ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်း နိုင်ငံတကာ သတင်း

ရေးသားခဲ့သည်။

တရားသူကြီးတွေကို ကန့်သတ်တာလို့ဆိုနေကြတဲ့ ဥပဒေမူကြမ်းအတွက် အစ္စရေးမှာ ဆန္ဒပြနေ

အစ္စရေးမှာ ပြဋ္ဌာန်းဖို့ ပြင်နေကြတဲ့ ဥပဒေမူကြမ်း တခုက တရားသူကြီးတွေရဲ့ လွတ်လပ်ခွင့်ကို ချိုးနှိမ်ထားတယ်လို့ဆိုကာအစ္စရေး နိုင်ငံသားပေါင်း ၇ သောင်းကျော် လွှတ်တော်အပြင်ဘက်မှာ ဆန္ဒပြနေသလို လွှတ်တော်အတွင်းမှာလည်း ဒီ ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေ အချင်းများနေကြပါတယ်။

အရင်ဝန်ကြီးချုပ်ဟောင်း ယာအဲလ် လာပစ်က လက်ယာစွန်း ညွန့်ပေါင်း အစိုးရသစ်ဟာ အစ္စရေးနိုင်ငံကို အမှောင်ဖုံးတဲ့ အာဏာရှင်စနစ်အောက်ကို ခေါ်ဆောင်သွားလိမ့်မယ်လို့ ဆန္ဒပြသူတွေကို ပြောပါတယ်။

လွှတ်တော်တွင်းမှာတော့ ဥပဒေမူကြမ်းကို ဖတ်ကြဖို့အတွက် ကော်မီတီက မဲဆန္ဒပေးခဲ့ပြီးတဲ့နောက် မကျေနပ်ကြတဲ့ အမတ်တွေက ဖက်ဆစ်တွေ၊ သစ္စာဖောက်တွေလို့ ငြင်းခုံအော်ဟစ်ကြပါတယ်။

အမတ်တယောက်က ဥပဒေမူကြမ်းကို ဆုတ်ဖြဲပစ်ခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးဟာ တရားရေးပိုင်းက အလွန်လွှမ်းမိုးနေတာတွေကို ရပ်ဆိုင်းနိုင်အောင် လုပ်တာလို့ ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ရာဟုက ဆိုပါတယ်။

မစ္စတာ နာတန်ရာဟုဟာ လာဘ်စားမှု စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရပြီး သူကတော့ အဲဒါတွေကို မလုပ်ခဲ့ ကြောင်း ငြင်းဆိုထားပါတယ်။

ဆီးရီးယားဘက်ခြမ်းက ငလျင်ဒုက္ခသည်တွေကို ဝင်ကူနိုင်ရေး အမေရိကန်တောင်းဆို

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖြစ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခံခဲ့ရတဲ့ ဆီးရီးယား နယ်မြေထဲကို လူသားချင်းစာနာမှု ဆိုင်ရာအဖွဲ့တွေ ဝင်ခွင့်ပေးဖို့အတွက် တောင်းဆိုကြတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေထဲ အမေရိကန်အစိုးရလည်း ပါဝင်လာပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးနိုင်ဖို့ သမ္မတ အာဆတ်က ခွင့်ပြုချက်ပေးပါ ဆိုပြီး တောင်းဆိုကြတာပါ။

နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ကြောင့် ကွဲပြားနေတဲ့ နိုင်ငံထဲကို ဝင်နိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေ ကြိုးစားနေကြရပါတယ်။

ဆီးရီးယားပြည်သူတွေကို ကူညီနိုင်ဖို့ နိုင်ငံရေးတွေကို ဘေးမှာထားကြဖို့ ကုလသမဂ္ဂကလည်း ပန်ကြား ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တူရကီနဲ့ ဆီးရီးယားမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့် လူပေါင်း ၃၅,၀၀၀ ကျော်သေဆုံးခဲ့ရပြီး အဲဒီထဲက လူပေါင်း ၄,၃၀၀ ဟာ ဆီးရီးယားဘက်မှာလို့ ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

တရုတ်သင်္ဘောတွေက သူတို့သင်္ဘောတွေဘက်ကို လေဆာထိုးပြီး ထွက်ပြေးတယ်လို့ ဖိလစ်ပိုင်က စွပ်စွဲ

တောင်တရုတ်ပင်လယ်ထဲမှာ နယ်မြေပိုင်ခွင့် အငြင်းပွားနေကြတဲ့ ရေတိမ်ပိုင်းတခုမှာ တရုတ်တွေက စစ်ရေးသုံးလေဆာတွေကို အသုံးပြုပြီး သူတို့ သင်္ဘော‌တွေ အမြန်ပြန်ပြေးထွက်သွားအောင် လုပ်နေကြ တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲလိုက်ပါတယ်။

အဲဒီလေဆာတွေကို ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့် သင်္ဘောက တပ်ဖွဲ့ဝင်တွေကို ထိုးလိုက်တဲ့အခါ အချိန်အတန်ကြာ ဘာမှ မမြင်ရတော့တဲ့အတွက် အဲဒီအချိန်မှာ တရုတ်သင်္ဘောက အမြန်ပြန် ဆုတ်ခွာထွက်ပြေးသွားကြတာလို့ ဆိုပါတယ်။

အဲဒီအဖြစ်က လွန်ခဲ့တဲ့ သီတင်းပတ်က ဖြစ်ခဲ့တာပါ။

မနီလာက ဒုတိယ သောမတ်စ် ရေတိမ်ပိုင်းကို စောင့်ရှောက်ဖို့ နှစ်ပေါင်းများစွာထားခဲ့တဲ့ ရေတပ် သင်္ဘောဆီကို အဲဒီ တရုတ်ဘက်က သင်္ဘောက ဦးတည်လာခဲ့တာပါ။

တောင်တရုတ်ပင်လယ်မှာ တရုတ်တို့က သူတို့ ပိုင်ဆိုင်တယ်ဆိုပြီး လုပ်ထားတဲ့ ဧရိယာတွေမှာ အဲဒီနေရာတွေထဲကို ဝင်လာတဲ့ တခြားနိုင်ငံက သင်္ဘောမှန်သမျှကို ရေအမြောက်နဲ့ ထိုးတာ၊ ဥသြအသံဆွဲပြီး နှင်လွှတ်တာမျိုး လုပ်ခဲ့ကြပါတယ်။

ဘေဂျင်းဘက်ကတော့ ဒီအဖြစ်နဲ့ပတ်သက်ပြီး တစုံတရာပြောတာမျိုး မရှိသေးပါဘူး။