ရွှေနဲ့ ဒေါ်လာ စျေးတွေ ဆက်တိုက်မြင့်တက်နေပေမဲ့ အရောင်းအဝယ် မရှိဖြစ်နေ-အောက်တိုဘာ ၂၂ ရက် ထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။

အိုးဘိုထောင်အနီးတဝိုက် နေအိမ်တွေကို ကျူးကျော်နေအိမ်တွေဆိုပြီး နှစ်ရက်ဆက်တိုက် ဖယ်ရှားရှင်းလင်း

Mandalay

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တဝိုက်က နေအိမ်တွေကို ကျူးကျော်နေအိမ်လို့ ဆိုကာ စစ်ကောင်စီအဖွဲ့တွေက အောက်တိုဘာ ၂၁ ရက်ကစပြီး နှစ်ရက်ဆက်တိုက် ဖယ်ရှားခဲ့ပါတယ်။နေအိမ်တွေ ဖယ်ရှားရာမှာ အကျဉ်းဦးစီးဌာန၊ မီးရထားဌာနနဲ့ တိုင်းကျူးရှင်းလင်းရေး အဖွဲ့တွေ ပါဝင်သလို စစ်ကောင်စီအဖွဲ့က စစ်ယူနီဖောင်းဝတ် အကုန်နဲ့ အင်အားအများပြားသုံးကာ နေအိမ်တွေ ဖယ်ရှားပစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အိုးဘို အကျဉ်းထောင်အနီး နေအိမ်တိုက်တာကို ဖယ်ရှားဖို့ မနှစ်ကတည်းက ကျူးရှင်းလင်းရေးအဖွဲ့က သတိပေးစာထုတ်ပြန် ပေးဝေးထားတယ်လို့ ဆိုပေမယ့် ဒေသခံတွေကတော့ အဲဒီသတိပေးစာ မရဘူးလို့ ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်က အင်းစိန်ထောင် ထောင်ဝင်စာနေရာမှာ ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပြီး နောက်ပိုင်း အိုးဘို အကျဉ်းထောင်လည်း ထောင်ဝင်စာပါဆယ်ပို့ခွင့်တွေ ရက်အကန့်သတ်မရှိ ရပ်နားလိုက်ပြီး မကြာခင်မှာပဲ အိုးဘို အကျဉ်းထောင်အနီးက နေအိမ်တွေ ကို ရက်မခြားပဲ ပေတိုင်းပြီး ဘူဒိုဇာထိုး ဖယ်လိုက်တာဖြစ်ပါတယ်။

တဆက်တည်း အိုးဘိုအကျဥ်း‌ထောင် အထူးတရားရုံးက နိုင်ငံရေးအမှုတွေကိုလည်း ရက်အကန့်သတ်နဲ့ စစ်ဆေးဖို့ ပြောဆိုထားတာတွေရှိတယ်လို့ တရားရုံးအသိုင်းဝိုင်းက သိရပါတယ်။

“အရင်တုန်းက ၁၂ လပိုင်းကို အပြီးစစ်ခိုင်းတာ။ အမှုတွေအပြီး ဖြတ်ခိုင်းတာ။ အခုရက်ပိုင်းတော့ ဘာမှမကြားသေးဘူး။ အိုးဘိုထောင်မှာလဲ ထောင်ဝင်စာပိတ်ထားပေမယ့် ပိုက်ဆံတော့ ပို့ရတယ်” လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

မန္တလေးမှာ စာအုန်းဆီ စျေး တရှိန်ထိုးတက်လာပြီး အရောင်းပိတ်လိုက်တဲ့အထိ ဖြစ်

Oil shortage

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း

ဒီနေ့ အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းကတည်းကစလို့ စားအုန်းဆီဈေးတွေ တဟုန်ထိုးတက်လာသလို အရောင်းပိတ်တာတွေပါ ရှိခဲ့တယ်လို့ ဆီစက်လုပ်ငန်းရှင်တွေက ပြောပါတယ်။မြန်မာကို ကမ္ဘာ့ဘဏ္ဍာရေးအဖွဲ့ FATF က အမည်မည်းစာရင်း သွင်းလိုက်တဲ့နောက် အောက်တိုဘာ ၂၁ ရက် ညပိုင်းမှာ ဒေါ်လာဈေးအလှုပ်အခတ်ကြောင့် စားအုန်းဆီဈေးတွေ တစ်ပိသာ ၆၂၀၀ ကျပ်ထိ ကျဆင်းနေတာရက်အနည်းငယ်ကြာရှိနေရာကနေ အချိန်တိုအတွင်းမှာ ကျပ် ၈၀၀၀ ထိဈေးတက်ခဲ့ပြီး အောက်တိုဘာ ၂၂ ရက်နေ့မှာ အရောင်းပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

မန္တလေးမှာ စားအုန်းဆီ အရောင်းပိတ်လိုက်တာကြောင့် မြေပဲဆီဈေးတွေလည်း တစ်ပိသာ ကျပ် ၁၂,၀၀ ကျော် မြင့်တက်လာပြီး ဝယ်လိုအားများခဲ့တယ်လို့ ဆိုပါတယ်။

"မတော်တရော်ကြီး။ ဒီနေ့ မြေပဲဆံ တစ်ပိသာကို အခြေခံ ၅၀၀ လောက် တက်သွားတယ်။ ဆီတစ်ပိသာကို ၁၂၀၀ လောက် တက်သွားတယ်။ တစ်ပတ်လောက် ရောင်းရမယ့်ဟာ တမနက်တည်းနဲ့ ရောင်းကုန်တာ။ စားအုန်းဆီသမားတွေ ဒီလိုသာ ပိတ်ထားရင် ပြည်တွင်းဆီတွေ ကြပ်သွားမယ်"လို့ ဆီစက်လုပ်ငန်းရှင် တဦးကပြောပါတယ်။ ပဲနှမ်းကုန်စည်ဒိုင်မှာလည်း အောက်တိုဘာ ၂၂ ရက် မြေပဲလုံးဆံတွေဟာ တစ်ပိသာ ကျပ် ၅၀၀ ကျော် ထိုးတက်သွားလို့ အဝယ်ရှိပြီး ရောင်းသူမရှိဘဲ ဖြစ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ အရင်က မြေပဲလုံးဆံတွေဟာ တရုတ်ပြည်ဘက် အိတ်စပို့စ်ရှိမှ ဈေးမြင့်တက်ခဲ့ပေမဲ့ လက်ရှိမှာ တရုတ်ဝယ်လက်မရှိသလောက် ဖြစ်နေတယ်လို့ သိရပါတယ်။

ပလက်ဝမှာ ကျောင်းအုပ်ဆရာကြီးတစ်ဦးအပါအဝင် နောက်ထပ်သုံးဦးဖမ်းဆီးခံရ

Platwa, Chin State

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီက ဖမ်းထားသူ ၈ ဦးအထိ ရှိလာ

 

ချင်းပြည်နယ် ပလက်ဝမြို့၊ အထက ၁ ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အထွေထွေကျောင်းလုပ်သားတစ်ဦးကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၀ ရက် ည ၉ နာရီခန့်မှာ လာရောက်ဖမ်းဆီး သွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ဦးအောင်သိန်းလှဟာ သူတာဝန်ကျနေတဲ့ကျောင်းအတွင်းရှိနေစဉ် စစ်ကောင်စီတပ်တွေကနေ စစ်ဆေးမေးမြန်းဖို့ခေါ်ယူသွားခဲ့ပြီး သတင်းအစအနမရဖြစ်နေတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

 အဲဒီနေ့ညမှာပဲ နောက်ထပ် ဒေသခံတစ်ဦးဖြစ်တဲ့ သာယာဝကျေးရွာက ဦးမောင်ဖြူဆိုသူကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။

သူတို့နှစ်ဦးကို စစ်ကောင်စီကဖမ်းဆီးသွာခဲ့တယ်ဆိုတာ အတည်ပြုပြောဆိုနိုင်ပေမဲ့ ဘယ်နေရာကိုခေါ်သွားတယ်ဆိုတာကိုတော့ မသိရသေးသလို စုံစမ်းလို့လည်း မရဘူးလို့ နီးစပ်သူတွေကပြောပါတယ်။

ကျောင်းလုပ်သား ဦးအောင်သိန်းလှဟာ သူတာဝန်ကျနေတဲ့ကျောင်းရဲ့ကိစ္စရပ်တွေကိုပဲ ဆောင်ရွက်နေတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းနဲ့မှလည်း ဆက်စပ်နေသူတစ်ဦးမဟုတ်ကြောင်း ပလက်ဝမြို့ခံတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၁၈ ရက်နေ့ညနေပိုင်းကလည်း ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်း စာသင်ကျောင်းမှာ တာဝန်ကျနေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းနိုင်ကိုလည်း အဲဒီတပ်ကနေ ဖမ်းဆီးထားပြီး သတင်းအစအနမရဘဲဖြစ်နေတယ်လို့ သိရပါတယ်။သူ့ကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုကြားသိရတဲ့အတွက် မိသားစုတွေ အဲဒီတပ်ရင်းကိုသွားရောက် စုံစမ်းမှုတွေပြုလုပ်ခဲ့ရာမှာတော့ မေးမြန်းစုံစမ်းစရာရှိလို့ ခေါ်ထားတာဖြစ်တယ်လို့ ပြောဆိုပေမဲ့ တွေ့ဆုံခွင့်တော့မရခဲ့ဘူးလို့ ပြောပါတယ်။

ဆရာကြီးဦးကျော်ဝင်းနိုင်ဟာ ပလက်ဝမြို့နယ် ရိက္ခာကျေးရွာစာသင်ကျောင်းကနေ ခလရ ၂၈၉ တပ်ကျောင်းကို ပြောင်းရွှေ့လာခဲ့တာ ရက်ပိုင်းပဲရှိသေးတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ဖမ်းဆီးခံထားရသူ အနည်းဆုံး ၈ ဦးအထိရှိလာနေပြီဖြစ်ကာ ပညာရေးဝန်ထမ်းသုံးဦးပါဝင်နေသလို ဖမ်းဆီခံလိုက်ရသူတွေအနက် တချို့ကိုတော့ ပလက်ဝခရိုင်တရားရုံးမှာ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်အရေးယူခံနေကြရတယ်လို့ သိရပါတယ်။ 

ရွှေနဲ့ ဒေါ်လာ စျေးတွေ အွန်လိုင်းမှာ အမြင့်စျေးကွက်ဖြစ်ပြီး စျေးမြင့်တက်နေပေမဲ့ ပြင်ပမှာ အရောင်းအဝယ် ရပ်နေ

Gold

ဓာတ်ပုံ ရင်းမြစ်, YGEA

ကမ္ဘာ့ ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ရဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်တဲ့နောက်ပြည်တွင်းမှာ ‌ဒေါ်လာငွေလဲနှုန်းမြင့်တက်တယ်လို့ ပြောဆိုမှုတွေရှိနေသလို စိုးရိမ်စိတ်နဲ့ ဝယ်ယူမှုတွေကြောင့် စျေးမြင့်တက်တာတွေရှိလာတယ်။

ဒီနေ့ အောက်တိုဘာ ၂၂ ရက်မှာ ရွှေဈေးတစ်ကျပ်သားကို ကျပ် သိန်း သုံးဆယ်ဝန်းကျင်၊ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေကျပ် ၃၅၀၀-၃၇၀၀ ဝန်းကျင် ပေါက်ဈေးတွေထိ ပြန်ရောက်လာခဲ့သလို အွန်လိုင်းကနေ စျေးခေါ်ယူကြေညာပြီး ဝယ်ရောင်းပေါက်စျေးတွေကို ကြေညာလာတာတွေ့ရပါတယ်။ဒါပေမဲ့ ပြင်ပ အရောင်းအဝယ်စျေးကွက်မှာတော့ အမှန်တကယ်အရောင်းအဝယ်ဖြစ်တာ မရှိသလောက်ဖြစ်ပြီး ဈေးကွက်ပျောက်နေတယ်လို့ ရွှေကုန်သည်တွေက ဆိုပါတယ်။

US Dollars

ဓာတ်ပုံ ရင်းမြစ်, Reuters

"ရွှေဈေးကတော့ black list ကြောင့် ကမောက်ကမဖြစ်ကုန်တာပါ။ ခဏတော့ ကောက်ရိုးမီးလိုပါပဲ။ ဗုဒ္ဓဟူး လောက်ဆိုရင် ပုံမှန်ပြန်ဖြစ်လာမယ် မှန်းပါတယ်။ တက်တယ်ဆိုလည်း ၂၇ သိန်း လောက်ပဲဖြစ်နိုင်ပါတယ်။ အခုအချိန်က ကြောက်လန့်ပြီး ဈေးတွေ တက်လာလည်း ဝယ်တဲ့သူလည်းမရှိပါဘူး။ ရွှေဆိုင်တွေက အဖွင့်ဈေးလည်း မသိရဘူး။ ဈေးကွက်ပျောက်နေတယ် " လို့ ရန်ကုန်မြို့က ရွှေကုန်သည်တစ်ဦးက ပြောပါတယ်။

FATF က အမည်မည်းစာရင်း မကြေညာမီ အောက်တိုဘာ ၂၁ ရက်ထိက ရွှေတစ်ကျပ်သားကို ၂၅ သိန်းကနေ ၂၆ သိန်းဝန်းကျင်၊ အမေရိကန် တစ်ဒေါ်လာကို ၂၈၀၀ ကျပ်ကနေ ၂၉၀၀ ကျပ် ဝန်းကျင်ရှိခဲ့ရာမှ မနေ့ညက ညတွင်းချင်းဈေးနှုန်းများ မြင့်တက်လာတာ ဖြစ်ပါတယ်။

" ဒီအချိန်မှာ အရောင်းအဝယ်လုပ်မယ်ဆိုရင် အမှားရှိနိုင်တယ်။ ဈေးကွက် ပြန်ငြိမ်လာမယ် ထင်ပါတယ်။ ဒီလို မဖြစ်ခင်ကာလထက် အနည်းအကျဉ်းပဲ ဈေးကွာနိုင်တယ်။ ဒီကာလမှာ ရောင်းမယ်ဝယ်မယ်ဆိုရင် ရှုံးသွားနိုင်တယ်။ မမှန်နိုင်ဘူး။ ဒီအချိန်မှာ ငြိမ်နေတာ ကောင်းမယ် " လို့ ရွှေနဲ့ ဒေါ်လာ အရောင်းအဝယ်လုပ်သူတစ်ဦးကဆိုပါတယ်။

မီးလင်းအခေါက်ရွှေနဲ့ရွှေထည်၊ စိန်ထည်ရောင်းဝယ်တဲ့ ရွှေဆိုင်ကြီးတွေကို ဘီဘီစီက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ရွှေပေါက်ဈေးစုံစမ်းပေမဲ့လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။

ဒီလို စျေးတွေ တက်နေတာဟာ အွန်လိုင်းမှာပဲ စျေးတွေ တက်နေတာဖြစ်ပြီး လက်တွေ့ စျေးကွက်မှာတော့ ဒီလောက် သက်ရောက်မှု မရှိသေးဘူးလို့ စီးပွားရေး အကြံပေးပညာရှင်တစ်ဦးက အခုလို ပြောပါတယ်။

" ညဘက်ကြီးကို ဒေါ်လာက ၃၆၀၀၊ ၃၇၀၀ တွေ အထိ တက်သွားတယ်။ အရောင်းအ၀ယ်လည်း မရှိတဲ့အချိန်ကြီး။ ဒီမနက်တော့ ၃၂၀၀၊ ၃၃၀၀ လောက်နဲ့ ပြန်ဖွင့်ကြတယ်။ မနေ့က တက်သွားတယ် ဒီနေ့တော့ စျေးကျသွားတဲ့သဘောပေါ့။ အမည်မည်းစာရင်းက ဒါပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ ၂၀၁၆ မှာလည်း ရှိခဲ့တယ်။ အဲဒီတုန်းက လူသိပ်မသိခဲ့ဘူး။ အခုကတော့ ဆိုရှယ်မီဒီယာတွေ အားကောင်းတော့ လူပိုသိသွားတာပေါ့။ နောက်ပြီး Panic Buying လုပ်ခြင်းအားဖြင့် ဆုံးရှုံးမှု ပိုများနိုင်တယ်။ " လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရွှေ ၊ ဒေါ် လာ ၊ ကား၊ အိမ်ခြံမြေ စတာတွေ အရောင်းအ၀ယ်တွေ အားလုံးနီးပါးအရောင်းပိတ် ထားတာ ရပ်ဆိုင်းထားတာတွေ ပြုလုပ်ထားကြပြီး ရှေ့လာမယ့် အပတ် စျေးကွက်ပြန်ဖွင့်မယ့်အချိန် ‌စျေးနှုန်းကို စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

ရန်ကုန်၊ မန္တလေး က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီတန်းစီ ဝယ်ယူတာတွေ ရှိနေ

Fuel Shop

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က ဆီဆိုင်တစ်ခုမှာ ယာဥ်မျိုးစုံ တန်းစီ ဝယ်ယူနေတာကို အောက်တိုဘာ ၂၂ ရက် ညနေပိုင်းမှာတွေ့ရစဥ်

နိုင်ငံအတွင်း ရှေ့လအထိ သုံးဖို့ စက်သုံးဆီအလုံအလောက်ရှိတယ်လို့ ဆိုရန်ကုန်၊ မန္တလေး က စက်သုံးဆီ အရောင်းဆိုင်တွေမှာ ကားတွေ တန်းစီ ၀ယ်ယူရတာတွေ ပြန်လည် ဖြစ်ပေါ်နေပြီး ဆိုင်အနည်းအကျဥ်းမှာတော့ ဆီလက်ကျန်မရှိတော့ဘူးဆိုပြီး အရောင်းပိတ်ထားတာတွေ ကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

“ဆီဆိုင်တွေမှာ ကားတွေတန်းစီနေတာ။ အခု ကျွန်တော်ဆို မနက်တည်းက ကမ္ဘာအေးဘက်က Max ဆီဆိုင်မှာ သွားထည့်တာ။ မနက်တည်းက တန်းစီနေတာ အများကြီးပဲ။ ဆေးခန်းပြစရာရှိလို့မစောင့်နိုင်လို့သာ ပြန်လာလိုက်တာ။ လမ်းတစ်လျှောက် ကမ္ဘာအေးဘက်ကနေ မြောက်ဥက္ကလာဘက်ကိုမောင်းလာပြီး အဲဒီမှာ မြောက်ဥက္ကလာအဝိုင်းကွေ့က ဓာတ်ဆီဆိုင်မှာထည့်ဖို့လုပ်တော့လည်း ကားတွေ ဆီထည့်ဖို့ တန်းစီနေတာ ဘေလီအဆင်းတံတားနားထိရောက်တယ်” လို့ ရန်ကုန်မြို့ခံတစ်ဦးက ဘီဘီစီကိုအောက်တိုဘာ ၂၂ ရက် ဒီနေ့ ညနေပိုင်း ၂ နာရီခွဲမှာ ပြောပါတယ်။

ရန်ကုန်မြို့ပြင်ဘက် နဲ့ လှိုင်သာယာ မြို့နယ်ဘက်က ဆိုင်တချို့မှာတော့ ရန်ကုန်မြို့တွင်းက ဆီဆိုင်တွေလို ကားစီးရေများစွာ တန်းစီစောင့်ဆိုင်းနေရတာမရှိဘဲ လာဝယ်တဲ့ကားတွေတိုင်း ဆီတွေရောင်းပေးနေတာရှိပြီး လူထုက ဆီပြတ်လပ်မှာစိုးရိမ်လို့ လာရောက်ဝယ်ယူမှုတွေများပြားနေတာလို့လည်း သိရပါတယ်။ တက္ကစီယာဉ်မောင်းတွေကတော့ မနေ့က ညနေပိုင်းအချိန်အထိ ၉၂ တစ်လီတာကို ငွေကျပ် ၂၀၀၀ အောက် ၀န်းကျင်သာရှိခဲ့ပြီး ၂၄ နာရီအတွင်းမှာပဲ တစ်လီတာကို ငွေကျပ် ၁၀၀ နီးပါးစျေးတက်လာတာလို့ ဆိုကြပါတယ်။

မန္တလေးဘက်က ဆီအခြေအနေတွေကတော့ တန်းစီဝယ်ယူရတာတွေ ပြန်ရှိလာပေမဲ့ ဆီဝယ်လို့တော့ရသေးတယ်လို့ ဒေသခံတစ်ဦး က ပြောပါတယ်။" ပြင်ဦးလွင် အတက် Denko ဆိုင်လည်း ဝယ်ရခဲ့တယ်။ ဈေးမတက်ဘူးတဲ့။ သုံးဘီးမောင်းသူကို မေးတာလည်း BOC မှာ မနက်က တန်းစီရပေမဲ့ ဝယ်လို့ရတယ်တဲ့။ 92 မနေ့က တစ်လီတာ ၁၉၈၀ ကျော်ကနေ ဒီနေ့တော့ ၂၀၄၅ ကျပ်ပေးရတယ်" လို့ ပြောပါတယ်။

နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်မဲစာရင်း (Black list) သတ်မှတ်လိုက်ပြီးတဲ့နောက်မှာ မနေ့အောက်တိုဘာ ၂၁ ရက် ညသန်းခေါင်ယံအချိန်အတွင်း ငွေကြေးရောင်းဝယ် စျေးကစားမှုတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့ပြီး စနေတနင်္ဂနွေပိတ်ရက်အတွင်း ငွေစျေးကွက်မဖွင့်ပေမဲ့ စိုးရိမ်ပူပန်ပြီး လိုက်လံစုဆောင်းဝယ်ယူမှုတွေကြောင့် မြန်မာငွေကျပ်တန်ဖိုး ညတွင်းချင်းကျဆင်းမှုတွေရှိခဲ့ပါတယ်။

ဒါကြောင့် စီးပွားရေးကျွမ်းကျင်သူတွေနဲ့ပညာရှင်တွေကတော့ မလိုအပ်ဘဲ ငွေကြေးဝယ်ယူမှုနဲ့ panic buying (ကြောက်လန့်ဝယ်ယူစုဆောင်းမှု)တွေ မလုပ်ကြဖို့ တိုက်တွန်းရှင်းပြချက်တွေလည်း ရှိလာပါတယ်။

အခုမနက်ပိုင်းကစလို့ ရန်ကုန်မှာဆီဆိုင်တွေမှာကားတွေတန်းစီဝယ်ယူရတာတွေရှိလာတဲ့နောက် စီးပွားကူးသန်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက စက်သုံးဆီ ပြည်တွင်းမှာ အလုံအလောက်ရှိကြောင်း၊ ပုံမှန်ထက်ပိုဝယ်ကြလို့ ဆိုင်တွေမှာ ခေတ္တဆီပြတ်လပ်သွားတာသာဖြစ်ကြောင်း၊ အခု သီလဝါဆိပ်ကမ်းကနေ ဆီကားတွေနဲ့ ဆီဆိုင်တွေကိုလိုက်လံပို့ဆောင်နေကြောင်းနဲ့ နိုင်ငံအတွင်း ရှေ့လအထိ သုံးစွဲဖို့ ဆီအလုံအလောက်ရှိကြောင်း စစ်ကောင်စီရဲ့ သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ တယ်လီဂရမ် ချန်နယ်မှာဖော်ပြထားပါတယ်။

ရန်ကုန်၊ လှိုင်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး ရာအိမ်မှူးနဲ့ဇနီး ဖြစ်သူတို့ ပစ်ခတ်ခံရလို့ သေဆုံး

လှိုင်မြို့နယ်၊ ၂ ရပ်ကွက် သီရိလမ်းထဲမှာရှိတဲ့ နေအိမ်တစ်အိမ်ကို ဒီကနေ့ အောက်တိုဘာလ ၂၂ ရက် မနက်က လူတချို့ ၀င်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။

သေဆုံးသူတွေက အိမ်ရှင် လင်မယားအပါအဝင် ၄င်းတို့ရဲ့ တူတော်စပ်သူ သုံးဦးဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း နေ့လယ်ပိုင်းအချိန်ထိ စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“ အဲဒီလူက ရာအိမ်မှူး၊ သူ့မိန်းမက စာရေးမ။ သေနတ်နဲ့၀င်ပစ်သွားတာ၊ သူ့မိန်းမက ဆက်တီခုံပေါ်၊ သူက အိပ်ရာထဲမှာ သေသွားတယ်။ သေတာကတော့ (သူတို့တူအပါအဝင်) ၃ ယောက်လုံးလား၊ နှစ်‌ယောက်ပဲလား။ ကိုယ်တိုင်သွားမကြည့်ရတော့ မသိရဘူး၊ အခုရော တစ်မနက်လုံးရော အဲဒီလမ်းကို စစ်နေတယ်။ ပတ်၀န်းကျင်ကလူငါးယောက်ကိုလည်း သက်သေအဖြစ်ခေါ်သွားတယ်” လို့ အခင်းဖြစ်ပွားတဲ့ အိမ်နဲ့ အနီးအနားမှာနေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ဘယ်သူတွေက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ရွှေတိဂုံဘုရားတောင်ဘက်မုခ်ကမယ်တော်ရင်ငွေ့လှုံပွဲဆိုတဲ့ဖြစ်စဥ်အပေါ် ဂေါပကအဖွဲ့တာဝန်ရှိသူဘာပြောလဲ

Shwe Dagon Pagoda

ဓာတ်ပုံ ရင်းမြစ်, Social Media

ဘုရားပေါ် အပိုပစ္စည်းယူဆောင်ခွင့် မေန့ကစလို့ ကန့်သတ်တားမြစ်လို့ ဘုရားဖူးတွေအခက်ကြုံ၊ လှည့်ပြန်ရသူတွေလည်းရှိ

ရွှေတိဂုံဘုရားတောင်ဘက်မုခ် ဘုရားပရဝုဏ်အတွင်း ဒီနေ့ အောက်တိုဘာလ ၂၂ ရက်က အမျိုးသမီးရုပ်တုတချို့နဲ့ မယ်တော်ရင်ငွေ့လှုံပွဲဆိုပြီး အခမ်းအနားတစ်ခု ပြုလုပ်နေတဲ့ဓာတ်ပုံတွေလူမှုကွန်ရက်မှာကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တဲ့နောက် လူထုအကြား ဒီဖြစ်စဥ်ကိုပြောဆိုဝေဖန်မှုတွေမြင့်တက်နေပါတယ်။

ဒါနဲ့ပတ်သက်လို့ ရွှေတိဂုံဘုရားဂေါပကအဖွဲ့တာဝန်ရှိသူထံ ဘီဘီစီကမေးမြန်းတဲ့အခါ သူက “ ရင်ပြင်တော်ပေါ်ကို ခွင့်မပြုပါဘူး။ ကားလမ်းဘေး ကားပါကင်မှာပဲ ရင်ငွေ့လာလှုံတာပါ။ နောက်ရက်တွေလည်း မရှိနိုင်ပါဘူး။ ဒီနေ့ တစ်ရက်ပါပဲ၊ အခုလည်း ရင်ငွေ့လှုံပြီး ပြန်သွားပါပြီ” လို့ ပြောပါတယ်။

ဒီရုပ်တုတွေဟာ ပြည်ပကနေ တင်သွင်းလာတဲ့ရုပ်တုတွေဖြစ်ပြီး ရွှေတိဂုံဘုရားပရဝုဏ်အတွင်းခုလို အခမ်းအနားမျိုး မလုပ်သင့်ဘူးလို့ ပြောဆိုဝေဖန်မှုတွေရှိနေတာနဲ့ပတ်သက်လို့ ထပ်မံမေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါ့အပြင် မနေ့အောက်တိုဘာ ၂၁ ရက်ကစလို့ ရွှေတိဂုံဘုရားပေါ်ကို တက်ရောက်ဖူးမျှော်တဲ့အခါ လွယ်အိတ် ၊ ကျောပိုးအိတ်၊ ဘေးလွယ်အိတ်နဲ့ စလင်းဘက်တွေကအစ ဘုရားပေါ်ကို အရင်တုန်းကလို သယ်ဆောင်ခွင့်မပေးတော့ဘဲ စစ်ဆေးရေး တင်းတင်းကျပ်ကျပ် ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေထံက သိရပါတယ်။

မနေ့က အောက်တိုဘာလ ၂၁ ရက်နေ့ က ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်သူ အမျိုးသားတစ်ဦးက ဘေးလွယ်အိတ်ပါလာတာကြောင့်ဆိုပြီး ဘုရားပေါ်ကို ပေးမတက်တဲ့အတွက် လှည့်ပြန်ခဲ့ရတယ်လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

“ မနေ့က အဓိဌာန်ပုတီးစိပ်ဖို့သွားတာကို၊ ဘေးလွယ်အိတ်လေး ပါလာလို့တဲ့ဗျာ။ ဖုန်းလေး ပိုက်ဆံလေးထည့်တဲ့ အိတ်သေးသေးလေးပါ။ အဲဒါကို ဘုရားပေါ် ပေးမတက်လို့ ပြန်ခဲ့ရတယ်။ ကျွန်တော်က အ‌ရှေ့ဘက်မုခ်က တက်တာပါ။ ကျွန်တော်က ဘုရားအပတ်စဉ်သွားနေကျဆိုတော့ ဒီလို လုပ်တာ အခုရက်ပိုင်းမှလို့ ထင်ပါတယ်။ အရင်က မရှိဘူးဗျ။ အခုကျမှ အိတ်ပါရင် ဘုရားပေါ် ပေးမတက်တာ၊ အောက်မှာလည်း အပ်ခဲ့လို့မရတာတွေကြောင့် ဘုရားလာဖူးသူတွေ ဒုက္ခတော်တော်ရောက်ရတယ်။ တချို့လှည့်ပြန်ရသလို တချို့ကျလည်း ပါလာတဲ့အိမ်သားတွေထဲက တစ်‌ယောက်က အိတ်တွေနဲ့ အောက်မှာစောင့်ရတာတွေလည်း တွေ့ခဲ့ရတယ်။ “ လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ဆိုပါတယ်။

ရွှေတိဂုံဘုရားမှာ အခုလို လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားက ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် နောက်ဆက်တွဲ အနေနဲ့ ဘုရားပေါ်တက်လာတဲ့သူတွေကို စစ်ဆေးရေး တင်းကျပ်လာတာဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ရွှေတိဂုံဘုရားက ရုံးပိုင်းဆိုင်ရာ တာ၀န်ရှိသူတစ်ဦးကတော့ မနေ့ကတစ်ရက်တည်းမှာပဲ အစစ်အဆေးစတင် ကြပ်မတ်ခဲ့တာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၂၂ ရက်နေ့ကစ အရင်လို အိတ်တွေ ၊ အထုပ်တွေ ပြန်လည် သယ်ဆောင်နိုင်တယ်လို့ ဘီဘီစီကို ဖြေကြားခဲ့ပါတယ်။

 “ မနေ့ကတစ်ရက်တည်း စပြောင်းလဲ စစ်ဆေးတဲ့ကာလမို့လို့ ပစ္စည်းတွေ ဘုရားပေါ် ပေးမယူတာပါ၊ အခုတော့ ယူလို့ရပါပြီ။ သေချာ စစ်ဆေးပြီး ပစ္စည်းတွေ ဘုရားပေါ် ယူသွားလို့ ရပါတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီကနေ့ အောက်တိုဘာ ၂၂ ရက်  နေ့လယ်ပိုင်းမှာပဲ ဘုရားသွားရောက်ခဲ့သူတစ်ဦးကတော့ ဘုရားပေါ် အတက်မှာ လုံခြုံရေးတွေ အရင်ကထက် ပိုတိုးထားတာတွေ့ရပြီး ဘုရားဖူးတွေရဲ့ ပစ္စည်းတွေကို စစ်ဆေးနေဆဲလို့ ပြောဆိုပါတယ်။

စစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေး မဖိတ်ဖို့ ဆုံးဖြတ်ချက် သက်တမ်းတိုးဖို့ရှိမရှိအာဆီယံဝန်ကြီးတွေ အစည်းအဝေးမှာ ထပ်မံဆွေးနွေးဖွယ်ရှိ

Military, ASEAN

ဓာတ်ပုံ ရင်းမြစ်, AFP

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံနဲ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အရေးပေါ်အစည်းအဝေးကို လာမယ့် ကြာသပတေးနေ့(အောက်တိုဘာ ၂၇ရက်) မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြုလုပ်သွားမယ်လို့ သံတမန်အရင်းအမြစ်တွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းက ရေးပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလအတွင်း ကျင်းပဖို့ရှိတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးမတိုင်ခင် အခုလိုအရေးပေါ်အစည်းအဝေးတစ်ရပ်ကို ခေါ်ယူတာလည်းဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေသဘောတူထားတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်တိုးတက်မှုရှိမရှိ သုံးသပ်မှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးအရာရှိကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေက ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်တဲ့လုပ်ဆောင်ချက်တွေမတွေ့ရသလို ဒီလိုလုပ်ဖို့ဆန္ဒရှိကြောင်းလည်း ပြသတာလည်းမရှိဘူးလို့အဲဒီအရာရှိက ပြောပါတယ်။

မြန်မာမှာ အာဏာသိမ်းပြီးတဲ့နောက် အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်ကိုမဖိတ်ဖို့ ဆုံးဖြတ်ထားတာကိုလည်း အခုအစည်းအဝေးကနေ ဒါကို သက်တမ်းတိုးမတိုးဆုံးဖြတ်ဖွယ်လည်းရှိနေပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်ကနေ ၁၃ ရက်အထိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေး(ASEAN Summit) ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Chum Sunry က အစောပိုင်းကတည်းက ပြောကြားထားပါတယ်။

နိုင်ငံရေးအကျဥ်းသားဟောင်း ဦးဇော်သက်ထွေး ဖမ်းဆီးခံရ

Political Prisoner

ဓာတ်ပုံ ရင်းမြစ်, Social Media

နိုင်ငံရေးအကျဥ်းသားဟောင်း ဦးဇော်သက်ထွေးကို အောက်တိုဘာ ၁၉ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာလာရောက်ခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဦးဇော်သက်ထွေးကိုမေးမြန်းစရာရှိတယ်လို့ဆိုကာ လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး ဘာကြောင့် ဆိုတာကိုတော့ ရေရေရာရာ ပြောဆိုသွားတာမရှိဘူးလို့ သိရပါတယ်။

ဦးဇော်သက်ထွေးဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလတစ်လျှောက် ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံ တစ်လျှောက်မှာ ပါဝင်ခဲ့သူဖြစ်ပြီး အဲဒီတုန်းက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှာလည်း ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာတော့ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို နှောင့်ယှက် ဖျက်ဆီးမှု၊ နယ်စပ်ရောက် ကျောင်းသားများနှင့် တရားမ၀င် ဆက်သွယ်မှုတို့နဲ့ နဝတစစ်ခုံရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်ခြင်းခံခဲ့ရပါတယ်။

အဲဒီနောက် ၂၀၀၃ ခုနှစ်ဇူလိုင်မှာ ထပ်မံဖမ်းဆီးခံရပြီး အဲဒီနောက် သေဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။၂၀၁၂ ခုနှစ်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သရက်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီး စာပေရေးသားခြင်း၊ ဇာတ်ညွှန်းရေးသားခြင်းနဲ့ သတင်းဂျာနယ်လုပ်ငန်းနဲ့မီဒီယာလုပ်ငန်းတို့ကိုတောက်လျှောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

ပြည်တွင်းစက်သုံးဆီစျေးမြင့်တက်လာဖို့မရှိဘူးလို့ ဆီလုပ်ငန်းရှင်တွေပြော

စက်သုံးဆီဆိုင်တစ်ခုမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ကမ္ဘာ့ ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ရဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်တယ်ဆိုပေမဲ့ ပြည်တွင်းစက်သုံးဆီစျေးတွေမြင့်တက်ဖို့မရှိဘူးလို့ ဆီလုပ်ငန်းလုပ်ကိုင်သူတွေက ဘီဘီစီကိုပြောလာပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၂ရက် စျေးကွက်အဖွင့်စျေးမှာ 92 တစ်လီတာကိုကျပ်၁၉၈၅ ကျပ်‌‌ရန်ကုန်စျေးဖွင့်ပြီး မနေ့ကထက် တစ်လီတာကို ကျပ်၁၀ စျေးကျပါတယ်။

95တစ်လီတာကို ကျပ်၂၀၇၅ နဲ့ ရန်ကုန်စျေးစဖွင့်ထားပြီး မနေ့က ပေါက်စျေးထက် တစ်လီတာကို ၅ ကျပ်တက်တဲ့ အခြေအနေပါ။ ဒါပေမဲ့ ဆိုရှယ်မီဒီယာနဲ့ စျေးကစားသူတွေပြောနေကြသလို စျေးတွေရုတ်တရက်မြင့်တက်ဖို့ဆိုတာ မဟုတ်သလို စက်သုံးဆီဝယ်ဖို့ ဒေါ်လာအလုံအလောက်ခွဲတမ်းရထားသလို ကြိုတင်သွင်းထားတဲ့ဆီတွေဖြစ်လို့ စျေးကွက်မှာပြတ်လပ်တာဖြစ်မှာမဟုတ်ဘူးလို့ လုပ်ငန်းရှင်အများစုကပြောကြပါတယ်။ '' ဆီကတော့ အစိုးရ Rate နဲ့ရထားတော့ စက်သုံးဆီကတော့ပြောနေရေးနေကြသလို ဝုန်းဒိုင်းဆိုပြီးတက်ဖို့မရှိပါဘူး။ ဒေါ်လာစျေးဆိုတာလည်း ဒီနေ့စျေးကွက်ပိတ်ရက်လေ။ ဘာမှပြောလို့မရဘူး။ လျှောက်ပြောနေတာတွေကိုသတိထားဖို့လိုတယ်။ နောက်ပြီးတော့ သတင်းတစ်ခုထွက်ရင် သက်ရောက်မှုကတော့ ရှိကြတာပေါ့။ ဒါပေမဲ့ ပုံမှန် Normal Trade တွေကို ဆိုးဆိုးရွားရွားမသက်ရောက်နိုင်ပါဘူး။ ပြီးတော့သူတို့ကြေညာတဲ့အထဲပါတယ်လေ။ လူသားချင်းစာနာမှုဆိုင်ရာ‌ငွေကြေးလွှဲပြောင်းတာတွေအတွက်က မပါဘူးလို့။ အဲဒါ က စက်သုံးဆီ စားအုံးဆီနဲ့အခြားအခြေခံသွင်းကုန်တွေ ပုံမှန်ကုန်သွယ်ရေးတွေကိုရည်ညွှန်းတာပါ။ ဒေါ်လာစျေးကစားသူတွေကိုအလွယ်တကူမယုံကြဖို့လိုတယ်'' လို့ ဆီကုန်သည်တစ်ဦးက ရှင်းပြပါတယ်။ ကမ္ဘာ့ ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ရဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ကြေညာပေမဲ့ လိုက်နာရမယ့်အချက်တွေရှိသလို ချက်ချင်းအရေးယူတာမျိုးမဟုတ်လို့ စိုးရိမ်စိတ်လွန်ကဲပြီး ပစ္စည်းတွေကိုအလွန်အကျွံ လိုက်ဝယ်တာတွေမလုပ်သင့်ဘူးလို့ လုပ်ငန်းရှင်အများစုက အကြံပြုနေကြပါတယ်။ '' ၂၀၁၆ တည်းကဖြစ်ဖူးတယ်။ အခုမှမဟုတ်ဘူး။ အမည်ပျက်စာရင်းနဲ့ ၄ နှစ်လောက်နေဖူးတယ်။ ဆိုတော့ အဲဒီအတွေ့အကြုံနဲ့ လည်း ကျော်လွှားခဲ့ဖူးကြတယ်။ ငွေကြေး လွှဲပြောင်းမှု အခက်အခဲကတော့ အခုလည်းရှိတယ်။ နဂိုကတည်းကလည်းရှိတယ်ပြောရမယ်။ အရမ်းစိုးရိမ်ပြီး Panic Buying မလုပ်ကြဖို့ပြောချင်ပါတယ်'' လို့ ပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကပြောပါတယ်။

FATF ရဲ့ အမည်ပျက်စာရင်းထဲကို မြန်မာနိုင်ငံရောက်ရှိသွားမယ်ဆိုရင် နိုင်ငံတကာနဲ့ ဆက်သွယ်လုပ်ဆောင် နေတဲ့ငွေရေးကြေးရေးစီးဆင်းမှုတွေအပါအဝင် ကုန်သွယ်ရေးလုပ်ငန်းတွေ နိုင်ငံတကာမှာ ဖွင့်လှစ်ရှိပြီးသား မြန်မာနိုင်ငံသားဘဏ်အကောင့်တွေက ငွေစီးဆင်းမှုတွေမှာ အရင်ထက်များပြားတဲ့ အဆင့်တွေကို ဖြတ်ကျော် လုပ်ကိုင်ရမယ့် အခက်အခဲတွေ ရှိလာနိုင်မယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေဘက်က ထောက်ပြထားကြပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက သတိပေးခံထားရတဲ့ မြန်မာနိုင်ငံဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ဗဟိုဘဏ်အနေနဲ့ FATF ရဲ့ စောင့်ကြည့်နိုင်ငံစာရင်းကနေ လွတ်မြောက်စေရေး နဲ့အမည်ပျက်စာရင်းမှာမပါဖို့လိုက်နာဆောင်ရွက်ရမယ့် Action Plan ပါ အချက်တွေထဲက ဘဏ်တွေရဲ့ ဆုံးရှုံးနိုင်ခြေမြင့်မားတဲ့ အပိုင်းတွေ အပါအဝင် Onsite နဲ့ Offsite စစ်ဆေးတာတွေကိုလုပ်ခဲ့ပေမဲ့ အောင်မြင်မှုမရှိခဲ့တာ ဖြစ်ပါတယ်။

ယင်းမာပင် ရွှေလှံရွာမှာ ဒေသကာကွယ်ရေးအဖွဲ့ကို ဝင်ရောက်စီးနင်းလို့ PDF ကိုးဦးအပါအဝင် ရွာသားတစ်ဦး စုစုပေါင်း ၁၀ ဦး သေဆုံး

Yin Mar Bin, Sagaing

ဓာတ်ပုံ ရင်းမြစ်, ယင်းမာပင်သတင်းမှန်ပြန်ကြားရေး

PDF ၂ ဦး ပျောက်ဆုံးနေ

ယင်းမာပင် ရွှေလှံရွာမှာ ယာယီတည်းခိုနေတဲ့ မုံရွာခရိုင် တပ်ရင်း ၁၃ အောင်ဆန်းမျိုးဆက် ဒေသကာကွယ်ရေးတပ်ကို အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေ အရပ်ဝတ်တွေနဲ့ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့စဥ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ အောင်ဆန်းမျိုးဆက်ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်လာပါတယ်။

ရွှေလှံရွာထဲ ခေတ္တတည်းခိုနေတဲ့ အောင်ဆန်းမျိုးဆက်တပ်က PDF ၈ ဦးနဲ့ ပခုက္ကူခရိုင်တပ်ရင်း ၂ ကရဲဘော် ၁ ဦး စုစုပေါင်း ရဲဘော် ၉ ဦး ကျဆုံးပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ရွှေလှံရွာအတွင်းက အိမ် ၈ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသကာကွယ်ရေးတပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးရာမှာ PDF ၉ ဦးရဲ့ရုပ်အလောင်းနဲ့အတူ အခြားရွာသားတစ်ဦးရဲ့အလောင်းကိုလည်းမီးရှို့သွားတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

ရဲဘော်တချို့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ လက်နက်ခဲယမ်းအပါအဝင် ငွေသားနဲ့ ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၆၀၀ ကျော်ခန့်ရှိတယ်လို့လည်း ဆိုပါတယ်။

ယင်းမာပင်က ဒေသကာကွယ်ရေးတပ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်သံမဏိကလည်း ရွှေလှံရွာထဲမှာ ဆိုင်ကယ်တွေနဲ့အတူ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိတယ်လို့ ရေးသားထားပါတယ်။ရွှေလှံရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာမှာ တပ်စွဲခဲ့တာဖြစ်ပြီး အဲဒီဘက်တစ်ကြောက ကျေးရွာတွေကို စစ်ကောင်စီတပ်အင်အား ၂၀၀ ခန့် ရဟတ်ယာဥ်တွေနဲ့ အောက်တိုဘာ ၁၈ ရက်ခန့်က စလို့ တပ်အင်အား လာရောက်ချထားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဝင်ရောက်လာလို့ ယင်းမာပင်နဲ့ပုလဲမြို့နယ်တစ်လျှောက် ရင်ပေါင်တိုင်၊ ပျားအို၊ ပုထိုးသာ စတဲ့ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦး တို့ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလိုရွှေလှံရွာမှာ ဒေသကာကွယ်ရေးတပ်တွေ စီးနင်းသတ်ဖြတ်ခံရမှုနဲ့ ရင်ပေါင်တိုင်ရွာအနီးတဝိုက်လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မြန်မာ့အရေး အာဆီယံဝန်ကြီးတွေ အရေးပေါ်အစည်းအဝေး ခေါ်ယူဆွေးနွေးမယ်

ASEAN Foreign ministers

ဓာတ်ပုံ ရင်းမြစ်, ASEAN

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံနဲ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အရေးပေါ်အစည်းအဝေးကို လာမယ့် ကြာသပတေးနေ့(အောက်တိုဘာ ၂၇ရက်) မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြုလုပ်သွားမယ်လို့ သံတမန်အရင်းအမြစ်တွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းက ရေးပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလအတွင်း ကျင်းပဖို့ရှိတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးမတိုင်ခင် အခုလိုအရေးပေါ်အစည်းအဝေးတစ်ရပ်ကို ခေါ်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ကြာသပတေးနေ့မှာ ဂျာကာတာမှာရှိတဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာ အစည်းအဝေးတစ်ခု စီစဥ်ထားတာရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးကိုကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းမှုကနေစတင်ပြီး မငြိမ်မသက်တွေ ဖြစ်ပေါ်ခဲ့ပြီး စစ်အာဏာသိမ်းဆန့်ကျင်သူတွေကို စစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းဖြိုခွင်းမှုကြောင့် သေဆုံးသူ ၂,၃၀၀ ကျော်ရှိခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုကို ကိုးကားပြီး အေအက်ဖ်ပီက ရေးပါတယ်။

အာဆီယံက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုများကို ဦးဆောင်နေခဲ့ပေမဲ့ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကွပ်မျက်ခဲ့မှုနဲ့ စာသင်ကျောင်းကို လေကြောင်းကနေ ပစ်ခတ်မှု အပါအဝင် လူ့အခွင့်အရေးဖောက်ဖျက်မှု ရက်စက်ကြမ်းကြုတ်မှုတွေ တိုးမြင့်လာတဲ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့အရေးဖြေရှင်းဖို့အာဆီယံဘုံသဘောထားငါးချက်ကို မြန်မာစစ်ကောင်စီက လိုက်နာအကောင်အထည်ဖော်မှုအားနည်းနေတဲ့အပေါ်ကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ထုတ်ဖော်ကန့်ကွက်ပြောကြားထားတွေ ရှိထားပါတယ်။

စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကနေ ဖယ်ထုတ်ထားပြီး အာဆီယံအသင်းက ပြီးခဲ့တဲ့နှစ်ကတည်းက ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံရေးအရ ကိုယ်စားပြုသူမဟုတ်သူတစ်ဦးကိုသာ တက်ရောက်ဖို့ဖိတ်ကြားခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ အာဆီယံအစည်းအဝေးတွေကို နိုင်ငံရေးအရကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်ကို စေလွှတ်ဖို့ ငြင်းဆန်ထားပါတယ်။