ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်တော် မင်းပြားမှာ မြို့ပေါ် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး မြောက်ဦးက လုပ်ငန်းရှင်အချို့အဖမ်းခံရ
ရခိုင်ပြည်နယ်က ကျောက်တော် မင်းပြားစတဲ့မြို့တွေမှာ ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်း ၁ နာရီခန့်က စစ်ကောင်စီတပ်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ မြို့အတွင်းကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့ နဲ့ ကျောက်ဖြူမြို့တို့မှာ ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မင်းပြားမြို့နဲ့ ကျောက်တော်မြို့ပေါ်နေရာတွေကို စက်တင်ဘာလ ၂၅ ရက်မနက်ပိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် လူနေအိမ်နဲ့ ဈေးဆိုင်တချို့ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားမှာ ပစ်ခတ်ခံရတဲ့ အိမ်က မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ အလယ်ပိုင်းကမ်းနားလမ်းက နေအိမ်တစ်လုံးဖြစ်ပါတယ်။ လက်နက်ကြီးကျည်နဲ့ အနီးကပ်ပစ်ခတ်ခံလိုက်ရတာကြောင့် ပျက်စီးသွားခဲ့ပြီး လူတွေ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
မင်းပြားပစ်ခတ်မှုဟာ စက်တင်ဘာ ၂၅ ရက် ည ၁ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့ထဲကိုဝင်ရောက်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့က လမ်းမပေါ်ကနေ ပစ်ခတ်ခဲ့ကြရာမှာ အနီးရှိ နေအိမ်ကိုလက်နက်ကြီးကျည် ကျရောက်ထိမှန်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
မင်းပြားအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ညအချိန် မြို့တွင်းကိုဝင်ရောက်ပြီး ကင်းလှည့်သွားလာတာတွေရှိနေပြီး အဲ့ဒီအဖွဲ့တွေက ပစ်ခတ်ခဲ့ကြတာဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
ဒါ့အပြင် ကျောက်တော်မြို့ပေါ်မှာလည်း စက်တင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည်တစ်လုံး မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဈေးဆိုင်တန်းတချို့ ထိခိုက်ပျက်စီးမှုတွေကို ဒီကနေ့မနက်ပိုင်းမှာ တွေ့မြင်ရတယ်လို့ မြို့ခံတစ်ဦးက ပြောဆိုကြပါတယ်။
အဲ့ဒီလက်နက်ကြီးကျည်ဟာ မြို့တွင်းကနေ ပစ်ခတ်ခဲ့တာမဟုတ်ဘဲ ကျောက်တော်အခြေစိုက် စကခ ၉ တပ်ကနေ နေရာအနှံ့ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တဲ့အခါမှာ မြို့တွင်းကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး သီးခြားသတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
“အပစ်ခံရတာကတော့ မနေ့က တစ်ရက်တည်း နှစ်ခါအပစ်ခံရတာပေါ့။ မနက်ပိုင်း ၁ နာရီကျော်မှာတစ်ကြိမ် မြို့တွင်းကနေ အနီးကပ်အပစ်ခံရတယ်။ တည်းခိုခန်းနဲ့ နေအိမ်တွေ ပျက်စီးတယ်။ ပြီးတော့ ညနေပိုင်း ၈ နာရီနဲ့ ၉ နာရီကြားမှာ တစ်ကြိမ်အပစ်ခံရတယ်။ ဈေးဆိုင်တန်းတွေပျက်စီးသွားတယ်။”လို့ ကျောက်တော်မြို့ခံတစ်ဦးက ပြောပါတယ်။
မြို့တွင်းနေရာတွေမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတဲ့အတွက် ကမ်းနားလမ်းမှာရှိတဲ့ သိန်းဆန်းတည်းခိုခန်းနဲ့ လူနေအိမ်သုံးလုံးထိခိုက်ခဲ့သလို တည်းခိုခန်းအတွင်းမှာ အိပ်နေတဲ့ ဧည့်သည်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်တော် မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေ လူတွေနေထိုင်တဲ့ ကျေးရွာတွေ၊ မြို့ပေါ်နေရာတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်လာတာကို အခုလအတွင်း သိသိသာသာ မြင်တွေ့လာနေရတယ်လို့ ကျောက်တော်မြို့ခံတစ်ဦးက ပြောပါတယ်။
အခုလို ပစ်ခတ်မှုမျိုးတွေဟာ ရခိုင်မြောက်ပိုင်းက မြို့တွေမှာ ခပ်စိပ်စိပ်ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီက မြို့တွင်းမှာနေရာယူထားကာ အသွားအလာတွေကို စစ်ဆေးမှုပြုလုပ်တာတွေ၊ မသင်္ကာတဲ့သူတွေကို ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတာကြောင့် မြို့ခံတွေအတွက် စိုးရိမ်မကင်းဖြစ်နေကြသလို ဘယ်မှလည်း မသွားရဲမလာရဲတဲ့အခြေအနေကို ရောက်နေကြပြီလို့ ကျောက်တော်မြို့ခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင် ညီအစ်ကိုနှစ်ဦးကို ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုတွေက အတည်ပြုပြောဆိုကြပါတယ်။
ဖမ်းဆီးခံလိုက်ရသူတွေဟာ အသက် ၄၀ ကျော်အရွယ်တွေဖြစ်ကြပြီး အစ်ကိုဖြစ်သူ ဦးကျော်သန်းနိုင်နဲ့ ညီဖြစ်သူ ဦးသန်းထွန်းတို့ဖြစ်ကြပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ ကန်လှရပ်ကွက်က စက်မျိုးစုံနဲ့ စက်အပိုပစ္စည်းအရောင်းဆိုင် ဖွင့်လှစ်ထားတဲ့ နေအိမ်ကို စစ်ကောင်စီနဲ့ ရဲ ပူးပေါင်းအဖွဲ့က ရောက်ရှိလာခဲ့ပြီး ညီအစ်ကိုနှစ်ယောက်စလုံးကို တစ်ပြိုင်တည်းဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေက ပြောဆိုကြပါတယ်။
သူတို့နှစ်ဦးကို လာရောက်ဖမ်းဆီးခဲ့ကြသူတွေဟာ အရပ်ဝတ်တွေဝတ်ထားကြပြီး ဘယ်အဖွဲ့ကလဲ ဆိုတာ မသိရပေမယ့် စစ်တပ်နဲ့ ရဲ တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့ ဦးကျော်သန်းနိုင်ရဲ့ဇနီးဖြစ်သူ ဒေါ်အေးမျိုးနွယ်က ပြောပါတယ်။
လက်ရှိမှာတော့ သူတို့ညီအစ်ကိုနှစ်ဦးကို ဘယ်နေရာကိုခေါ်သွားလဲဆိုတာ မသိရသေးလို မိသားစုတွေလည်း စုံစမ်းလို့ မရနိုင်တာကြောင့် စိုးရိမ်မိတယ်လို့ ပြောပါတယ်။
မနက်ပိုင်း ၁၀ နာရီကျော်အချိန်မှာ အစ်ကိုဖြစ်သူ ဦးကျော်သန်းနိုင်က ဈေးဆိုင်ကနေ တောင်ရပ်ရပ်ကွက်ဘက်ကိုအထွက် ဆိုင်အနီး တံတားမှာရောက်ရှိနေတဲ့အဖွဲ့က ဖမ်းဆီးလိုက်ပြီး ညီဖြစ်သူ ဦးသန်းထွန်းကိုတော့ ဈေးဆိုင်ထဲ ဝင်ခေါ်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့မှာ ဈေးဆိုင်ရောင်းချနေကြသူတွေသာဖြစ်ပြီး တခြားဥပဒေနဲ့မကင်းလွတ်တဲ့အလုပ်တွေကို ဘာတစ်ခုမှ ဆက်စပ်လုပ်ကိုင်နေတာ၊ ပါဝင်ပတ်သက်နေတာမရှိဘူးလို့ ဦးကျော်သန်းနိုင်ရဲ့ဇနီးသည်က ပြောပါတယ်။
ဦးသန်းထွန်းကတော့ နန်းရိပ်ဂရုဏာအောက်စီဂျင်အခမဲ့ အသင်းရဲ့ ဘဏ္ဍာရေးမှူးတစ်ဦးဖြစ်ပြီး မြို့မှာလိုအပ်တဲ့အကူအညီတွေ၊ ပရဟိတလုပ်ငန်းတွေအတွက် ဝင်ရောက်လုပ်ကိုင်ပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ အေအေတို့အကြား တစ်ကျော့ပြန်တိုက်ပွဲတွေပြင်းထန်လာချိန် အခုစက်တင်ဘာလအတွင်း မြောက်ဦးမြို့မှာ အခုလို အရပ်သားတွေဖမ်းဆီးခံနေကြရ သလို ကျောက်ဖြူမြို့မှာလည်း တက်နေလင်း ကားဂိတ်ရဲ့ ဂိတ်မှူးဖြစ်သူ ဦးခင်အေးမောင်ကိုလည်း စက်တင်ဘာ ၂၅ ရက် ဒီကနေ့ နေ့လယ်အပိုင်းက အရပ်ဝတ်နဲ့လူတစ်စု အိမ်စီးကားနဲ့ရောက်ရှိလာခဲ့ပြီး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
သူအလုပ်လုပ်နေတဲ့ ကားဂိတ်ကနေ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ဖမ်းဆီးသွားတယ်ဆိုတာ အတည်ပြုမပြောနိုင်သေးဘူးလို့ မြင်တွေ့လိုက်ရတဲ့ အနီးရှိနောက်ထပ် ကားဂိတ်တစ်ခုက ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ဈေးဆိုင်မျိုးစုံနဲ့ ညဖွင့်လှစ်လျက်ရှိတဲ့ KTV အပါအဝင် ဆိုင်အားလုံးကို စက်တင်ဘာလ ၂၄ ရက် မနေ့ကစလို့ ည ၁၀ နာရီမှာ နောက်ဆုံးထားပိတ်သိမ်းကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အခုတစ်ကျော့ပြန်စစ်ပွဲတွေပြန်လည်ဖြစ်ပွားလာချိန် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုတို့မှာ မငြိမ်မသက်မှုတွေရှိလာနေပြီး ညအချိန် မြို့တွင်းဝင်ရောက်ပစ်ခတ်တာတွေ၊ လူတွေကိုဖမ်းဆီးတာတွေအပြင် စစ်ကောင်စီရဲ့စစ်ရေး လှုပ်ရှားမှုတွေရှိနေတာကြောင့် ဒေသခံတွေအကြားစိုးရိမ်မှုတွေ ရှိနေကြပါတယ်။