ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလောင်းကောက်လို့မရသေးတဲ့ ကျောင်းရှေ့က ဆရာ့အလောင်း
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက သစ်ညီနောင်၊ ကျားပစ်ကန်၊ တောင်မြင့်စတဲ့ ရွာစဉ်အလိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်ရော အရပ်အခေါ်ပျူစောထီးအဖွဲ့ဝင်တွေပါ ပူးပေါင်းပြီး စစ်ကြောင်းထိုးသွားလာနေတာ အောက်တိုဘာ ၁၅ရက်ကနေ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့အထိ လေးရက်ကြာလာပါပြီ။
ယောချောင်းကမ်းနံဘေးမှာရှိနေတဲ့ ဒီကျေးရွာခံတွေဟာအရင် စစ်ရှောင်ရချိန်တွေထက်ပိုပြီး စိုးရိမ် ကြောက်လန့်မှုကြီးစွာနဲ့ နေရပ်စွန့်ခွာနေကြပါတယ်။
အကြောင်းအရင်းကတော့ အောက်တိုဘာ ၁၆ရက်မှာ သစ်ညီနောင်ရွာအနီးက တောထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ချိန် ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံတွေ လေးစားရတဲ့ ကျောင်းဆရာ ဦးစောထွန်းမိုးကို နောက်တစ်နေ့မှာတော့ ခေါင်းဖြတ်အသတ်ခံရတာကို တွေ့လိုက်ရတာကြောင့်ပါ။
“ဆရာစာသင်တဲ့ ကျားပစ်ကန်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေဝင်လာတော့ အကုန်ထွက်ပြေးကြတယ်။ ပြေးရင်း သစ်ညီနောင်တောထဲအရောက်မှာ အဖမ်းခံလိုက်ရတယ်။ နောက်နေ့မနက် ၁၀နာရီလောက်မှာ တော့ တောင်မြင့်ကျေးရွာစာသင်ကျောင်းရှေ့မှာ ဆရာ ရုပ်အလောင်းတွေ့ရတာပဲ” လို့ မြေပြင်အခြေအနေသိရှိသူ ပေါက်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒေသခံတွေက ဘော်ဒါအုပ်လို့ခေါ်တဲ့ အသက် ၄၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆရာဦးစောထွန်းမိုးရဲ့ရုပ်အလောင်းဟာ တောမြင့် အထက်တန်းကျောင်းခွဲရဲ့ ဝင်းတံခါးကို မှီလျက်ရှိနေပြီး ဦးခေါင်းကိုတော့ ဝင်းတံခါးသံတိုင်ပေါ် မှာ ချိတ်ဆွဲထားတာကို လူမှုကွန်ရက်မှာပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေမှာ အထင်အရှားတွေ့ရပါတယ်။
ညာဘက် လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်တို့ ဖြတ်တောက်ခံထားရသလို ဘယ်ဘက်လက်ကောက်ဝတ်မှာလည်း လက်ပြန်ကြိုးတုပ်ထားတဲ့ ကြိုးစက ပတ်လျက်ရှိနေတယ်လို့ ပေါက်ပညာရေးဘုတ်အဖွဲ့ဝင် ဦးထီးလှိုင်က ပြောပါတယ်။
ရွာတွေတစ်ဝိုက်ကို စစ်ကောင်စီက ဆက်ပြီးစစ်ကြောင်းထိုးနေတာကြောင့် သေဆုံးရုပ်အလောင်းကောက်ယူ နိုင်ခြင်းမရှိသေးဘဲ စာသင်ကျောင်းဝန်းရှေ့မှာ တစ်ရက်ကျော်ဆက်ရှိနေဆဲလို့ သူကဆက်ပြောပါတယ်။
“ဒီညနေတော့ ဆရာ့အလောင်းကောက်နိုင်မယ်လို့ ယူဆပါတယ်၊ ကောက်နိုင်မှာပါ”
“ပြီးတော့ ဆရာမှာ ကျန်ရစ်တဲ့ ဇနီးနဲ့သားဖြစ်သူလည်း တိမ်းရှောင်နေရတာကြောင့် အလောင်းကိုယ်တိုင် လာမကောက်နိုင်လောက်ဘူး” လို့ ဦးထီးလှိုင်က သူ့အမြင်ကို ပြောပါတယ်။
သေဆုံးခဲ့ရတဲ့ ဆရာဦးစောထွန်းမိုးရဲ့ သားဖြစ်သူဟာလည်း ဖခင်ဖြစ်သူသေဆုံးမှုမှာ အနီးကပ်ရှိနေခွင့်မရ တဲ့အတွက် ယူကြုံးမရဖြစ်ရတဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။
ဘော်ဒါအုပ်တဖြစ်လည်း စေတနာ့ဝန်ထမ်းကျောင်းဆရာ
သစ်ညီနောင်ဇာတိဖြစ်တဲ့ ဦးစောထွန်းမိုးဟာ ဆယ်စုနှစ်နဲ့ချီ စာသင်ကြားနေတာကြောင့် တပည့်ပေါများ သလို ဒေသခံတွေက လေးစားရသူလို့ ဘီဘီစီမေးမြန်းကြည့်သူတွေက တူညီစွာဖြေကြပါတယ်။
အထက်တန်းကျောင်းသားတွေ အထူးသဖြင့် Grade 11 စနစ်ဟောင်းကျောင်းသားတွေကို သင်္ချာ၊ ဓာတုဗေဒ နဲ့ ရူပဗေဒ သင်ကြားပေးတဲ့သူ ဖြစ်ပါတယ်။
ပေါက်မြို့ပေါ်မှာ “ပညာမိုး” ဆိုတဲ့ ကိုယ်ပိုင်အထက်တန်းဆင့် စာသင်ကျောင်းကို ဖွင့်လှစ်ထားသလို ဆယ်စုနှစ်နဲ့ ချီ ဘော်ဒါကျောင်းဖွင့်ခဲ့တာကြောင့်လည်း ပေါက်ဒေသတဝိုက်မှာတော့ ဆရာဦးစောထွန်းမိုးကို ရိုသေ လေးစားကြတာလို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက်မှာတော့ အစိုးရပညာရေးဝန်ထမ်းမဟုတ်ပေမဲ့လည်း ဦးစောထွန်းမိုးတစ်ယောက် ကျောင်းမဖွင့်တော့ဘဲ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ပါဝင် လာခဲ့တယ်လို့ ပေါက်မြို့နယ် ပညာရေးအသိုင်းအဝိုင်းကနေသိရပါတယ်။
အဲ့ဒီနောက်တော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်က ကြားကာလပညာသင်ကျောင်းမှာ စေတနာ့ဝန်ထမ်းအဖြစ် အထက်တန်းကျောင်းတွေကို စာသင်ကြားပေးနေတာလည်းဖြစ်ပါတယ်။
“ဆရာက အသက်မသေခင်အထိ စာသင်ပေးခဲ့တာပါ။ ကျားပစ်ကန်ရွာ အထက်တန်းကျောင်းခွဲမှာ အဓိက သင်တာပေါ့လေ။ အခုတော့ ကျားပစ်ကန်၊ သစ်ညီနောင်တဝိုက်က ကျောင်းတွေအကုန်ပိတ်ထားရပြီ။ ကျောင်းသားတွေလည်းစာမသင်ရဲတော့ဘူး”
ကြားကာလပညာရေးကျောင်း ၉၅ကျောင်းထိ ဖွင့်လှစ်ထားနိုင်တဲ့ ပေါက်မြို့နယ်ရဲ့ လက်ရှိအခြေအနေ နဲ့ပတ်သက်ပြီး ပညာရေးဘုတ်အဖွဲ့ဝင် ဦးထီးလှိုင်က အခုလိုပြောခဲ့တာပါ။
ဆရာ သေဆုံးရတဲ့ဖြစ်စဉ်အတိအကျ အမြန်ဆုံးပေါ်ပေါက်နိုင်ဖို့ စုံစမ်းစစ်ဆေးနေကြသလို အသက်ပေးခဲ့ရတဲ့ ဆရာဖြစ်သူအတွက် ပိုပြီးပညာရေးအတွက်အရှိန်မြင့်ဖို့ ပိုတိုးလုပ်ဆောင်မယ်လို့ ဦးထီးလှိုင်က အခိုင်အမာ ပြောလာပါတယ်။
ဆရာဦးစောထွန်းမိုးရဲ့ ရုပ်အလောင်းစွန့်ပစ်ခံရတဲ့ တောင်မြင့်အထကခွဲကျောင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ရက်ကပဲ စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့ခဲ့ပါသေးတယ်။
အလားတူပါပဲ၊ လွန်ခဲ့တဲ့ သြဂုတ်လ ၁၅ရက်ကလည်း အထက(ခွဲ) ချိုင်စောက်ရွာက စာသင်ဆောင်တွေ မီးရှို့ခံခဲ့ရတာပါ။
ဇွန်လကျောင်းဖွင့်ရာသီကစလို့ မကွေးတိုင်းအတွင်း ကြားကာလပညာရေးကျောင်းတွေ အားကောင်းလာ ပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ အခုလို ကျောင်းဆောင်တွေ မီးရှို့ခံရ ကျောင်းဆရာ သတ်ဖြတ်ခံရတာတွေ ကြောင့် ဆရာ၊ ကျောင်းသားတွေမှာသာမက မိဘတွေအပေါ်မှာပါ ပညာသင်ယူသင်ကြားမှုတွေပေးဖို့ စိုးရိမ်ချက်များလာတယ်လို့ ပေါက်ပညာရေးအသိုင်းအဝိုင်းက ထောက်ပြပါတယ်။
ဒါကြောင့် ကြားကာလပညာရေးဆောင်ရွက်နေတဲ့ ပညာရေးလုပ်သားတွေနဲ့ ကလေးသူငယ်တွေရဲ့ အသက်အန္တရာယ်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ ပြည်သူလူထုကိုရော အမျိုးသားညီညွတ်ရေး အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေကိုပါ တိုက်တွန်းကြောင်း အခြေခံပညာရေးလုပ်သား သမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီကနေ သဘောထားထုတ်ပြန်လာပါတယ်။
ပိုဆိုး၊ ပိုကြမ်းလာတဲ့ စစ်ကောင်စီတပ်တွေလို့ ပေါက်ဒေသခံတွေပြော
အောက်တိုဘာ ၁၇ရက်မှာ ဆရာဦးစောထွန်းမိုးသတ်ဖြတ်ခံရပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ သဖန်းကျောက်၊ ခင်ရှည်စတဲ့ကျေးရွာတွေကို ဝင်ရောက်မီးရှို့မှုတွေ ဆက်ရှိ နေဆဲလို့ ဒေသခံတွေကပြောပါတယ်။
မိုးရေကြီးတာကြောင့် ရေတက်နေတဲ့ ယောချောင်းကိုဖြတ်သန်းပြီး ပေါက်ကျေးရွာခံတွေဟာ ဘေးလွတ်နိုင်မယ့် အဝေးနေရာတွေကို အသီးသီးစွန့်ခွာထွက်ပြေးနေရပြီလို့ ဆိုပါတယ်။
“အခု စစ်ကြောင်းက အရင်ထက်ပိုပြီး အိမ်တွေမီးရှို့တယ်၊ ဒေသခံတွေဆီကနေ လုတယ်။ ဆရာအသတ်ခံရတာမှာလည်း တကယ်ကိုရက်ရက်စက်စက်ဗျ၊ ခေါင်းဖြတ်တယ်ဆိုတာ လူမဆန်တဲ့ လုပ်ရပ်ဗျ။ အတော်ကိုခံစားရတယ်” လို့ ပညာရေးအသိုင်းအဝိုင်း တစ်ခုထဲလုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တဲ့ ဦးထီးလှိုင်က ဘီဘီစီကိုပြောပြပါတယ်။
စီဒီအမ်ဆရာ ဦးစောထွန်းမိုး (ဆရာမိုး) ကို စစ်ကောင်စီဘက်က ဖမ်းဆီးပြီး ခေါင်းဖြတ်ပြီး အပိုင်းပိုင်းခုတ်သတ်ဖြတ်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အထူးဝမ်းနည်းကြောင်း ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။
အခု ဆရာဦးစောထွန်းမိုးရဲ့ဖြစ်စဉ်ဟာလည်း ပြည်သူလူထုအနေနဲ့ ပညာသင်ကြားရေးမပြုလုပ်ရဲအောင် ရက်စက်စွာလုပ်ဆောင်တာဖြစ်ပြီး Rights to Education ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာလို့ အခြေခံပညာရေးအသိုင်းအဝိုင်းက စစ်ကောင်စီကို ပြစ်တင်ရှုတ်ချတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အောက်တိုဘာ ၁၈ရက်ညနေပိုင်းအထိ တစုံတရာ တုံ့ပြန်လာတာမတွေ့ရသေးပါဘူး။
End of သွေးကွက်တွေစွန်းသွားတဲ့ စာသင်ကျောင်း