်ချက်တွေ တိုးလာနေတယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသမား ၂၄ ယောက် လေးလကြာအထိ ဒေါက်ခတ်ခံထားရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရန်ကုန်တိုင်း၊ အင်းစိန် အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၄ ယောက်ကို ပြီးခဲ့တဲ့နိုဝင်ဘာ ၅ ရက်ကနေ ဒီနေ့အထိ ခြေကျင်းဒေါက်ခတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က မတ် ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ဦးထင်ကျော်၊ ကိုဇော်နိုင်ထွန်း၊ ကိုမျိုးမင်းဦး၊ ကိုဗလကြီး၊ ကိုရဲမင်းထွေး၊ ကိုချမ်းမြေ့ကိုကို၊ ကိုလှဦးမောင်၊ ကိုဝေမင်းမောင်၊ ကိုကျော်သက်အပါအဝင် ၂၄ ယောက်ဖြစ်တယ်လို့ သိရပါတယ်။
သူတို့တွေကို တရားမဝင်ပစ္စည်းကိုင်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ထောင်တာဝန်ရှိသူတွေက မျက်နှာကို ခေါင်းစွပ်စွပ်၊ လက်ထိပ်နောက်ပြန်ခတ်ပြီး ရိုက်နှက်သလို ခြေကျင်းဒေါက်ခတ်ပြီး တိုက်ပိတ်ခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။
ခြေကျင်းခတ်ခံထားရသူတွေဟာ အသက် ၂၀ ကနေ ၆၀ နှစ် အတွင်းရှိပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၄ (က)၊ ၅၂ (က) အပါအဝင် နိုင်ငံရေးအမှုတွေနဲ့ အမိန့်ချမှတ်ခံထားရသူတွေပါ။
သူတို့တွေဟာ ဒီနေ့အချိန်ထိ ရက်ပေါင်း ၁၃၀ ကြာအောင် သံခြေကျင်းတွေခတ်ခံထားရပြီး အလုပ်ကြမ်းတွေကို လုပ်နေကြရတယ်လို့လည်း သိရပါတယ်။
ဘယ်အကျဉ်းသားကိုမဆို ရက်ပေါင်း ၉၀ ထက်ကျော်ပြီး ခြေကျင်းခတ်တာတွေမလုပ်ဖို့ အကျဉ်းထောင်လက်စွဲ ဥပဒေပုဒ်မ ၅၇ မှာ ထုတ်ပြန်ထားပေမဲ့ အာဏာသိမ်းပြီးချိန်ကစလို့ အဲ့ဒီဥပဒေတွေကို လိုက်နာမှုမရှိတော့ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေး ဆုံးရှုံးနေရတာတွေ၊ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးရတာတွေဟာမြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ ဖြစ်ပွားနေတာက လျော့ကျသွားတာမရှိတဲ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီးဆိုးရွားလာတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသား ၂၄ ယောက်ကို ခြေချင်းခတ်ထားတာနဲ့ ပတ်သက်လို့ နေပြည်တော် အကျဉ်းဦးစီးဌာနကို ဘီဘီစီက ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
နမ္မတူဆေးရုံကို CDM ဝန်ထမ်းတွေနဲ့ စတင်လည်ပတ်

ဓာတ်ပုံ ရင်းမြစ်, TNLA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ ပြည်သူ့ဆေးရုံမှာ CDM ဆရာဝန်ကြီးတွေအပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းတွေ ၁၈ ယောက်နဲ့ လည်ပတ်နေပြီလို့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
အဲ့ဒီဆေးရုံမှာ မြန်မာပြည်အောက်ပိုင်းက CDM ဝင်ထားတဲ့ ကျွမ်းကျင်ဆရာဝန်ကြီးတွေရှိနေတယ်လို့လည်း သိရပါတယ်။
နမ္မတူမြို့ကို TNLA က အပြည်အဝ ထိန်းချုပ်ထားတာဖြစ်ပြီး အခုချိန်မှာ အုပ်ချုပ်ရေး ယန္တရားတွေ အကောင်အထည်ဖော်နေသလို ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို အပြည့်အဝ ပေးသွားနိုင်ဖို့ ကြိုးစားသွားမှာလို့လည်း TNLA က ထုတ်ပြန်ပါတယ်။
နမ္မတူမြို့နဲ့ အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်ပါတယ်။
နမ္မတူဆေးရုံမှာ အခုရှိနေတဲ့ ဝန်ထမ်းအင်အားနဲ့ လိုအပ်ချက်တွေကြောင့် ကျန်းမာရေးဝန်ဆောင်မှုအတွက် လုံလုံလောက်လောက် မပေးနိုင်သေးပေမဲ့လည်း ဒေသခံတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ၂၄ နာရီ အချိန်ပြည့် ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
ဒါ့ကြောင့် အနယ်နယ် အရပ်ရပ်က CDM ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဖိတ်ခေါ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း TNLA တာဝန်ရှိသူတွေက နမ္မတူမြို့နယ်မှာရှိတဲ့ ဌာနဆိုင်ရာရုံးနဲ့ အများပြည်သူပိုင် နေရာတွေကို စစ်ဆေးခဲ့ပြီး နယ်မြေဧရိယာတွေကို သတ်မှတ်ခဲ့ပါတယ်။
နမ္မတူမြို့ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLAက ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့မှာ စစ်ကောင်စီဆီကနေ သိမ်းပိုက်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်နေပြီလို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအနေနဲ့ပဲ အုပ်ချုပ်ရေးအပါအဝင် တခြားကဏ္ဍတွေမှာပါ ပြန်လည်ထူထောင်ရေးကာလအဖြစ် တာဝန်ယူနေတာဖြစ်ပြီး လာမယ့်နှစ်မှာတော့ အရပ်သားအုပ်ချုပ်ရေးကို ကူးပြောင်းပေးဖို့ မျှော်လင့်တယ်လို့လည်း တအာင်းဒေသခံတစ်ယောက်က ပြောပါတယ်။
ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့က စစ်ကောင်စီစခန်းတွေကို AA ပိတ်ဆို့ထိုးစစ်ဆင်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေထဲက စစ်ကောင်စီ လက်ကျန်စခန်းတွေကို ရက္ခိုင့်တပ်တော် AA ကဆက်ပြီး ထိုးစစ်ဆင်နေသလို ဝိုင်းရံပိတ်ဆို့တာ၊ ဖြတ်တောက်တာတွေ လုပ်ထားတယ်လို့ AA က မတ် ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။
ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၃၆၊ ၅၃၇ ၊ ၅၃၈ တို့ကို ဆက်ပြီးထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီဘက်ကလည်း ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်လို့လည်း သိရပါတယ်။
ဘူးသီးတောင်မြို့ထဲက စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၁၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ၅၅၂ ကို ထိုးစစ်ဆင်နေသလို မောင်တောမြို့နယ်ထဲက လက်ကျန်နယ်ခြားစောင့် စခန်းတချို့ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း AA က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း စခန်းစွန့်ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ စစ်ကောင်စီကလည်း ရက္ခိုင့်တပ်တော်က လာရောက်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် မောင်တောမြို့နယ်မှာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ဖြတ်တောက်နေပြီး မတ် ၁၄ ရက်က မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်ထားတဲ့ အာရှလမ်းမကို ဖျက်ဆီးထားတယ်လို့ သိရပါတယ်။
အဲ့ဒီလမ်းကို မောင်တောမြို့နယ် အောင်မင်္ဂလာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ယောက်က လာရောက်ဖျက်ဆီးခဲ့တာဖြစ်သလို မတ် ၉ ရက်တုန်းကလည်း မောင်တော-ဇူလရွာ လမ်းကို ဘတ်ဟိုးနဲ့ တူးဆွဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆီဆိုင်မြို့ ထမ်းယံရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ကိုရင် ၂ ပါး ထိခိုက်ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, PNLA
ဆီဆိုင်မြို့နယ်ထဲက ထမ်းယံကျေးရွာမှာ မနေ့ မတ်လ ၁၅ ရက်က စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုရင် ၂ ပါးထိခိုက်ဒဏ်ရာရသွားတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။
မနက် ၁၁ နာရီကျော်မှာ တစ်ကြိမ်၊ ညနေ ၅ နာရီပိုင်းလောက်မှာတစ်ကြိမ် ထမ်းယံရွာထဲက ဘုန်းကြီးကျောင်းတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ၂ ကြိမ် ဗုံးလာကြဲတာ” လို့ဒေသခံက ပြောပါတယ်။
ထမ်းယံရွာက ဆီဆိုင်မြို့ကနေ ၂၅ မိုင်ဝန်းကျင်လောက် ကွာဝေးပါတယ်။
စစ်တပ်ရဲ့ ဆိုက်ခေါင်ရွာ အခြေစိုက် အမြောက်တပ်ကနေလည်း ထမ်းယံရွာဘက်ကို အရင်ရက်တွေကတည်းက လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဒေသခံရဲ့အပြောအရ သိရပါတယ်။
ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA ကလည်း ရုပ်သံဖိုင်တွေ၊ ဓာတ်ပုံတွေနဲ့ အတူ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ထမ်းယံရွာဗုံးကြဲခံရတာနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ တစ်စုံတစ်ရာသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။








